အလုပ်ရှင်ထွက်ပြေးသွား၍ လုပ်ခမရသော အဆောင်နေသူများ အဆောင်လခမပေးနိုင်၍ အဆောင်မှ နှင်ချခံရ

အလုပ်ရှင်ထွက်ပြေးသွား၍ လုပ်ခမရသော အဆောင်နေသူများ အဆောင်လခမပေးနိုင်၍ အဆောင်မှ နှင်ချခံရ

လုပ်ခလစာမရသဖြင့် အဆောင်ခမပေးနိုင်သော ရွှေပြည်သာမြို့နယ်ရှိ World Jin အထည်ချုပ်စက်ရုံမှ အလုပ်သမားအချို့ အဆောင်မှ နှင်ချခံနေရကြောင်း ရောင်ခြည်ဦးအလုပ်သမားရေးရာအဖွဲ့မှ သိရသည်။

World Jin အထည်ချုပ်စက်ရုံသည် ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုံ၌ တည်ရှိပြီး လုပ်ငန်းရှင်မှာ ကိုရီးယားလူမျိုးဖြစ်ကြောင်းသိရသည်။ လုပ်ခလစာမရရှိသဖြင့် အလုပ်သမား ၃၀၀ ကျော်ခန့်စက်ရုံရှေ့၌ စုဝေးမှုဖြစ်ပွားခဲ့ရာ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးတာဝန်ရှိသူများက လူစုခွဲခိုင်းသဖြင့် ယမန်နေ့က

လူစုခွဲခဲ့သော်လည်း လက်ရှိတွင် အလုပ်သမားများ စားဝတ်နေရေးခက်ခဲနေရကြောင်းရောင်ခြည်ဦးအလုပ်သမားရေးရာအဖွဲ့၊ ဥပဒေအထောက်အကူပြုတာဝန်ခံ ကိုနိုင်ဌေးလွင်ကပြောသည်။ ” အလုပ်သမားတွေကငိုယိုပြီးဆက်သွယ်လာတယ်၊ သူတို့ကိုအဆောင်က နှင်ချခံနေရပါပြီပေါ့ ” ဟု၎င်းကပြောသည်။ယင်းစက်ရုံသည်

ယခုလ မေလ ၄ ရက်က စက်ရုံပြန်လည်ဖွင့်သည်ဟူသည့် သတင်းကြောင့် အလုပ်သမားများအလုပ်ပြန်ဆင်းရာတွင် စက်ရုံတံခါးပိတ်ထားပြီး အထည်ချုပ်လုပ်ငန်းများ လစာထုတ်ရက်ဖြစ်သော ၅ ရက်နေ့တွင်လည်း စက်ရုံသို့ ဝင်ခွင့်မပေးဘဲ အလုပ်သမား ၃၀၀ ကျော်အား လုပ်ခလစာထုတ်မပေးခြင်းဖြစ်သည်။ အလုပ်သမားများ လုပ်ခလစာမရရှိခြင်းကြောင့်

ရွှေပြည်သာမြို့နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (အ.လ.ည)သို့မေးမြန်းရာတွင် လုပ်ငန်းရှင်မှာ ယခင်လ၊ ဧပြီ ၈ ရက်က ကိုရီးယားနိုင်ငံသို့ပြန်သွားခဲ့ခြင်းဖြစ်ပြီး သွားလာရေးအခက်အခဲကြောင့် လစာပေးရက်နောက်ကျရခြင်းဖြစ်သောကြောင့် လုပ်ခလစာပေးချေရေးဥပဒေအရတရားစွဲဆိုမည်ဖြစ်ကြောင်း (အ.လ.ရ)

ဦးစီးမှူးကပြောဆိုခဲ့ကြောင်း သိရသည်။လက်ရှိတွင် အလုပ်ရှင်ပြန်လည်ရောက်ရှိမည့်ရက်နှင့် လုပ်ခလစာရမည့်ရက်ကို အတိအကျမသိရှိရခြင်းကြောင့် အဆောင်မှနှင်ချခံနေရသည့်အလုပ်သမားများကို စုစည်း၍ သက်ဆိုင်ရာရွှေပြည်သာမြို့နယ်ရှိအုပ်ချုပ်ရေးတာဝန်ရှိသူများထံသွားရောက်ပြီး ၎င်းလုပ်သားများအဆောင်များ၌

ဆက်လက်နေထိုင်နိုင်ရေးအတွက် အကူအညီတောင်းသွားမည်ဖြစ်ကြောင်းသိရသည်။