သားသမီးအရင်းကို တောင်းရမ်းခိုင်းပြီး စီးပွားရှာတဲ့ လူမဆန်တဲ့ဖခင်

သားသမီးအရင်းကို တောင်းရမ်းခိုင်းပြီး စီးပွားရှာတဲ့ လူမဆန်တဲ့ဖခင်

လူမူကွန်ယက်မှာ ပျံ့နှံ့နေတဲ့ ကလေးတွေကို တောင်းရမ်း‌စေခိုင်းသူ(၂)ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီး

မန္တလေး၊ မေ ၂၅-၂၀၂၀ ဟိန်းကို(VOM) မန္တလေးမြို့ပေါ်က လမ်းမီးပွိုင့်တွေမှာ ကလေးတွေကို တောင်းရမ်းစေခိုင်းနေတဲ့ အမျိုးသားနှစ်ဦးကို ဒီကနေ့မနက်မှာပဲ ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေက ဖမ်းဆီးခဲ့ပါတယ်။ မေလ(၂၃)ရက်နေ့ကတည်းက အဲ့ဒီကလေးတွေကို မန္တလေးမြို့၊

လမ်း၃၀နဲ့ ၇၃လမ်းထောင့် နေပူထဲမှာ တောင်းရမ်းစေခိုင်းနေတဲ့ အမျိုးသားနှစ်ဦးရဲ့ ဗီဒီယိုဖိုင်ဟာ လူမူကွန်ယက်စာမျက်နှာပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ “ကျွန်တော်တို့က လိုင်းပေါ်မှာတွေ့တဲ့နေ့ကတည်းက လိုက်စုံစမ်းပါတယ်၊ သက်ဆိုင်ရာအဖွဲ့တွေနဲ့ပေါ့၊ ဒီနေ့မှာ ဖမ်းမိတယ်။ ကျွန်တော်တို့က တရားလိုလုပ်ပြီးအမှုဖွင့်မှာ”လို့

ဖမ်းဆီးချိန်မှာပါဝင်တဲ့ ဟေမာဇရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ဒီကနေ့ မေလ(၂၅)ရက်နေ့မနက်ပိုင်းမှာ တောင်းရမ်းခိုင်းလို့ ရလာတဲ့ပိုက်ဆံတွေ၊ ကလေးနှစ်ဦး နဲ့ တောင်းရမ်းစေခိုင်းတဲ့ အမျိုးသားနှစ်ဦးကို မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးရှေ့မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

တောင်းရမ်းစေခိုင်းတဲ့ အမျိုးသား(၂)ဦးနဲ့ ကလေး(၂)ဦးဟာ ရှမ်းပြည်ဘက်ကလာတယ်လို့ သိရပြီး သူတို့တွေဟာ သားအဖအရင်းတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။ ကလေး‌သူငယ်တွေကို တောင်းရမ်းစေခိုင်းခဲ့တဲ့ အမျိုးသား(၂)ဦးကို ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၈)ရဲစခန်းမှာ ကလေးသူငယ်

အခွင့်အရေးများဆိုင်ရာဥပ‌ဒေပုဒ်မ ၁၀၂(ခ)နဲ့ အမှုဖွင့်ဖမ်းဆီးထားပြီး ကလေးနှစ်ဦးကိုတော့ မန္တလေးတိုင်းလူမှုဝန်ထမ်းဦးစီးဌာနကို ပို့ဆောင်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။