ဆန္ဒပြသူများကို စစ်တပ်သုံးနှိမ်နင်းမည့် သမ္မတ၏ အစီအစဉ် အမေရိကန်ကာကွယ်ရေးဝန်ကြီး မထောက်ခံ…ရုပ်သံပါဝင်သည်

ဆန္ဒပြသူများကို စစ်တပ်သုံးနှိမ်နင်းမည့် သမ္မတ၏ အစီအစဉ် အမေရိကန်ကာကွယ်ရေးဝန်ကြီး မထောက်ခံ…ရုပ်သံပါဝင်သည်

ဆန္ဒပြသူများကို စစ်တပ်သုံးနှိမ်နင်းမည့် သမ္မတ၏ အစီအစဉ်ကို အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်က မထောက်ခံဘူးလို့ ပြောလိုက်ပါပြီ

အမေရိကန်ပြည်ထောင်စုတစ်ဝန်းဆန္ဒပြမှုများကို စစ်တပ်လွှတ်နှိမ်နင်းမည့် သမ္မတဒေါ်နယ်ထရမ့်၏ အစီအစဉ်ကို မထောက်ခံဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး မာ့ခ်အက်စ်ပါ (Mark Esper) က ပြောကြားလိုက်ကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။

“ တရားဥပဒေစိုးမိုးရေးအခန်းကဏ္ဍအတွက် လက်ရှိတာဝန်ထမ်းဆောင်ဆဲ စစ်သားတွေသုံးဖို့ ရွေးချယ်မှုမျိုးဟာ နောက်ဆုံးရွေးချယ်စရာအခြေအနေ၊ အဆုံးစွန်အရေးပေါ်အခြေအနေ၊ အဆိုးဆုံးအခြေအနေမှာပဲ သုံးသင့်ပါတယ်။

အခု ကျွန်တော်တို့ဟာ အဲဒီလို အခြေအနေမျိုးတစ်ခုခုကို ရောက်နေတာမဟုတ်ပါဘူး။ ကျွန်တော်ကတော့ သောင်းကျန်းသူဆိုင်ရာအက်ဥပဒေ ( Insurrection Act) ကိုသုံးတာကို မထောက်ခံပါဘူး” ဟု

ပင်တဂွန်စစ်ဌာနချုပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အမေရိကန်ကာကွယ်ရေးဝန်ကြီး မာ့ခ်အက်စ်ပါက ပြောကြားသည်။ ထို့ပြင် ရဲ၏ ကြမ်းကြမ်းတမ်းတမ်းဖမ်းဆီးမှုကြောင့်

သဆုံးသွားသော ဂျော့ဖလွိုက် အရေးကိစ္စနှင့် ပတ်သက်၍လည်း “ ဒါအလွန်ဆိုးဝါးတဲ့ ရာဇဝတ်မှုပါ။ အမေရိကမှာ လူမျိုးရေးခွဲခြားမှုဆိုတာ တကယ့်အရှိတရားပါ။

ဒီအမှန်တရားကို အသိအမှတ်ပြုဖို့ ၊ ရင်ဆိုင်ဖို့နဲ့ ဖယ်ရှားပစ်ဖို့ ကျွန်တော်တို့အားလုံး အကောင်းဆုံးအလုပ်လုပ်ရပါ့မယ်” ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးက ပြောကြားသည်။

ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့တော်ဝန်များအနေနှင့် ၎င်းတို့ဒေသတွင် နေထိုင်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ရန် လိုအပ်သည့် လုပ်ဆောင်မှုများ မလုပ်ဆောင်ခဲ့ပါက

စစ်တပ်စေလွှတ်နှိမ်နင်းနိုင်မည့် သောင်းကျန်းမှုဆိုင်ရာအက်ဥပဒေ ( Insurrection Act) ကို အသုံးပြုသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဇွန်လ ၁ ရက်နေ့တွင် ပြောကြားခဲ့သည်။

သမ္မတ၏ စစ်တပ်စေလွှတ်မည့်အစီအစဉ်ကို ပြည်နယ်အစိုးရအချို့ လက်မခံဘဲ ငြင်းဆန်ခဲ့ကြသည်။အဆိုပါအက်ဥပဒေကို ယခင်က အမေရိကတွင် အကြိမ် ဒါဇင်ပေါင်းများစွာ သုံးစွဲခဲ့သော်လည်း၊ ယင်းဥပဒေကို အသုံးပြုခြင်းမရှိသည်မှာ

နှစ်ပေါင်း ၃၀ နီးပါးရှိပြီဖြစ်ကြောင်း ကွန်ဂရက်လွှတ်တော်သုတေသနအဖွဲ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းအက်ဥပဒေကို နောက်ဆုံးအသုံးပြုခဲ့သည်မှာ ၁၉၉၂ ခုနှစ်က ဖြစ်ပြီး ယင်းအချိန်က

အမေရိကန်သမ္မတဖြစ်သူ ဂျော့အိပ်ခ်ျဒဗလျူဘွတ်ရှ် (George HW Bush) က လော့စ်အိန်ဂျလိစ်မြို့တွင် ဖြစ်ပွားသည့် လူမျိုးရေးပဋိပက္ခတွင် သုံးစွဲခဲ့ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

လေးစားစွာဖြင့် ခရစ်ဒက်………..The Voice Journal

ရုပ်သံ

BREAKING NEWS ( Live from Pentagon)——————————————————————အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်က သမ္မတရဲ့ စစ်တပ် စေလွှတ်မယ်ဆိုတာကို မထောက်ခံဘူးလို့ ပြောလိုက်ပီ။ အမေရိကန် ကာကွယ်ရေးဝန်ကြီး ESPER က အခု ပင်တဂွန်မှာ ပြုလုပ်နေတဲ့ သတင်းစာရှင်းလင်းပွဲမှာ " စစ်သားဟောင်းတဦးအနေနဲ့ကော ပြည်နယ်လုံခြုံရေးတပ်သားဟောင်း တဦးအနေနဲ့ကော ကာကွယ်ရေးတာဝန်ရှိသူ တဦးအနေနဲ့ပါ ပြောချင်တာက ပြည်တွင်းကိစ္စမှာ ပြည်နယ်လုံခြုံရေးတပ်တွေကိုပဲ သုံးသင့်ကြောင်း။ အမေရိကန် ပင်မစစ်တပ်ကြီးအနေနဲ့ ဝင်ပီး ထိန်းသိမ်းရန်မလိုကြောင်း။ ပြည်သူတွေရဲ့ လွတ်လပ်စွာဖော်ထုတ်ခွင့်ကို လေးစားရမည်ဖြစ်ကြောင်း။ စစ်တပ် စေလွှတ်တာဟာ နောက်ဆုံးအခြေအနေမှာသာ အသုံးပြုသင့်ကြောင်း၊ အခုအနေအထားဟာ နောက်ဆုံးအနေအထားမဟုတ်ကြောင်း၊ သမ္မတရဲ့ စစ်တပ်စေလွှတ်ပီး နှိမ်နင်းမယ်ဆိုတဲ့ ဥပဒေအသက်သွင်းမယ်ဆိုတာကို အမေရိကန်စစ်ဌာချုပ် ပင်တဂွန်က မထောက်ခံပါဘူး။" လို့ တရားဝင်ပြောလိုက်ပါပီ။အမေရိကန်ပြည်သူတွေကတော့ အနိုင်ရသွားပါပီ။ သူတို့ ၂ရက်တိတိ စစ်တပ်ကို ဝင်မပါဖို့ ပြောခဲ့တာ အခု အောင်မြင်သွားပါပီ။ ဒီတခါ လွှတ်တော်က ဝင်မပါပဲ ငြိမ်နေပီး သမ္မတနဲ့ အုပ်ချုပ်ရေးမှူးတွေ ပြသနာတွေကြား။ ပြည်သူလူထုနဲ့ ထိပ်တိုက်တွေ့နိုင်တဲ့ အခြေအနေတွေမှာ အမေရိကန် စစ်တပ်ရဲ့ လုပ်ကိုင်သွားပုံတွေကတော့ Professional ဆန်လွန်းလှပါတယ်။တဖက်ကတော့ ကာကွယ်ရေးဝန်ကြီးဟာ သမ္မတအမိန့်ကို မနာခံတာဟာ ကျမ်းကျိန်တာကို ဖောက်ဖျက်ရာရောက်တယ်လို့ ဝေဖန်နေပါတယ်။

Posted by Nay Thway on Wednesday, June 3, 2020