“သားက နိုင်ငံရေးကောင်းရင် ဆေးခန်းလိုက်ပြပေးမယ်တဲ့” အမေအိုကိုကြည့်တော့ မျက်ရည်တွေနဲ့

မင်္ဂလာပါ စာဖတ်သူတို့ရေ … ဒေါက်တာ အငြိမ်း ဒီကနေ့မှာ ပြောပြထားတဲ့ ဝမ်းနည်စရာ အဖြစ်ပျက်လေးတခုကို ပြန်လည်ဝေမျှပေးချင်ပါတယ်

ဒေါက်တာ အငြိမ်းက

” သားက နိုင်ငံရေးကောင်းရင် ဆေးခန်းလိုက်ပြပေးမယ်တဲ့

ဒီစကားကိုကျွန်တော်ပထမဆုံးကြားရတုန်းက ကျွန်တော့် senior Drသီဟတင်ထွန်းဆုံးသွားတုန်းက အကို့အမေ ပြောတဲ့စကား

အကိုမရှိတဲ့နောက်ပိုင်း ကျွန်တော်ကဆေးခန်းလိုက်ပြပေးမှာပေါ့လို့ကတိပေးခဲ့ဖူးတယ်

အကိုဆုံးခါစက အမေ့ကို medical check up လိုက်လုပ်ပေးတယ် ဒူးနာနေတာလိုက်ပြပေးဖြစ်တယ်

နောကိပ်ုင်း ကျွန်တော်အဝေးရောက်သွားတော့ အဝေးကနေ သတင်းနားစွင့်ရင်း သူငယ်ချင်းတွေ ဆရာတွေကို အကူအညီတောင်းရင်း ကိုယ်တိုင်တော့သွားမကြည့်နိုင်ခဲ့ဘူး

အမေကတော့ ကျွန်တော်စိတ်ဓာတ်ကျတိုင်း messenger ကရော comment ကရော လာအားပေးဆဲ

ထားပါတော့လေ … ဒီနေ့တော့နောက်ထပ် အသက် ၆၀ အမေကြီးတယောက်

ကျွန်တော့်ဆီဆေးခန်းလာပြတယ် … ဒူးကမခံမရပ်နိုင်အောင်နာသတဲ့

ရောဂါလက္ခဏာတွေ မေးပြီး စမ်းသပ်ပြီး အဖြစ်နိုင်ဆုံးက Osteoarthritis လို့ခေါ်တဲ့အရိုးရောဂါ

ရောဂါအကြောင်းရှင်းပြတယ် … ဘယ်လိုနေရမယ် ဘာညာ … အဲ့ထိအဆင်ပြေသေးတယ်

ဆေးကတော့ ကျွန်တော်တို့ဆီမှာမရှိလို့ … သားတွေသမီးတွေကို အနီးဆုံးမြို့မှာသွားဝယ်ခိုင်းလိုက်နော် လို့လဲပြောလိုက်ရော

မျက်ရည်တွေကျလာပြီး ရိုက်ကြီးတငင်ငိုတော့တာပဲ ဆေးဝယ်ပေးမယ့်သားမရှိဘူးတဲ့

အလိုက်ကန်းဆိုးမသိတဲ့ ကျွန်တော်က ဘယ်သွားလို့လဲလို့မေးလိုက်သေးတာ

တဦးတည်းသော သားလေးတိုက်ပွဲမှာကျသွားသတဲ့

သားက နိုင်ငံရေးကောင်းရင်ဆေးခန်းလိုက်ပြပေးမယ်လို့ ကတိပေးသွားသတဲ့

ဆေးခန်းရောက်တော့ သားကိုသတိရသတဲ့

ကျွန်တော်ဘာပြောရမှန်းမသိဘူး

ကျွန်တော်က အားပေးတာတွေ စကားပြောတာတွေသိပ်လုပ်တတ်တဲ့သူမဟုတ်ဘူး

အမေကြီးလက်ကိုကိုင်ပြီး အမေ့သားအစား ကျွန်တော်က ဆေးဝယ်ပေးမှာပေါ့

နောက်နေမကောင်းရင် ကျွန်တော့်ဆီလာခဲ့နော် … နိုင်ငံရေးကောင်းရင် မန္တလေးမှာ အရိုးဆရာဝန်ကြီးတွေနဲ့ ကျွန်တော်လိုက်ပြပေးမယ် ကျွန်တော့်ကိုအမေ့သားလိုသဘောထားနော်လို့ပြောလိုက်တယ်

အခုဘယ်သူနဲ့အတူနေနေလဲဆိုတော့…ချွေးမနဲ့တဲ့ … ကလေးလေး ၄ယောက်ကျန်ခဲ့တယ် … အငယ်ဆုံးကလေးလေးက ၅လ

ခေါင်းကြီးကြီးလေးနဲ့ ချစ်စရာကလေးလေး … ဖျားတယ်ဆိုလို့ ကျွန်တော်စမ်းသပ်တော့ … သာမန်ကလေးနဲ့မတူ ပြုံးပြနေလိုက်တာများ

ဟုတ်တယ် ပြုံးရမှာပေါ့ … ငိုကြွေးနေမယ့်အစား ပြုံးပြီးရှေ့ဆက်ရမှာပေါ့

ဒီသေးသေးလေးက အခုကတည်းက…လောကဓံကိုရင်ဆိုင်တတ်တာများလား

ကလေးတွေနေမကောင်းရင် တခုခုဆိုလည်း ကျွန်တော့်ဆီလာခဲ့ပါလို့ပြောရင်းနဲ့

ကျွန်တော့်ဆီပို့ထားကြတဲ့ရိက္ခာအချို့နဲ့ ငွေ တသိန်းပေးလိုက်တယ်

ကျွန်တော်ကစကားပြောမတတ်လို့ အများကြီးမပြောတော့ဘူး ဒါကို ကူညီတာလို့သတ်မှတ်ချင်လည်းရတယ်

သို့မဟုတ် အမေ့သားက အမေ့ကိုပေးသွားတာလို့ သတ်မှတ်ချင်လည်းရတယ်

ကလေးတွေကို သူတို့အဖေက မုန့်ဖိုးပေးသွားတာလို့ သတ်မှတ်လည်းရတယ်လို့ပြောလိုက်တယ်

ကျွန်တော့်လက်ကိုကိုင်ရင်း ကောင်းချီးတွေပေးပြီးပြန်သွားလေရဲ့

မနေ့ကနေ့လည်ကနေ ဒီနေ့မနက် အင်းလူနာမကြည့်ခင်အထိ

ကျွန်တော် အဖမ်းခံလိုက်ရင်ကောင်းမလားတွေးမိသေးတယ် စိတ်ပင်ပန်းလာတော့လွတ်မြောက်ရာ ရှာမိတာမျိုးပေါ့

သားက နိုင်ငံရေးကောင်းရင် ဆေးခန်းလိုက်ပြပေးမယ်တဲ့

နိုင်ငံရေးကတော့ တချိန်ပြန်ကောင်းလာပါလိမ့်မယ်

သို့ပေမဲ့ ဆေးခန်းလိုက်ပြပေးမယ့် သားတွေသမီးတွေက မရှိတော့ဘူး

ကျွန်တော်အဖမ်းခံလို့ မရသေးဘူးထင်တယ်

ကျွန်တော့်မှာ ဆေးခန်းပြပေးရမယ့် အမေတွေအများကြီးရှိသေးတာမို့” ဆိုပြီး ရေးသားထားတာပါ

” နိုင်ငံရေးကတော့ တချိန်ပြန်ကောင်းလာပါလိမ့်မယ် … သို့ပေမဲ့ ဆေးခန်းလိုက်ပြပေးမယ့် သားတွေသမီးတွေက မရှိတော့ဘူး ” ဆိုတဲ့ ပြောစကားက ရင်ကို စို့နှစ် မျက်ရည်ပါဝဲရတယ်

အမေတို့ရဲ့ သားတွေ သမီးတွေ ဘေးရန်ကင်းရှင်းကြပါစေ … လိုရာ ပန်းတိုင်အမြန်ရောက်ကြပါစေ …

Source – A Nyain

(Visited 6 times, 1 visits today)