အိန္ဒိယတွင် ကိုဗစ်လူနာများ၏ သွေးနမူနာကို မျောက်အုပ်စုက တိုက်ခိုက် ယူဆောင်သွား

အိန္ဒိယတွင် ကိုဗစ်လူနာများ၏ သွေးနမူနာကို မျောက်အုပ်စုက တိုက်ခိုက် ယူဆောင်သွား

အိန္ဒိယနိုင်ငံတွင် ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူ တစ်ဦးကို မျောက်များက တိုက်ခိုက်ပြီး ကိုဗစ်-၁၉ ရောဂါရှိသူများ၏ သွေးနမူနာများကို ယူဆောင်သွားကြောင်း အာဏာပိုင်များက မေ ၂၉ ရက်တွင် ပြောကြားသည်။

ယင်းသို့ သွေးနမူနာများကို တိုက်ခိုက် ယူဆောင်သွားခြင်းသည် ဥတာပရာဒက်ပြည်နယ် မြို့တော် လတ်ခ်နောင်းမြို့၏ မြောက်ဘက် ကီလိုမီတာ ၄၆၀ အကွာ မီးရတ်ရှိ အစိုးရပိုင် ဆေးဘက်ဆိုင်ရာ ကောလိပ်တစ်ခု အတွင်း၌ ဓါတ်ခွဲခန်း တာဝန်ရှိသူတစ်ဦး လမ်းလျှောက်နေစဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မျောက်များသည် ကုသမှုများ ပြုနေဆဲဖြစ်သည့် ကိုဗစ်-၁၉ ရောဂါသည် (၄) ဦး၏ သွေးနမူနာများကို ယူဆောင် ထွက်ပြေးခဲ့ကြောင်း ၊ လက်ရှိတွင် လူနာများ၏ သွေးနမူနာများကို ထပ်မံ ရယူနေသည်ဟု အဆိုပါ ဆေးဘက်ဆိုင်ရာ ကောလိပ်မှ ထိပ်တန်း တာဝန်ရှိသူ ဒေါက်တာ အက်စ်ကေဂါ့က ပြောသည်။

မျောက်များသည် သွေးနမူနာများကို သွန်ပစ်ခြင်း ရှိ၊ မရှိ ရှင်းလင်းစွာ မသိရကြောင်း အာဏာပိုင်များက ပြောဆိုသည်။ သို့သော် မျောက်များသည် အဆိုပါ သွေးနမူနာများကို လူနေရပ်ကွက်များ အတွင်း ယူဆောင် လာပါက နောက်ထပ် ဗိုင်းရပ်စ် ကူးစက်မှုများ ဖြစ်ပွားမည်ကို အဆိုပါ ကောလိပ်အနီး နေထိုင်သူများက စိုးရိမ်နေကြသည်။

အဆိုပါ မျောက်များသည် ကိုဗစ်-၁၉ ရောဂါ ရှိနေသည့် သွေးများနှင့် ထိတွေ့မိပါက ဗိုင်းရပ်စ်ကူး စက်နိုင်ခြင်း ရှိ၊ မရှိကို ရှင်းလင်းစွာ မသိရသေးကြောင်း ၊ မျောက်များတွင် ရောဂါ ကူးစက်နိုင်သည့် သက်သေ အထောက်အထား မရှိသေးကြောင်း ဒေါက်တာ အက်စ်ကေဂါ့က ရိုက်တာ သတင်းဌာနကို ပြောသည်။

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားစေသည့် ကိုရိုနာဗိုင်းရပ်စ်သည် တရုတ်နိုင်ငံ့ ဝူဟန်မြို့ရှိ တောရိုင်းတိရိစ္ဆာန် ရောင်းချသည့် ဈေးတစ်ခုတွင် စတင်ခဲ့ပြီး တိရိစ္ဆာန်မှ တစ်ဆင့် လူသို့ ကူးစက်ခဲ့ဖွယ် ရှိသည်ဟု ယူဆထားကြသည်။

အိန္ဒိယနိုင်ငံတွင် မျောက်များသည် လူနေ ဒေသများသို့ ပြောင်းရွှေ့ နေထိုင်မှုများ တိုးပွားလာနေပြီး လူများကို တိုက်ခိုက်ခြင်း ကဲ့သို့သော ဖြစ်စဉ်များ ရှိနေကာ ယင်းသို့ ဖြစ်ပွားရခြင်းမှာ သဘာဝအလျောက် နေထိုင် ကျက်စားရာ နေရာများ ပျက်စီးခြင်းသည် အဓိက အကြောင်းရင်း ဖြစ်ကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားများက ထောက်ပြ ပြောဆိုသည်။