ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ရှိ သဇင်မြိုင်ရဲကင်းစခန်းအား AA အကြမ်းဖက်သောင်းကျန်းသူများက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ရှိ သဇင်မြိုင်ရဲကင်းစခန်းအား AA အကြမ်းဖက်သောင်းကျန်းသူများက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်

နေပြည်တော်၊ မေ – ၂၉ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ သဇင်မြိုင်ရဲကင်းစခန်းအား AA အကြမ်းဖက်သောင်းကျန်းသူများက ယနေ့ နံနက် (၂) နာရီခန့်တွင် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် (၁၀) ဦး၊ မိသားစုဝင် (၃) ဉီး (ကလေး ၁ ဦးအပါ) တို့ ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရသေ့တောင်မြို့နယ်၊ သဇင်မြိုင်ရဲကင်းစခန်းရှိ ပင်မစခန်းနေရာအား AA အကြမ်းဖက်သောင်းကျန်းသူ (၁၀၀) ဦးခန့်က စခန်း၏ အနောက်မြောက်ဘက်မှနေ၍ ယနေ့ နံနက် (၂) နာရီ (၁၀) မိနစ်ခန့်တွင် လက်နက်ကြီး၊ လက်နက်ငယ်များ အသုံးပြုကာ အင်အားအလုံးအရင်းဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များမှ ပြန်လည်ခုခံတိုက်ခိုက်ခဲ့ကြောင်း၊

နံနက် (၅) နာရီခန့်တွင် အင်အားချင်းမမျှသဖြင့် ပင်ပစခန်းမှ ရဲတပ်ဖွဲ့ဝင်အချို့မှာ ကာကင်းကုန်းစခန်းသို့ သွားရောက်ပူးပေါင်းခဲ့ပြီး ရဲတပ်ဖွဲ့ဝင်အချို့ ပျောက်ဆုံးလျက်ရှိကြောင်း၊ အဆိုပါ ရဲကင်းစခန်းနေရာသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တပ်မတော်စစ်ကြောင်းများက စစ်ကူပေးနိုင်ရေး သွားရောက် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် နိုင်ငံတော်၏ တရားဉပဒေစိုးမိုးရေး၊ မြို့နယ်ကျေးရွာများ လုံခြုံရေးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နေသော ရဲကင်းစခန်းများအား တိုက်ခိုက်မှုအနေဖြင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ (၄) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်ရှိ ကထီးလှ၊

ငမြင်းဘော်၊ ဂုပ္ပိနှင့် ကျောက်တောင်ရဲကင်းစခန်း (၄) ခုအားလည်းကောင်း၊ မတ်လ (၉) ရက်တွင် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ယိုးတရုတ်ရဲကင်းစခန်းအားလည်းကောင်း၊ ဧပြီလ (၁၀) ရက်တွင် မြောက်ဉီးမြို့ရှိ ရဲတပ်ရင်းဌာနချုပ်အား လည်းကောင်း၊ ဇူလိုင်လ (၁၆) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်ရှိ ညောင်ချောင်းနယ်မြေရဲကင်းစခန်းအား လည်းကောင်း

အသီးသီး တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် (၂၅) ဉီး ကျဆုံးပြီး (၁၆) ဉီး ဒဏ်ရာရရှိခဲ့ကာ ရဲတပ်ဖွဲ့ဝင်အချို့နှင့် မိသားစုဝင်အချို့ (ကလေးများ အပါအဝင်) ဖမ်းဆီးခြင်းခံခဲ့ရသည်။ AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် စစ်ဖက်ပစ်မှတ် မဟုတ်သော နိုင်ငံတော်၏ တရားဉပဒေစိုးမိုးရေး (Law Enforcement)

အဖွဲ့ဖြစ်သည့် ရဲစခန်းများနှင့် ရဲတပ်ဖွဲ့ဝင်များအား ပစ်မှတ်ထား၍ အစဉ်တစိုက် တိုက်ခိုက်ခဲ့ခြင်းသည် စစ်ရာဇဝတ်မှုအား ကျူးလွန်ခြင်းဖြစ်သည်။ နိုင်ငံတော်၏ တရားဉပဒေစိုးမိုးရေး၊ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးတို့ကို နှောင့်ယှက်ဖျက်ဆီး၍ အကြမ်းဖက်မှုများ အမြဲမပြတ်

ကျူးလွန်လျက်ရှိသော AA အကြမ်းဖက်သောင်းကျန်းသူများအား ထိရောက်သည့် တန်ပြန်အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ဆင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ NSO သတင်းရင်းမြစ်။ ကကပြည်/ KyiWin