ကလေးမြို့မှာ မိုးကြိုးပစ်ခံရပြီး နွား ၁၉ ကောင်သေဆုံး ပုံကိုနှိပ်ပြီး အပြည့်အစုံဖတ်နိုင်ပါသည်

ကလေးမြို့မှာ မိုးကြိုးပစ်ခံရပြီး နွား ၁၉ ကောင်သေဆုံးခဲ့

ကလေး ဇွန် ၇၊၂၀၂၀ ငြိမ်းသူမင်း(VOM) – စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ငါးဖားကျေးရွာအုပ်စု၊ ခွေကြိမ်ကျေးရွာမှာမွေးမြူထားတဲ့ နွား ၁၉ ကောင် မိုးကြိုးပစ်ခံရပြီး သေဆုံးတဲ့ဖြစ်စဉ် ဇွန်လ ၆ရက်နေ့ညပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ငါးဖားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်သန်းနိုင် က ပြောပါတယ်။ ခွေကြိမ်ကျေးရွာမှာနေထိုင်တဲ့ ဦးရခီး ဒေါ်မြအေး မွေးမြူထားတဲ့

နွားအကောင်ရေ ၂၀ ထဲက နွား ၁၉ ကောင် မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနွားတွေဟာ နို့စားနွားမတွေဖြစ်ပြီး နွားပိုင်ရှင်တွေက အဲ့ဒီနွားတွေရဲ့ နွားနို့်ကိုညှစ်ပြီး ရောင်းချတဲ့ အလုပ်ကို လုပ်ကိုင်နေကြသူတွေ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးမှူး ဦးဇော်သန်းနိုင် က “အဲ့ဒီအချိန်က မိုးကလည်းသည်းတယ်။ မိုးကြိုးတွေကလည်း ပစ်တယ်။ နွားတွေက ခြံထဲက တဲထဲမှာထားတယ်။

လျှပ်စစ်ဝါယာကြိုးက တဲအပြင်မှာ ရှိတယ်။ ဘက်ထရီအိုးက တဲထဲမှာရှိတယ်။ အဲ့ဒီ လျှပ်စစ်ဝါယာကြိုးနဲ့ စက်ကွင်းမိသွားတဲ့ပုံစံ သေသွားတာဗျ။ နို့စား နွားမကြီးတွေဗျ။ ပိုင်ရှင်တွေက နွားနို့ညှစ်ပြီးမှ ရောင်းနေကြတာ”လို့ ပြောပါတယ်။ နွားသေဆုံးမှုကြောင့် စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၁၂၀လောက် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ရင် လူတွေအတွက်ပဲ ထောက်ပံ့တာဖြစ်ပြီး တိရစ္ဆာန်နဲ့ စိုက်ခင်းပျက်စီးမှုအတွက်တော့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေနဲ့ ထောက်ပံ့တာ မရှိဘူးလို့ စစ်ကိုင်းတိုင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနရုံးက တိုင်းဦးစီးမှူး ဦးစဝီလီဖရန့် က ပြောပါတယ်။ စစ်ကိုင်းတိုင်း အတွင်း မိုးကြိုးပစ်ခတ်တာကြောင့်

ယခုအပတ်အတွင်း ရေဦးမြို့နယ်မှာ ၃ ဦး သေဆုံးခဲ့ပြီး လူ ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အဲ့ဒီထဲက သေဆုံးတဲ့သူတွေအတွက် တစ်ဦးကို ငွေကျပ် သုံးသိန်း ကျန်ရစ်သူမိသားစုတွေကို ထောက်ပံ့ခဲ့တယ်လို့ စစ်ကိုင်းတိုင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရုံးကနေ သိရပါတယ်။