မြန်မာနိုင်ငံတွင် ၂ နှစ်ကျော်ကာလ အတွင်း ဘဏ်ဓားပြတိုက်မှု ၅ မှုထက်မနည်း ဖြစ်ပွားခဲ့

မြန်မာနိုင်ငံတွင် ၂ နှစ်ကျော်ကာလ အတွင်း ဘဏ်ဓားပြတိုက်မှု ၅ မှုထက်မနည်း ဖြစ်ပွားခဲ့

မြန်မာနိုင်ငံတဝန်းရှိ အစိုးရဘဏ်နှင့် ပုဂ္ဂလိကဘဏ်များတွင် ၂ နှစ်ကျော်ကာလအတွင်း ဓားပြတိုက်ခံရမှု ၅ မှုထက်မနည်းဖြစ်ပွားခဲ့သည်။ ယင်းကာလအတွင်း ဘဏ်ဓားပြတိုက်ခံရမှုများမှာ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၂၃ ရက်ကမြစ်ကြီးနားမြို့ ကမ္ဘောဇဘဏ်ခွဲ ပထမဆုံးဘဏ်ဓားပြတိုက်ခံခဲ့ရခြင်းဖြစ်ကာ နောက်ဆုံးအနေဖြင့် ၂ဝ၂ဝ ဇွန်လတွင်

စစ်တွေမြို့ရှိ ကမ္ဘောဇဘဏ်ခွဲ (၂) ဓားပြတိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါဘဏ်လုံခြုံရေးကိစ္စများနှင့်ပတ်သက်၍ ”မြန်မာနိုင်ငံရဲတပ်ဖွဲ့က တာဝန်ထမ်းဆောင်နေ မယ့်အပိုင်းကျတော့ တပ်ဖွဲ့ဝင်အင်အားနဲ့ လုံခြုံရေးထမ်းဆောင်နေမယ့်အင်အား မမျှတဘူး။ တပ်ဖွဲ့အင်အား အင်မတန်နည်းနေတယ်။ ပုဂ္ဂလိကလုံခြုံရေးအပိုင်းမှာ ပုဂ္ဂလိက လုံခြုံရေးဆောင်ရွက် နေတဲ့

ကုမ္ပဏီတွေကို အရင်တုန်းကတည်းက ဥပဒေရေးဆွဲပြီးတော့ စနစ်တကျအကောင်အထည်ဖော် လိုက်မယ်ဆိုရင်၊ ရဲတပ်ဖွဲ့နဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်မယ်ဆိုရင် ရဲတပ်ဖွဲ့ရဲ့အင်အားနည်းမှုကို အထောက်အကူပြုပါတယ်ဗျ။ အဲဒါကြောင့်မို့လို့ ကျွန်တော်က တရားဝင်မှတ်ပုံတင်ဖွဲ့စည်းထားပေမဲ့ သူတို့ရဲ့လုပ်ပိုင်ခွင့်ဘယ်လောက်ရှိမလဲဆိုတဲ့ ပုဂ္ဂလိကလုံခြုံရေးဥပဒေလိုတယ်။

အဲလိုဥပဒေနဲ့ သေသေချာချာ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေလည်းပေါ်လာမယ်။ ကြပ်ကြပ်မတ်မတ်နဲ့လည်း ဆောင်ရွက်မယ်။ နောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့လည်း ချိတ်ဆက် ဆောင်ရွက်မယ်ဆိုရင်တော့ လုံခြုံရေး အပိုင်းကိုစိတ်ချရပါမယ်ဗျ”ဟု ရန်ကုန်တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဟောင်း ဗိုလ်မှူးကြီးတင်ဝင်း(ငြိမ်း)က ပြောသည်။

ယင်းအပြင် ယခုအချိန်တွင်ပုဂ္ဂလိက ဘဏ်များတွင်လုံခြုံရေးမရှိသလောက်ရှားပါးပြီး ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီမှ တယောက်စ၊ နှစ်ယောက်စ ငှားရမ်းအသုံးပြုရုံဖြင့် အဆင်မပြေကြောင်း၊ ဘဏ်များလုံခြုံရေးအတွက်သာမကငွေများကို တနေရာနှင့်တနေရာ သယ်ယူပို့ဆောင်ရေး လုပ်ဆောင်ရာတွင်လည်း စိတ်ချရသည့်လုံခြုံရေးဝန်ထမ်းများ လွန်စွာလိုအပ်သေးကြောင်း၊

ယင်းသို့မှုခင်းများဖြစ်ပွားရခြင်းသည် ပြည်သူများစားဝတ်နေရေးအပိုင်း၊ တရားဥပဒေစိုးမိုးရေးအပိုင်း၊ ထောင်ထဲမှ ပြစ်ဒဏ်ချခံရသူများ မလွှတ်သင့်သူများ လွတ်ငြိမ်းချမ်းသာခွင့် ပြုမှုများ စသည်တို့သည် လည်း အရေးကြီးကြောင်း၊ လက်ရှိ ကိုကိုးကျွန်းမြို့နယ် မဲဆန္ဒအမှတ်(၁)တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သူ ဗိုလ်မှူးကြီးတင်ဝင်း(ငြိမ်း)က ဆက်လက်ပြောသည်။

၂ နှစ်ကျော်ကာလအတွင်း ဖြစ်ပွားခဲ့သော ဘဏ်ဓားပြတိုက်မှုများမှာ ၂ဝ၁၈ ဇန်နဝါရီ ၂၃ တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ကမ္ဘောဇဘဏ်ခွဲဓားပြတိုက်ခံရပြီး ငွေကျပ်သိန်း ၉၂ဝ ကျော် ဆုံးရှုံးခဲ့ ခြင်း၊ ယင်းနှစ် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ကမ္ဘောဇဘဏ်ခွဲ(၃) ဘဏ်ဓားပြတိုက်ခံရမှုကြောင့် ငွေကျပ် ၅ သိန်းဆုံးရှုံးခဲ့ခြင်း၊ ၂ဝ၁၉ မေ ၂၄ ရက်တွင် ကချင်ပြည်နယ်၊

ဗန်မော်မြို့ မြန်မာ့စီးပွားရေး ဘဏ်ဓားပြ တိုက်ခံရမှုကြောင့် ငွေကျပ်သိန်း ၅ဝ ဆုံးရှုံးခြင်း၊ ယခုနှစ် ၂ဝ၂ဝ ဖေဖော်ဝါရီ ၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံ မြို့သစ်မြောက်ပိုင်းမြို့နယ် CB ဘဏ်ခွဲဓားပြတိုက်ခံရမှုကြောင့် ငွေကျပ်သိန်း ၆ဝဝ ခန့်ဆုံးရှုံးခြင်း၊ ဇွန် ၁ဝ ရက်က စစ်တွေမြို့၊ ကမ္ဘောဇဘဏ်ခွဲ(၂)ကို လူလေးဦးဝင်ရောက်ဓားပြတိုက်ခဲ့ပြီး ငွေကျပ်သိန်း ၁၈ဝဝ ကျော် ဆုံးရှုံးခြင်းတို့ဖြစ်ကြသည်။   TCM