ပေ ၁၀၀ ကျော်ရှည်သော ရွှေကျင်သည့်ဖောင်ကြီး ဧရာဝတီမြစ် အထက်ပိုင်းမှ မျောပါလာပြီး မြစ်ကြီးနားမြို့ ဗလမင်းထင်တံတားအထက် မိုင်းနားကျွန်းတွင် သောင်တင်လာ

ပေ ၁၀၀ ကျော်ရှည်သော ရွှေကျင်သည့်ဖောင်ကြီး ဧရာဝတီမြစ် အထက်ပိုင်းမှ မျောပါလာပြီး မြစ်ကြီးနားမြို့ ဗလမင်းထင်တံတားအထက် မိုင်းနားကျွန်းတွင် သောင်တင်လာ

ပေ ၁၀၀ ကျော် ရှည်သော ရွှေကျင်သည့် ဖောင်ကြီး မြစ်ကြီးနားမြို့ ဗလမင်းထင်တံတားအထက် မိုင်းနားကျွန်းတွင် ဇွန် ၂ ရက်က သောင်တင်လာကြောင်း သတင်းရရှိသည်။

ယင်း ရွှေကျင်သည့် ဖောင် (ဒေသအ ခေါ်) ရွှေဖောင်ကြီးမှာ အလျား ၁၀၅ ပေခန့်၊ အမြင့် ၃၇ ပေခန့်၊ အနံ ၃၁ ပေခန့်ရှိပြီး ပိုင်ရှင်မဲ့ ရွှေဖောင်အပျက် ဖြစ်ကြောင်း၊ ဇွန် ၁ ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေ တိုးလာသဖြင့် မြစ်အထက်ပိုင်းမှ မျောပါလာခြင်းဖြစ်ကြောင်း၊ မြစ်ကမ်းဘေးသို့ သယ်ဆောင်ရန်

ခက်ခဲကြောင်း၊ ဖျက်ဆီး သယ်ဆောင်ခြင်းမပြုမီ မြစ်ရေထပ်မံ တိုးလာပါက ဆက်လက်မျောပါနိုင်ပြီး ရေလမ်းကင်းလွတ် ၁၈ ပေရှိသော ဗလမင်းထင်တံတားနှင့် မလွတ်ကင်းနိုင်ကြောင်း ဗလမင်းထင်တံတား တာဝန်ခံအင်ဂျင်နီယာ ဦးဆန်နီသိန်း၏ ပြောပြချက်အရသိရကြောင်း ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။

ယင်းရွှေဖောင်အား ၀ိုင်းမော်မြို့နယ် မြို့နယ်မှူး ဦးကျော်ဝင်းစိန်၊ မြို့နယ်ရဲမှူး လှသိန်း၊ မြစ်ကြီးနားတံတား အထူးအဖွဲ့ (၁) မှ AE ဦးသက်မိုးဝင်း၊ ဗလမင်းထင်တံတား တာဝန်ခံ အင်ဂျင်နီယာ ဦးဆန်နီသိန်း၊ စီတာပူရဲအုပ် လှမင်းအောင်တို့အဖွဲ့က ဇွန် ၂ ရက် နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး Facebook စာမျက်နှာများတွင် ပျံ့နှံ့နေပြီး ကချင်ပြည်နယ် အထက်ပိုင်းဒေသများရှိ မေခနှင့် မလိခမြစ်များတွင် ရွှေဖောင်ကြီးများ ရာနှင့်ချီရှိနေကာ အမြင့်အားဖြင့် ဗလမင်းထင် ရေလွတ်အမှတ်ထက် ပိုမိုမြင့်တက်နေသောကြောင့် ဗလမင်းထင်တံတားအတွက် အန္တရာယ်ရှိနိုင်ကြောင်း ထောက်ပြထားသည်။

ဧရာဝတီမြစ်ရေမှာ မြစ်ကြီးနားမြို့တွင် ဇွန်၁ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် ၇၉၈ စင်တီမီတာ ရောက်ရှိခဲ့ပြီး တစ်ရက်အတွင်း ၁၆ ပေခွဲ မြင့်တက်ခဲ့ကြောင်း၊ နောက်တစ်ရက်မှ ငါးရက်အတွင်း ဗန်းမော်၊ ရွှေကူ၊ ကသာ၊ သပိတ်ကျင်းမြို့များတွင် ၁၁ ပေမှ ၁၃ ပေခန့်၊ နောက်နှစ်ရက်မှ ခုနစ်ရက်အတွင်း မန္တလေး၊ စစ်ကိုင်း၊

မြင်းမူမြို့များတွင် ၉ ပေမှ ၁၁ ပေခန့်၊ နောက်သုံးရက်နှင့် ၁၂ ရက်အတွင်း ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတ၊ ဇလွန်မြို့များ တွင် ၉ ပေမှ ၁၁ ပေခန့် မြင့်တက်လာနိုင်ကြောင်း မိုးဇလမှ သတိပေးချက် ထုတ်ပြန်ခဲ့သည်။ထို့ကြောင့် မြစ်ကြောင်း သွားလာနေသည့် ရေယာဉ်၊ လှေ၊

သင်္ဘောများ အနေဖြင့် ဂရုပြုသင့်ပါကြောင်း၊ မြစ်ရေနည်းစဉ် သဲသောင်ခုံများနှင့် စိုက်ပျိုးနေထိုင်ကြသူများ အနေဖြင့်လည်း မြစ်ရေ မြင့်တက်လာနိုင်မှုကို ဂရုပြုနေထိုင်ကြရန် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (နေပြည်တော်) က ဇွန် ၁ ရက်က ထုတ်ပြန်ထားသည်။ ဇွန် ၂ ရက်တွင် ဧရာဝတီမြစ်ကြောင်း

တစ်လျှောက်တွင် ရုတ်တရက် မြစ်ရေတက်မှု ကြုံတွေ့ရပြီး သဲကျောက်လုပ်ငန်းများ၊ ရေကြောင်းလုပ်ငန်းများ၊ မြစ်ကမ်းအနီးတွင် နေထိုင်သူများ၊ စားသောက်ဆိုင်ခန်းများ၊ ယာယီဖြတ်ကူးရန် တံတားများ ရေနစ်မြုပ် ထိခိုက်မှုများရှိခဲ့ကြောင်း တွေ့ရသည်။ Source : EMG/Via : Ko Sein Than