ပတ်ဝန်းကျင်၏ အထင်သေးခြင်း မျက်ဝန်းများအောက်မှပြည့်တန်ဆာတစ်ဦး နောက်ကွယ်မှဘဝအပိုင်းအစတစ်ခု

ပြည့်တန်ဆာတစ်ဦး နောက်ကွယ်မှ ဘဝအပိုင်းအစတစ်ခု

အဲ့အမျိုးသမီး အသက်က ၃၀ လောက်ရှိမယ်.. နာမည်အရင်းတော့ မသိဘူး.. ကြည်ပြာလို့ပဲ သိတယ်.. နာဂစ်နဲ့အတူ ရန်ကုန်ရောက်လာတဲ့ ဧရာဝတီတိုင်းသူ.. မုန်တိုင်းထဲကို အိမ်ရော လယ်ရော ဖခင်ရော ပါသွားတဲ့အခါမှာ ကျန်ခဲ့တဲ့ အမေနဲ့ မောင်တစ်ယောက် ညီမနှစ်ယောက်ရှိတဲ့ အိမ်ကိုပြန်လည်ထူထောင်နိုင်ဖို့ မျှော်လင့်ချက်တခွဲသားနဲ့ ရန်ကုန်မြေကို ပထမဆုံးနင်းမိတော့

သူမအသက် ၁၈နှစ်.. ပထမဆုံး မာဆတ်တစ်ခုမှ အလုပ်ဝင်တယ်.. အဲ့ဒီ့ကမှ တဆင့် ကေတီဗွီတစ်ခုမှာ အလုပ်ဝင်တယ်.. လစဉ် သောင်းဂဏန်းကနေ နှစ်နှစ်အတွင်း သိန်းဂဏန်းအထိ နယ်ကအိမ်ကို ငွေလွှဲနိုင်ခဲ့တယ်.. နယ်ကိုမပြန်ဖြစ်ပေမယ့် နယ်ကအိမ်လေးပြန်ဆောက်ပြီးပြီဆိုတဲ့အကြောင်းနဲ့ သူမ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ပြီး လစဉ်ပို့နေတယ်လို့ မိသားစုကသိထားတဲ့ငွေလေးနဲ့

ကုန်စုံဆိုင်လေးတစ်ခု တည်ပြီးပြီဆိုတာလေး ပြန်ကြားရတော့ အလတ်မရေးတဲ့စာဖတ်ရင်း မျက်ရည်တွေကြားက ပြုံးရသေးတယ်.. ကေတီဗွီကတဆင့် အချိတ်အဆက်နဲ့ သူမ ညဘက်တွေပါ အလုပ်ဆင်းဖြစ်လာတယ်.. အသက်အရွယ်.. နဂိုမျက်နှာထားနဲ့အသံကချိုသာနူးညံ့မှု.. ခန္ဓာကိုယ်အချိုးအစားနဲ့ ၀တ်တတ်စားတတ်ပြင်တတ်ဆင်တတ်တာလေး ပေါင်းလိုက်တော့ သူမ

အဆောင်ပြန်အိပ်ရတဲ့ညဆိုတာ မရှိသလောက်ရှားပါးလာတယ်.. တပြိုင်နက်တည်းမှာပဲ.. ညီမလေးတွေနဲ့ အမေအတွက် တစ်ယောက်ကို လက်ကိုင်ဖုန်းတစ်လုံးစီနဲ့ နို့ညှာကောင်မောင်အတွက် တက္ကသိုလ်ကျောင်းကို စက်ဘီးနဲ့မသွားရစေဖို့ ဆိုင်ကယ်တစ်စီး.. အစရှိသဖြင့် သူမ ဟာ အာလာဒင်မီးခွက်လေးဖြစ်ခဲ့တယ်.. အဲ့ဒီ့တစ်နေ့ မတိုင်ခင်ပေါ့.. အဲ့ဒီ့နေ့က သူမ နယ်ပြန်ရောက်တာ

တစ်နှစ်နဲ့လေးလပြည့်တဲ့နေ့.. လက်ထဲမှာ သူမသတ်မှတ်ထားတဲ့ငွေပမာဏ စုမိဆောင်းမိရှိလာတာနဲ့ ကျွံဝင်မိနေတဲ့ နွံထဲက ဆတ်ခနဲရုန်းထပြီး သူမနယ်ကို အပြီးပြန်လာခဲ့တယ်.. ရန်ကုန်အဆက်အသွယ်နဲ့ နယ်မှာ ဖက်ရှင်ဆိုင်လေး တစ်ဆိုင် ဖွင့်တယ်.. ရန်ကုန်မျက်စိနဲ့ယူရောင်းတဲ့အထည်ဒီဇိုင်းတွေဆိုတော့ အရောင်းသွက်တယ်.. ညီမအလတ်ကို ဆိုင်ထိုင်ဦးစီးခိုင်းတယ်..

သူမကတော့ မကြာခင်လက်ထပ်ဖြစ်တော့မယ့် ချစ်သူနဲ့ တိုင်ပင်ပြီး ကုန်စုံဆိုင်ထဲကို ရောင်းကောင်းတဲ့ကုန်ပစ္စည်းအချို့ကို sub distributor အဖြစ်ယူလိုက်တယ်.. ကုန်စုံဆိုင်လေးမဟုတ်တော့ဘူး.. အတန်အသင့်ကြီးတဲ့ စတိုးဆိုင်ဖြစ်လာပြီ.. သူမချစ်သူက ကုမ္ပဏီတစ်ခုရဲ့ အရောင်းမန်‌နေဂျာလုပ်တယ်.. သူမဆိုင်ကို ပစ္စည်းလာလာပို့ရင်း ငြိစွန်းမေတ္တာမျှခဲ့ကြတာ ၆လရှိပြီ..

နောက်နှစ်ကုန်ရင် လက်ထပ်ဖို့ တိုင်ပင်ထားခဲ့ကြပြီးပြီ.. အေးချမ်းရုံမက တိုးတက်တည်ငြိမ်လာတဲ့မိသားစုလေးအတွက် သူမဘ၀ တစ်စိတ်တစ်ပိုင်းလှိုင်းထခဲ့ရတာ နည်းနည်းမှ နစ်နာတယ်မထင်ခဲ့သူမို့ ဒဏ်ရာဟောင်းတွေလဲ မေ့လို့နေခဲ့ပါပြီ.. အဲ့ဒီ့နေ့မှာတော့ သူမဆိုင်ထိုင်နေတုန်း ရန်ကုန်ဘက်ကလာတဲ့ ကားတစ်စီး ဆိုင်ရှေ့ထိုးဆိုက်လာတယ်.. “ဘာယူမလဲအကို..”

“ညီမရေ.. စကိုင်းဘလူးတစ်ဗူးပေး” အရက်နံ့က စူးခနဲရလိုက်ပေမယ့် သည်လိုအနံ့ကို မျက်နှာမပျက်အောင် အချိန်အတော်ကြာလေ့ကျင့်ခဲ့ဖူးသူမို့ ကိစ္စမရှိ.. “ဟုတ်.. ထောင့်ရှစ်ရာပါ အကို..” “ရော့..”  “နှစ်ရာ ပြန်အမ်းမယ်နော် အကို” “ဟေ့.. နင်.. နင်.. ကြည်ပြာမဟုတ်လား” မကြားချင်တဲ့နာမည်တစ်ခုကို ကြားလိုက်ရသလို ရင်ထဲမှာ ဒိန်းခနဲဖြစ်သွားတယ်..

မျက်နှာကိုချက်ချင်းတည်ပစ်လိုက်ပြီး အသံမာမာနဲ့ တုန့်ပြန်လိုက်တယ်.. “ရှင် လူမှားနေပြီ..” ပင်လယ်ဘက်ခရီးဆက်မယ့် ခပ်ထွေထွေလူဟာ ကားပေါ်က သူ့သူငယ်ချင်းအမူးသမားနှစ်ယောက်ကိုပါ အော်ခေါ်ပြီး ပြနေတယ်.. “ဟေ့ရောင်တွေ.. ငါတို့ ကြည်ပြာလေးလေ..” ကားပေါ်ကနေ ဟေးဟေးဟားဟားနဲ့ လက်လှမ်းပြနေတဲ့နှစ်ယောက်ထဲက တစ်ယောက်ကို ကြည်ပြာမှတ်မိလိုက်တယ်..

သူတို့လူမှားနေတာ မဟုတ်ဘူး.. ရဲကိုဖုန်းဆက်မယ့်ပုံခြိမ်းခြောက်လိုက်တော့မှ စောင်းငမ်းစောင်းငမ်းနဲ့မကျေမနပ်လှည့်ထွက်သွားခဲ့ပေမယ့် ဒီကိစ္စကို စိတ်လေးနေခဲ့တယ်.. နောက် တစ်ပတ်အကြာမှာ သူ့ဆိုင်ကိုလာဝယ်တဲ့ ကာစတန်မာတွေရဲ့ပြောင်းလဲမှုကို ကြည်ပြာ စသတိထားမိလာတယ်.. အထူးသဖြင့် ကောင်လေးတွေဟာ သူ့ကိုတွေ့ရင် ပြီတီတီလုပ်လာကြတယ်.. အသံလေးက

မိုက်လိုက်တာကွာ.. ဆိုတာမျိုး မကြားတကြားပြောလာကြတယ်.. မိန်းမတွေက‌ မျက်စောင်းထိုးသလိုလို.. ရွံသလိုလို.. ဖြစ်နေသလိုစိတ်ထဲခံစားလာရတယ်.. သူ့ကိုယ်သူမလုံလို့များလားလို့ စိတ်ထဲထင်နေခဲ့ပေမယ့် နှစ်ပတ်အကြာမှာ သူ့ချစ်သူက သူ့ကို လုံးဝအဆက်အသွယ်ဖြတ်သွားခဲ့တယ်.. ဘာစကားမေးမှမရခဲ့ဘူး.. နှုတ်ဆက်စကားလေးတစ်ခွန်းတောင် မပြောခဲ့တာ.. သူမ ရန်ကုန်ပြန်ရောက်လာခဲ့တယ်..

ဒီတစ်ခေါက် သူမကို ရန်ကုန်‌မြေဆီ ပြန်သယ်လာခဲ့တဲ့ မုန်တိုင်းဟာ နာဂစ်ထက် အဆတစ်ရာမက ပြင်းထန်ခဲ့တယ်.. သူမ မျက်နှာဟာ ဒဏ်ရာဒဏ်ချက်တွေနဲ့ အညိုအမည်းစွဲနေခဲ့တယ်.. ပြင်းထန်တဲ့လက်သီးချက်တွေကြားက “ရော့.. ခင်ဗျားကြီး ကြည့်!” ဆိုပြီး သူမမျက်နှာတည့်တည့်ကို ပိတ်ပေါက်ပစ်ခဲ့တဲ့ ဖုန်းထဲက Video clip တစ်ခုကိုပဲ သူမ မှတ်မိခဲ့တယ်.. လိမ်လို့မရတဲ့သူမမျက်နှာနဲ့အသံ..

လည်ပင်းကဆွဲကြိုးလော့ကက်.. ပုခုံးကမှဲ့.. ပျံ့နှံ့နေခဲ့တာအတော်ကြာပြီတဲ့.. သူငယ်ချင်းတွေအားလုံးကြည့်ပြီး‌နေကြပြီတဲ့.. အိမ်နံရံကပျဉ်ချပ်တွေကျိုးထွက်တဲ့အထိ ထိုးခဲ့တဲ့အငယ်ကောင်ရဲ့လက်သီးချက်တွေဟာ သူမအတွက်လဲဖြစ်ခဲ့တယ်.. အမေဟာ အဲ့သည့်စိတ်နဲ့ ဆုံးတယ်.. သူမဆီက ပြုံးပြုံးလေး ပိုက်ဆံလာချေးနေကျ.. သူမဆိုင်က အကြွေးယူနေကျ.. သူမဆီက အလှူခံနေကျ

မျက်နှာတွေဟာ ချက်ချင်း အပျက်မ.. ဆိုတဲ့ စူးရဲတဲ့အကြည့်တွေ တွန့်မဲ့တဲ့နှုတ်ခမ်းတွေအဖြစ် ပြောင်းလဲသွားတယ်.. မောင်လေးဟာ အမေ့အသုဘအပြီးကတည်းက အိမ်ပြန်မလာတော့ဘူး.. အငယ်မက “သမီးရှက်လို့ပါ.. မမသွားပါတော့” လို့ သူမမျက်နှာကိုစေ့စေ့ကြည့်ပြီး ရှိုက်ကြီးတငင်နဲ့နှင်ထုတ်တယ်.. အလတ်မကောင်လေးရဲ့ မိဘတွေက သူ့ကောင်လေးကို အတင်းဖိအားပေးပြီးဖြတ်ခိုင်းခဲ့ကြတယ်..

ငါတို့အမျိုးထဲမှာ ဖာသည်မ မရှိရဘူး တဲ့.. ဒါပေမယ့် ကားဂိတ်ကိုလိုက်ပို့တဲ့အထိ သူ့လက်ကိုတင်းတင်းဆုပ်ထားပေးခဲ့တာဆိုလို့ အလတ်မတစ်ယောက်ပဲရှိပါတယ်လေ.. ရန်ကုန်ပြန်ရောက်ပြီး နှစ်နှစ်လောက်ထိ တောင့်ခံထားခဲ့ပေမယ့် အရိပ်မည်းရဲ့ဒဏ်က မလွတ်မြောက်ခဲ့ဘူး.. အလုပ်ဝင်ခဲ့တဲ့ သူဌေး၂ယောက်စလုံးက စော်ကားခဲ့တယ်.. လုပ်ဖော်ကိုင်ဘက်တွေဆီက လေးစားမှု ထက်

အနိုင်ကျင့်မှုနဲ့အခွင့်အရေးယူမှုတွေသာ ကြုံခဲ့ရတယ်.. သူမကို အမှန်ပြင်ဆင်ခွင့်မပေးတော့တဲ့ ပတ်ဝန်းကျင်ဆိုတဲ့အရာကြီးကို နာနာကျင်ကျင်နဲ့ လက်ခံခဲ့ရတော့တယ်.. Viber ကတဆင့် အလတ်မ ပို့ပေးတဲ့ မင်္ဂလာဆောင်ဓာတ်ပုံလေးတွေကို ကြည့်ပြီး ကြည်ပြာမျက်ရည်တွေကြားက ပြုံးရပြန်ပြီ.. လက်ဖွဲ့‌ဗူးမှာ သူမနာမည်တပ်ခွင့်မရှိခဲ့ပေမယ့် လက်စွပ်လေးနှစ်ကွင်းကို ဇနီးမောင်နှံနှစ်ယောက်လုံးက ကြိုက်ပါတယ်တဲ့..

“ဟိတ်.. ဘာတွေ ကြည့်နေတာလဲ” “အော်.. ဒါက ကြည်ပြာ့မောင်လေးလေ.. ကိုကြီးရဲ့.. နယ်မှာ မနေ့ကမှ မင်္ဂလာဆောင်တာ..” “ဟုတ်လား” 925 ဟန်းချိန်းအကြီးကြီးဝတ်ထားတဲ့ ၀၀တုတ်တုတ်လက်မောင်းကြီးတစ်ဖက်ဟာ ကြည်ပြာ့ပခုံးပေါ်အိခနဲကျလာတယ်.. ဖုန်းထဲကပုံတစ်ပုံနှစ်ပုံကို အရေးမပါသလို slide လုပ်ပြီး ခပ်မြန်မြန်ကြည့်ရင်း လူဝကြီးက ဖုန်းပါဝါခလုတ်ကို ပိတ်လိုက်တယ်..

“အဲ့လို မျက်ရည်စလေးတွေနဲ့မျက်နှာလေးကို ထပ်ချစ်ချင်တာ..” “မမောနိုင်သေးဘူးလား ကိုကြီးရယ်.. ကြည်ပြာဖြင့်အသက်ထွက်တော့မယ် ရှင့်” “မိုးလင်းမြင့်နိုင်ကြီး.. ဆိုတဲ့နာမည် ဘယ်လိုရလာတယ်ထင်လို့လဲ ကြည်ပြာရဲ့.. ဟဲဟဲဟဲဟဲ”

လူတစ်ယောက်ချင်းစီရဲ့ ဘ၀အပေါ်မှာ ရွေးခြယ်ပိုင်ခွင့် rights တွေ တစ်ယောက်ချင်းစီရဲ့ pravicy တွေရှိပါတယ်.. ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းဟာ လူတစ်ယောက် ရှင်သန်ရလွယ်ကူလား ခက်ခဲလားပေါ်မူတည်ပါတယ်.. ယဉ်ကျေးမှုတစ်ခုဟာ လူတစ်ယောက်ရဲ့ဘ၀အပေါ်ဘယ်လောက်တာသွားသလဲ သိမြင်နိုင်ကြဖို့ လိုတယ်ထင်ပါတယ်..

သရုပ်ပျက်တဲ့ယဉ်ကျေးခြင်းနှင့်ရက်စက်သောယဉ်ကျေးခြင်း ကြားမှာ လိုနေတာ ဖွင့်လိုက်ဖို့လိုတဲ့ တံခါးတစ်ချပ်တည်းဖြစ်ချင်ဖြစ်‌နေနိုင်ပါတယ်.. အဲ့ဒီ့တံခါးကို ရင်ဘတ်တံခါးလို့ခေါ်ပါတယ်..ဇာတ်လမ်းသီးသန့် တင်ပြပေးချင်လို့ ဆရာ Yarzar Wizaya ရဲ့စာထဲမှ ဇတ်လမ်းပဲ ယူတင်ပြီး အပြည့်အစုံ မတင်ချင်းအတွက် ဆရာ Yarzar Wizaya အားတောင်းပန်ပါတယ်ခင်ဗျာ…လေးစားစွာဖြင့် ဆရာ Yarzar Wizaya အား ခရက်ဒစ်ပေးပါတယ် ခင်ဗျာ

(Visited 8 times, 1 visits today)