ကမ္ဘာကြီးကို ကယ်တင်နိုင်မည့် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်တဲ့ ဆေးအသစ်တစ်မျိုးကို သြစတြေးလျသုတေသီများ ရှာတွေ့ပြီ

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်တဲ့ ဆေးအသစ်တစ်မျိုးကို သြစတြေးလျသုတေသီများ ရှာတွေ့ပြီ

သြစတြေးလျသုတေသီတွေဟာ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး ဆေးအသစ်တစ်မျိုးကို ရှာဖွေဖော်ထုတ်နေခဲ့ရာမှာ ကမ္ဘာလုံးဆိုင်ရာအောင်မြင်မှုတစ်ခုကို ရှာတွေ့ခဲ့ကြပြီလို့သိရပါတယ်။ Monash တက္ကသိုလ်က သုတေသီတွေက ရှာဖွေနိုင်ခဲ့တာဖြစ်ပြီး ဗိုင်းရပ်စ်ကို ထိထိရောက်ရောက် တွန်းလှန်ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။

အဆိုပါဆေးဝါးကိုတော့ ရှူဆေးဗူးနဲ့ ရှူရှိုက်နိုင်မယ်လို့သိရပြီး ဒီနှစ်မကုန်ခင်မှာ ထုတ်လုပ်နိုင်ဖို့ကိုလည်း မျှော်လင့်ထားကြောင်းသိရပါတယ်။ Monash တက္ကသိုလ်က အကြီးတန်းသုတေသီတစ်ဦးဖြစ်တဲ့ Tom Karagiannis က သူနဲ့သူ့ရဲ့အဖွဲ့ဟာ ဗိုင်းရပ်စ်ကူးစက်စေဖို့ အထောက်အကူပေးနေတဲ့ ပရိုတိန်းတစ်မျိုးကို a-ketoamide မော်လီကျူးတစ်မျိုးက ကာကွယ်နိုင်ခဲ့တယ်ဆိုတာ လေ့လာတွေ့ရှိခဲ့ရတယ်လို့ ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့လအတွင်းကလည်း ဂျာမနီနိုင်ငံက သုတေသီတွေကလည်း အဆိုပါ a-ketomides မော်လီကျူးနဲ့ပတ်သက်ပြီးတော့ တိုးတက်မှုရှိတဲ့အချက်အလက်တွေကို ထုတ်ပြန်ခဲ့ပြီး သူတို့ရဲ့ ဆောင်ရွက်မှုဟာ လူသားတွေအတွက် အကျိုးကျေးဇူး သက်ရောက်လိမ့်မယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။ ဒေါက်တာ Tom Karagiannis နဲ့ သူ့ရဲ့အဖွဲ့ဟာ စူပါကွန်ပျူတာကို အသုံးပြုခဲ့ကြပြီးတော့ ဗိုင်းရပ်စ်ဖြစ်ပေါ်လာစေဖို့ အစပျိုးမှုကို တားဆီးနိုင်မယ့် နည်းလမ်းကို လေ့လာခဲ့ကြတာဖြစ်ပါတယ်။

“ဒီမော်လီကျူးက ဗိုင်းရပ်စ်ပွားများလာမှုကို တားဆီးနိုင်ခဲ့ပါတယ်၊ သူက ဗိုင်းရပ်စ်အမှုန်အသစ်တွေ ထုတ်လွှတ်မှု နဲ့ ခန္ဓာကိုယ်အတွင်းပိုင်းမှာရှိတဲ့ အခြားဆဲလ်တွေကို ဗိုင်းရပ်စ်ကူးစက်ခြင်းကနေ ရပ်တန့်စေခဲ့ပါတယ်” လို့ ဒေါက်တာ Karagiannis က ပြောခဲ့ပါတယ်။ ဒီအချက်ဟာ ကမ္ဘာကြီးအတွက်တော့ မျှော်လင့်ချက်အသစ်ဖြစ်ပြီး အမှန်တကယ် ထိရောက်မယ်ဆိုပါက လာမယ့်ခြောက်လအတွင်းမှာပဲ ထုတ်လုပ်နိုင်ကာ ကိုရိုနာဗိုင်းရပ်စ်ကို တွန်းလှန်နိုင်တော့မှာလည်းဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ကမ္ဘာ့ထိပ်တန်းနိုင်ငံအသီးသီးက ကာကွယ်ဆေး နဲ့ ရောဂါကုသဆေး ရှာဖွေတွေ့ရှိနိုင်ဖို့အတွက် အပတ်တကုတ် လေ့လာမှုတွေပြုလုပ်နေကြပါတယ်။ တိုးတက်မှုတွေအချို့ရှိနေခဲ့ပေမယ့်လည်း ထိထိရောက်ရောက် ကာကွယ်ဟန့်တားတားဆီးပေးနိုင်ဖို့အတွက်တော့ ဖြစ်မလာသေးဘဲ ရောဂါကူးစက်သူတွေကို ပုံမှန်ထက်စောလျင်စွာ ပြန်လည်သက်သာလာစေမယ့် ဆေးဝါးမျိုးကိုသာ ထုတ်ဖော်ထားနိုင်ခဲ့ပါတယ်။