ရန်ကုန်တိုင်းအစိုးရအား တိုင်ကြားမှု ရဲအရေးမပိုင်၍ အမှုဖွင့်မရဟုဆို သတင်းအပြည့်အစုံမှာ…

ရန်ကုန်တိုင်းအစိုးရအား တိုင်ကြားမှု ရဲအရေးမပိုင်၍ အမှုဖွင့်မရဟုဆို

ရန်ကုန်တိုင်းအစိုးရအား တိုင်ကြားမှုမှာ ရဲအရေးမပိုင်သောကြောင့် အမှုဖွင့်၍မရကြောင်း ပခုက္ကူမြို့မရဲစခန်းမှ သိရသည်။ ထိုကြောင့် တိုင်ကြားသူအနေဖြင့် အမှုအား တရားရုံးသို့သာ ဦးတိုက်လျှောက်ရမည်ဟု အဆိုပါရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ကိုဗစ်ကာလအတွင်း ဘာသာရေးပွဲပြုလုပ်ခဲ့သည့်

ရန်ကုန်တိုင်းအစိုးရအဖွဲ့အား အရေးယူပေးရန် ပခုက္ကူမြို့မရဲစခန်းသို့ ယနေ့(မေ ၂၆ ရက်)တွင် တိုင်ကြားခဲ့ကြောင်း ပခုက္ကူမြို့နေ ကိုသာထက်အောင်က ပြောသည်။ ” ရန်ကုန်တိုင်းအစိုးရက မေ ၂၄ရက်မှာ ပြုလုပ်လိုက်တဲ့ ဘာသာရေးအခမ်းအနားက ကိုဗစ်အမျိုးသားအဆင့်ကော်မတီက ထုတ်ထားတဲ့

လူစုလူဝေးမလုပ်ရဆိုတဲ့အမိန့်ကို ဖောက်ဖျက်တာဖြစ်တယ်လို့ အသိပေးအကြောင်းကြားခဲ့တာပါ။ စခန်းကတော့ ရဲအရေးပိုင်တဲ့ ကိစ္စမဟုတ်လို့ တရားရုံးကိုပဲ ဦးတိုက်လျှောက်ဖို့ ပြောပါတယ်။ ဒါပေမယ့် တိုင်းဒေသအစိုးရအဖွဲ့ကို တရားစွဲဆိုနိုင်တဲ့အခြေအနေက ကျွန်တော့်မှာ မရှိဘူး။ ဒါသက်ဆိုင်ရာ အာဏာပိုင်ဌာနတွေက

အရေးယူပေးဖို့ အသိပေးအကြောင်းကြားတာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။ မေ ၂၄ ရက် နံနက်ပိုင်းက ဗိုလ်တထောင်မြို့နယ် ၊ ဗိုလ်တထောင်ဆိပ်ကမ်း၌ ကျင်းပသည့် ရှင်ဥပဂုတ္တမထေရ်မြတ် ဖောင်တော်ရေချပူဇော်ပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအပါအဝင် တိုင်းအစိုးရအဖွဲ့ဝင်များ

တက်ရောက်ခဲ့ပြီး ကိုဗစ်ကာလအတွင်း လူစုလူဝေးပြုလုပ်သည်ဟုဆိုကာ ပြည်သူများအကြား ဝေဖန်မှုများ ရှိခဲ့သည်။ ” ဒါနဲ့ပတ်သက်ပြီး ကိုဗစ်အမျိုးသားအဆင့်ဗဟိုကော်မတီကို စာပေးပို့ အကြောင်းကြားသွားဖို့ ရှိပါတယ်”ဟု ကိုသာထက်အောင်က ပြောသည်။ ပြီးခဲ့သည့် ဧပြီလအတွင်းက မရမ်းကုန်းမြို့နယ်၌

ဘာသာရေးပွဲပြုလုပ်ခဲ့သည့် ခရစ်ယာန် တရားဟောဆရာ စောဒေးဗစ်လားအပါအဝင် စုစုပေါင်း လေးဦးအား ရောဂါဖြစ်ပွားစေနိုင်သည့် လူစုလူဝေးပြုလုပ်သည်ဟုဆိုကာ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေ ပုဒ်မ-၂၅ဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရက တရားစွဲဆိုထားသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အား အရေးယူပေးရန် တိုင်ကြားခဲ့သည့်

ကိုသာထက်အောင်သည် ပခုက္ကူနည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦး ဖြစ်သော်လည်း ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် ကျောင်းသားသမဂ္ဂနှင့် သက်ဆိုင်မှုမရှိကြောင်းကာယကံရှင်က ဆိုသည်။ သတင်း- မင်းဟိန်း/စံတော်ချိန် ဓာတ်ပုံ- ရန်ကုန်တိုင်းအစိုးရအဖွဲ့