ကျိုက်ဒေးဝိစေတီသမိုင်းနဲ့ ထူးခြားတဲ့ နတ်ကျားအစောင့် ဘုရားလေးဆူမီခဲ့သော ပတ္တမြား…

ကျိုက်ဒေးဝိစေတီသမိုင်းနဲ့ ထူးခြားတဲ့နတ်ကျားအစောင့် ဘုရားလေးဆူမီခဲ့သော ပတ္တမြား…

ကျိုက်ဒေးဝိစေတီ သမိုင်း၊ ထူးခြားတဲ့ နတ်ကျားအစောင့်နဲ့ ဘုရားလေးဆူမီခဲ့သော ပတ္တမြား… ကျိုက်နဲ့စတဲ့ ဘုရားတွေဟာ မွန်လူမျိုးတို့တည်ထားခဲ့တဲ့ ဘုရားတွေလို့ သိထားကြပါတယ်နော်။ မွန်လူမျိုးတွေဟာ ဘာသာရေးမှာအတော်ကို စိတ်ဝင်စားတဲ့လူမျိုးလို့ပြောလို့ရပြီး

မွန်လူမျိုးတွေတည်ထားခဲ့တဲ့ ရှေးဟောင်းဘုရားကြီးတွေနေရာတော်တော်များများမှာ ရှိနေတာပါ။ အခုဖော်ပြပေးမယ့် ဘုရားကြီးကတော့ ကျိုက်​​ဒေးဝိလို့ အမည်ရပါတယ်။ကျိုက်ဒေးဝိဘုရားကြီး ရန်ကုန်ရွှေတိဂုံဘုရားနဲ့ ပဲခူးရွှေမောဓောဘုရားရဲ့ အကွာအဝေးအလယ်မှာ ရှိတယ်လို့ ဆိုပါတယ်။

ရွှေတိဂုံဘုရားဘက်ကနေ တိုင်းရင်လည်း တစ်တောင်ပိုနေပြီး၊ ရွှေမောဓောဘက်ကနေ တိုင်းရင်လည်း တစ်တောင်ပိုနေတယ်လို့ ဆိုပါတယ်။ အဲ့နားက ရွာလေးက တစ်တောင်ပိုတောင်ရွာလို့တောင် အမည်တွင်ပါတယ်။ ၁။ ဂမ္ဘီရအစီရင်များဖြင့်တည်ထားခဲ့သော

သမိုင်းဝင်ကျိုက်ဒေးဝိ ဆံတော်ရှင်စေတီတော်မြတ်ကြီး အကြောင်း… ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဇရပ်ကွင်းတာဆုံမှ ချိုးကွေ့၍ အင်းတိုင်တပ်နယ်အတွင်း တစ်မိုင်ခန့် ဝင်သွားလျှင် ရှေးဟောင်း သမိုင်းဝင် ကျိုက်ဒေးဝိစေတီတော်ကြီးကို ထူးခြားစွာ ဖူးတွေ့နိုင်ပါသည်။

ကျိုက်ဒေးစတိုးစေတီတော်နှင့် ကျိုက်ဒေးဝိစေတီတော်သည် မြန်မာသက္ကရာဇ် ၃ဝ၇ ခုနှစ်၊ သာသနာတော်သက္ကရာဇ် ၁၄၈၉ ခုနှစ်၊ ခရစ်နှစ် ၉၄၆ ခုနှစ်တွင် လဂွန်းဗျည်းမြို့စား ကရဝိကမင်းကြီးမှ ဂမ္ဘီရအစီအရင်များဖြင့် တည်ထားခဲ့ခြင်းဖြစ်သည်။

ကျိုက်ဒေးဝိစေတီတော်၏ ထူးခြားချက်သည် ဥာဏ်တော် မြင့်မားခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ရွှေတိဂုံစေတီတော်၊ ရွှေမော်ဓောစေတီတော်၊ မဟာစေတီ၊ တွံတေး ရွှေဆံတော်စေတီနှင့် ပုဂံ သဗ္ဗညုဘုရားများပြီးလျှင် ကျိုက်ဒေးဝိစေတီသည် ဆဋ္ဌမမြောက်

ဥာဏ်တော်အမြင့်ဆုံးဖြစ်ကြောင်း သိရပါသည်။ သို့သော်လည်း ၁၇၇ နှစ်အကြာတွင် အနောက်တိုင်းတပါးသားဥရောပတိုက်မှ ပေါ်တူဂီနိုင်ငံသား ကြေးစားစစ်သား သန်လျင်စား ငဇင်ကာ၏ လက် ချက်ကြောင့် ကျိုက်ဒေးဝိစေတီနှင့်တကွ ဟံသာဝတီပြည်တွင်းရှိ

စေတီပုထိုးများ ပျက်စီးသွားခဲ့ပါသည်။ အင်းဝဘုရင် အနောက်ဘက် လွန်မင်းက ငဇင်ကာကို နှိမ်နင်းပြီးနောက် သက္ကရာဇ် ၉၇၈ ခုနှစ်တွင် ကျိုက်ဒေးဝိစေတီတော်ကို ဥာဏ်တော်ငါးတောင်မြှင့်၍ ဒုတိယအကြိမ် ပြင်ဆင်တည်ထားရာ ဥာဏ်တော်အတောင် ၈ဝ ဖြစ်လာခဲ့ပါသည်။

အခြားဘုရားစေတီများနှင့် မတူသောအချက်တစ်ခုမှာ ကျိုက်ဒေးဝိစေတီတော်၏ သပိတ်မှောက်တွင် ဘုရားဘွဲ့တော်ကို မှန်စီထားခြင်းဖြစ်ပါသည်။ ကားလမ်း အဝင်ဝမုခ်ဦးတွင် ဆံတော်ရှင်ကျိုက်ဒေးဝိစေတီတော်ဟု ရေးထားသော်လည်း ကိုယ်လုံးတော်တွင်

‘ဆံတော်ရှင် ကြိုက်ဒေးဝိ အောင်စကြာရှင်စေတီတော်မြတ်ကြီး’ ဟု ရေးထိုးထားကြောင်း တွေ့နိုင်ပါသည်။ဘုရားဘွဲ့တွင် အောင်စကြာရှင်ပါနေခြင်းသည် ဘုရား၏ဥာဏ်တော် ၁၃၂ တောင် လေးလက်မနှင့် သက်ဆိုင်သည်ဟု အောင်-၁၊ စက်-၃၊ ကြာ-၂၊ ရှင်-၄ဟု အဓိပ္ပာယ်ဖွင့်ဆိုခြင်းလည်း ရှိပါသည်။

သို့သော်လည်း ရာဇဝင်များ၊ သမိုင်း မှတ်တမ်းများတွင် ကျိုက်ဒေးဝိစေတီတော်ဟု ရေးထားသော်လည်း စေတီတော်ကိုယ်လုံးတွင် ‘ကြိုက်ဒေးဝိ’ ဟု ယူဆပြီး ယရစ်ဖြင့် ရေးထိုးထားပါသည်။‘ကျိုက်’ သည် မွန်ဘာသာဖြင့် ဘုရား ဖြစ်ပြီး ‘ကြိုက်’သည် နှစ်သက်ခြင်း အဓိပ္ပာယ် ဖြစ်ပါသည်။

အဓိပ္ပာယ် အလွန်ကွာခြားနေသော်လည်း သတ်ပုံမှားခြင်း မဖြစ်နိုင်ပါ။ အလွန်မြင့်မားသော သပိတ်မှောက်နေရာတွင် ‘ကြိုက် ဒေးဝိ’ဟု မှန်စီထားခြင်းသည် အကြောင်းမဲ့မဖြစ်နိုင်ဘဲ အလွန်နက်ရှိုင်း သော သမိုင်းမြှုပ်ကွက် ဖြစ်နိုင်ပါသည်။

လဂွန်းဗျည်းမြို့စား ကရဝိကမင်းကြီး တည်ထားခဲ့သော ကျိုက်ဒေးဝိစေတီတော်သည် အလွန်ထူးခြား ဆန်းကြယ်သော လျှို့ဝှက်ချက်များကို တွေ့သော်လည်း မဖော်ထုတ်နိုင်ကြောင်း ဝန်ခံပါလိမ့်မည်။ဘွဲ့တော်တွင် ‘ကျိုက်’ နှင့် ‘ကြိုက်’ သတ်ပုံမတူခြင်း၊ အောင်စကြာရှင်ဟူသော

ဂမ္ဘီရစကားလုံး ပါနေခြင်း၊ နတ်မင်းကြီးလေးပါး စောင့်ရှောက်ခြင်း၊ က-ဃ-ဏ-ဠ ကြီးလေးကြီး စသည်များ ရေးထိုးထားခြင်း၊ ခြင်္သေ့ရုပ်ခုနစ်ရုပ်ရှိသော်လည်း ကျားရုပ်တစ်ခုတည်းသာရှိခြင်း၊ စေတီတော်အောက်ခြေတွင် ကြာလေးဆင့်ခံထားခြင်းတို့သည်

ကျိုက်ဒေးဝိစေတီတော်ကြီး လျှို့ဝှက်ချက်ဂမ္ဘီရများ ဖြစ်ပါသည်။လဂွန်းဗျည်းမြို့စား ကရဝိကမင်းကြီး၏ စတုတ္ထမြောက်ကောင်းမှုတော်ဖြစ်သည့် ကျိုက်ဒေးဝိစေတီတော်တွင် သမိုင်းပုံရိပ်များသာမက ဂမ္ဘီရပုံရိပ်များလည်း လွှမ်းမိုနေပါသည်။

လျှို့ဝှက်နက်နဲသော ဂမ္ဘီရပုံရိပ်များကို လူသာမန်များ မဖော်ထုတ်နိုင်ခဲ့ပါ။ ဘေးအန္တရာယ်များ လွတ်ကင်းရန်၊ နှစ်ပေါင်းများစွာ အပူဇော်ခံနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်နိုင်ပါသည်။ ဘုရားပွဲတော်ရက်တပေါင်းလပြည့်နေ့ဖြစ်ပါသည်။

၂။ ကျိုက်ဒေးဝိစေတီ ဖြစ်ရပ်ဆန်းကြယ်သမိုင်းကြောင်း… ဆန်းကြယ်မှု… တချို့သောအဖြစ်အပျက်တွေဟာ တစ်ခါတစ်ရံ စိတ်ကူးယဉ်တာထက် ဆန်းကြယ်နေပါတယ်။ အထူးသဖြင့် မမြင်အပ်တဲ့ပုဂ္ဂိုလ်တွေနဲ့ ဆက်စပ်တဲ့အခါမျိုးမှာ သာမန်အတွေးနဲ့ ယုံကြည်လက်ခံဖို့ အတော်ခဲယဉ်းနေတတ်ပါတယ်။

သုဝဏ္ဏအားကစားရုံ တည်ဆောက်နေစဉ်ကာလ နိုင်ငံခြားပညာရှင်တွေဟာ အားကစားဝင်းမှာ စိုက်ပျိုးမယ့် မြက်အမျိုးအစားရှာဖွေဖို့ ပဲခူးဘက်ကိုထွက်လာခဲ့ရာက အင်းတိုင်လမ်းဆုံမရောက်ခင် ပုံသဏ္ဌာန်ထူးခြားတဲ့ စေတီတော်တစ်ဆူကိုတွေ့တာနဲ့ ဝင်ရောက်ဖူးမြော်ကြပါတယ်။

ရင်ပြင်တော်ကို လှည့်ပတ်ကြည့်ရာက တနလာင်္ဒေါင့်က ကျားနှစ်ကောင်ကိုတွေ့တဲ့ခါ တစ်ကောင်နဲ့တစ်ကောင် နှုတ်ခမ်းမွှေးကစ ခွဲခြားမရအောင်လက်ရာတူညီနေတာကို သဘောကျပီး ပညာရှင်ကို လုပ်ငန်းမှာအသုံးပြုဖို့ ဂေါပကအဖွဲ့ထံ သွားရောက်စုံစမ်းကြပါတယ် ။

စကားပြန်ကတဆင့် အကျိုးအကြောင်းပြောပီး စုံစမ်းတဲ့အခါမှာ ဂေါပက အဖွဲ့ဝင်တွေက… တနင်္လာဒေါင့်မှာ ကျားတစ်ကောင်တည်းထုလုပ်ထားတာပါလို့ ရှင်းပြပေမယ့် သေချာကြည့်ပီးစစ်ဆေးခဲ့တဲ့ နိုင်ငံခြားသား အဖွဲ့ကလည်း ကျားနှစ်ကောင်ကိုသေချာမြင်ခဲ့တဲ့အကြောင်း ငြင်းခုံကြရင်း

ဂေါပကအဖွဲ့နဲ့အတူ တနလာင်္ဒေါင့်ကို ထပ်မံသွားကြည့်တဲ့အခါမှာတော့ အမှန်တကယ် ကျားတစ်ကောင်ထဲသာရှိနေတာကို မြင်ပီး နိုင်ငံခြားသားတွေ အံ့သြတုံလှုပ်ကုန်ကြပါတယ် ။ကျိုက်ထီးရိုးဘိုးဘိုးကြီး..သင်္ကန်းကျွန်းမြို့နယ်မှာနေထိုင်တဲ့ ဦးသိန်းမောင်တို့ဇနီးမောင်နှံဟာ

တစ်နေ့မှာ ကျိုက်ထီးရိုးစေတီ သွားရောက်ဖူးမြော်ကြပါတယ်။စေတီတော်ကို ကန်တော့ပီး လက်အုပ်ကို ပြန်ကြွလိုက်တဲ့အခါ ဦးသိန်းမောင်ရဲ့လက်အုပ်ထဲမှာ ခိုးလို့ခုလုနဲ့ မာကျောကျောအရာတစ်ခု ပါလာပါတယ်။ အညိုရောင်ခပ်မွဲမွဲနဲ့ ကွမ်းသီးလုံးခန့်ရှိကျောက်တစ်လုံးကိုတွေ့တာနဲ့

သူ့စိတ်ထဲမှာ ဒါငါ့ကိုပေးတာဖြစ်မယ်လို့ယူဆပီး ကျောက်ကို အိမ်အပြန်ယူလာခဲ့ပါတယ်။ အမှတ်မဲ့နေရာက တစ်နေ့မှာတော့ သိမ်းထားတဲ့ကျောက်ကို မဂိုလမ်းသွားပြကြည့်တဲ့ခါ (ထိုခေတ်က) ရှစ်ကျပ်ပေးပါတယ်။ မကျေနပ်လို့ထပ်ပီး ဗိုလ်ချုပ်ဈေး ကျောက်ပွဲစားတန်းကို သွားပြပြန်ပါတယ်။

ကျောက်ကိုသေချာစစ်ဆေးပီး ၉၀ ကျပ်တန်ဖိုးဖြတ်တာနဲ့မရောင်းပဲ ပြန်သိမ်းထားလိုက်ပါတယ် ။တစ်ညမှာတော့ ကျိုက်ထီးရိုးဘိုးဘိုးကြီးက… ဒါမင်းပစ္စည်းမဟုတ်ဘူး အင်းတိုင်လမ်းဆုံနားမှာ ဘုရားတည်နေတယ်… လပြည့်နေ့ နေ့လည်တစ်နာရီအရောက်သွား

အဲသည်ဘုရားမှာ ဌာပနာထည့်လိုက်လို့ အိပ်မက်ပေးပါတယ် ။ပတ္တမြားကြီးလာပြီ… ထိုအချိန်က ပါရမီရှင် အမေကြည်ဆိုသူဟာ အထက်ပုဂ္ဂိုလ်တွေရဲ့ ဓါတ်မိန့်ကိုနာခံပြီး ကျိုက်ဒေးဝိစေတီတော်ကို ဦးစီးပီး ပြုပြင်နေတဲ့အချိန်ဖြစ်ပါတယ်။

စေတီတော်ကို ပြန်လည်ပြုပြင် တည်ဆောက်ပြီးစီးလို့ လပြည့်နေ့မှာ ထီးတော်တင်မင်္ဂလာနဲ့ ဌာပနာတော်သွင်းမင်္ဂလာ တပြိုင်တည်းကျင်းပမှာဖြစ်ပီး အထက်ပုဂ္ဂိုလ်ကြီးများက… ဘုရားလေးဆူကိုမီခဲ့တဲ့ ပတ္တမြားကြီး ရောက်လာလိမ့်မယ်လို့ ညွှန်ကြားထားပြီးဖြစ်ပါတယ် ။

အမေကြည်ရဲ့ပြောကြားချက်ကို မယုံတစ်ဝက်ယုံတစ်ဝက်နဲ့ ဟုတ်မှဟုတ်ပါ့မလားဆိုသူတွေလည်းရှိပါတယ်။ ဘယ်လိုပဲထင်ထင် အထက်ပုဂ္ဂိုလ်တွေရဲ့အမိန့်ဟာ ဘယ်ခါမှ မလွဲမှားတဲ့အတွက် အမေကြည်က ပတ္တမြားကြီးတင်ဖို့ ကလာပ်တစ်ခုပေါ်မှာ ဆွတ်ဆွတ်ဖြူတဲ့ ဂွမ်းတွေတင်ထားပီးပါပြီ။

ပတ္တမြားကြီးရောက်လာမှာတဲ့ဆိုပီး တစ်ဆင့်စကား တစ်ဆင့်နားနဲ့လာကြတဲ့သူတွေကလည်း တိုးမပေါက်အောင်ပြည့်ကျပ်နေပါတယ် ။ တဖြေးဖြေးနဲ့ အစီအစဉ်တွေ တစ်ခုပီးတစ်ခုကျင်းပနေရာက ဌာပနာတော်သွင်းမင်္ဂလာချိန်ရောက်ဖို့ မိနစ်အနည်းငယ်သာကျန်ပါတော့တယ် ။

လူတွေအားလုံးဟာ ဂွမ်းဆိုင်ပုံကြီးကိုတစ်လှည့် အမေကြည်ကိုတစ်လှည့် ကြည့်ပီးသို့လော သို့လောနဲ့စောင့်ဆိုင်းနေကြပါတယ်။ အမေကြည်ကတော့ ယုံကြည်ချက်အပြည့်နဲ့ ပတ္တမြားကြီးရောက်လာမယ့်လမ်းကို စောင့်နေရာက ဟောလာပီ ပတ္တမြားကြီးရောက်လာပါပြီလို့ ကြွေးကြော်လိုက်ပါတယ် ။

ဦးသိန်းမောင်တို့ဇနီးမောင်နှံဟာ ကျိုက်ထီးရိုးဘိုးဘိုးကြီးအိပ်မက်အရ ဌာပနာထည့်သွင်းဖို့ လပြည့်နေ့မှာ ကျောက်ကို ယူဆောင်လာခဲ့ပါတယ်။ ကြက်ပျံမကျ ကြိတ်ကြိတ်တိုးနေတဲ့လူတွေကိုဖြတ်ကျော်ပီး လက်ထဲကညိုမွဲမွဲ ၉၀ တန်ကျောက်ကို အမေကြည့်လက်ထဲ အချိန်မီပေးအပ်လိုက်ပါတယ်။

အမေကြည်က ကျောက်ကို လက်နှစ်ဘက်နဲ့ တရိုတသေလှမ်းယူလိုက်ပီး နေရောင်မှာကိုင်မြှောက်ပြလိုက်တဲ့ခါ လူတွေအားလုံး အမေ့လက်ထဲကကျောက်ကိုစုပြုံကြည့်ရင်း သာမန်ကျောက်ခဲလိုဘာမှလည်းမထူးခြားပဲ အထင်နဲ့အမြင်တက်တက်စင်လွဲနေတာမို့ စိတ်ပျက်သွားကြပါတယ် ။

အမေကြည်ကအပြုံးမပျက်ပဲ ကျောက်ကိုဂွမ်းဆိုင်ပေါ်တင်လိုက်တဲ့အချိန်မှာတော့… အရောင်အဆင်းမရှိတဲ့ကျောက်ခဲဟာ မျက်လှည့်ပြလိုက်သလို နေရောင်အောက်မှာ ရွှန်းစိုလာပီး တဖြေးဖြေး နီရဲနေတဲ့အရောင်တွေတဖိတ်ဖိတ် တလက်လက်ယှက်ဖြာလာရင်း

ဂွမ်းဆိုင်ထုတစ်ခုလုံး အနီရောင်တွေကူးစက်သွားပီး ပတ္တမြားရည်တွေ စီးကျနေသလိုချင်းချင်း နီရဲသွားပါတယ် ။ ပတ္တမြားကြီးရဲ့အရောင်တွေဟာ နေရောင်ခတဲ့အချိန်မှာ ပြိုးပြိုးပြက်ပြက် အလင်းတန်းတွေဖြာပီး လူတွေဆီပါ အရောင်တွေဟပ်နေပါတော့တယ်။

အောင်ပြီပတ္တမြားကြီးကို ဌာပနာသွင်းပီးချိန်မှာတော့ အမေကြည်နဲ့အတူ ပရိတ်သတ်ကြီးအားလုံးအောင်ပြီ… အောင်ပြီ… အောင်ပြီ…ဆိုပြီး တခဲနက်ကြွေးကြော်လိုက်ကြပါတော့တယ်။ ဘုရားရဲ့ဘွဲ့တော်က ကျိုက်ဒေးဝိ ဖြစ်ပါတယ်။

တော်ရုံသမာဓိနဲ့ အဓိဌာန်မဝင်သင့်တဲ့နေရာပါ။ ကုက္ကိုသစ်ကွင်းပင်တစ်ပင်ရှိပီး နတ်ကျားတစ်ကောင် စောင့်ရှောက်နေပါတယ် ။ တစ်ခါတစ်ခေါက် လာရောက်ဖူးမြော်ပါလို့ တိုက်တွန်းလိုက်ပါရစေ။ မုခ်ဦးအဝင်မှာ ကိုယ်တိုင် ကျားဟိန်းသံကြားခဲ့ဖူးပါတယ်။

ယုံကြည်ဖို့မည်သူ့ကိုမျှ မတိုက်တွန်းပါ။ ဖတ်ရှု့ပေးကြတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

(Visited 36 times, 1 visits today)