အပြောင်မြောက်ဆုံးဘဝတစ်ခုအတွက် မိသားစု၏ စွန့်ပြစ်ခြင်းခံခဲ့ရသူ အိရှန်းဟစ်လာ

အိရှန်းဟစ်လာ (သို့မဟုတ်) Belly dancer

မဖြစ်နိုင်တာအားလုံးကိုဆန့်ကျင်ကျော်ဖြတ်၍ အပြောင်မြောက်ဆုံးဘဝတစ်ခုကိုတည်ဆောက်ခြင်း (Against All Odds)

ဘဝမှာလူငယ်တွေဟာ ဆန္ဒနဲ့ဘဝတစ်ထပ်တည်းမကျတာဖြစ်တတ်ပါတယ်။ ဒီစာကိုရေးရခြင်းရဲ့ရည်ရွယ်ချက်ကတော့ အခုလို Covid ကာလမှာ အားလုံးဟာအခက်အခဲတွေကို ရင်ဆိုင်နေရတဲ့အတွက် ဖြစ်ပါတယ်။ မည်သည့်အခက်အခဲကို ရင်ဆိုင်ကျော်ဖြတ်ရသည်ဖြစ်စေ စိတ်ဓာတ်မကျပဲ ကိုယ်ရောက်ချင်တဲ့ပန်းတိုင်ကို ရောက်အောင် မဖြစ်နိုင်တာအားလုံးကိုဆန့်ကျင်ကျော်ဖြတ်ခဲ့ရတဲ့ အမျိုးသား

Belly dancer တစ်ယောက်အကြောင်းကို ပြောပြလိုပါတယ်။ ​Belly dancing ဗိုက်သားလှုပ်အကဆိုတာ အမျိုးသမီးကိုယ်ခန္ဓာအချိုးအစားနဲ့သာ ကလို့အဆင်ပြေတဲ့အကအမျိုးအစားဖြစ်ပါတယ်။ အိရှန်းဟစ်လာ Eshan Hilal ဟာ အသက် 27 နှစ်ရှိတဲ့ အမျိုးသားတစ်ယောက်ဖြစ်ပြီး အမျိုးသမီးတွေသာကတဲ့ Belly dancing နဲ့ အခြားအိန္ဒိယအကတွေကို ပညာရှင် Professional အနေနဲ့ကတဲ့သူဖြစ်ပါတယ်။

ဗိုက်ဖော်ကာစကပ်ကိုဝတ်၊ လက်ကောက်တွေ လည်ဆွဲတွေ ghungroos လို့ခေါ်တဲ့ တချွင်ချွင်ခေါင်းလောင်းသေးသေးလေးတွေပါတဲ့ ခြေချင်းကိုဝတ်ပြီး နွဲ့နှောင်းစွာ စည်းချက်အလိုက် ဗိုက်တွန့်၊ တင်လှုပ်ကာကနေတဲ့ အိရှန်းဟစ်လာကို မိဘတွေက စွန့်ပစ်ထားတာ ကြာလှပါပြီ။ သူဟာ အင်မတန်တင်းကျပ်တဲ့ ရှေးရိုးစွဲမူဆလင်မိသားစုက ဆင်းသက်လာသူဖြစ်ပါတယ်။

လူမှန်းသူမှန်းစသိတဲ့အရွယ်ကတည်းက အိရှန်းဟာ တီဗီကနေ ဘောလိဝုဒ်သီချင်းတွေလာရင် အကုန်မှတ်မိပြီး ပြန်ကတတ်သူပါ။ ငယ်စဉ်ကတည်းက ဆိုင်းသံတီးလုံးသံကြားရင် ကတတ်ခုန်တတ်တဲ့ အိရှန်းဟာ မိသားစုထဲမှာ ချစ်စရာကောင်းတဲ့ ဖျော်ဖြေသူဖြစ်လာခဲ့ပါတယ်။ သူအသက် 7 နှစ်အရွယ်မှာ အဖိုးဖွားတွေရဲ့ရွာကို သွားလည်ပါတယ်။ သူက ခရစ်ကတ်ဆော့နေတဲ့ကောင်လေးတွေနဲ့ဝင်မဆော့ပဲ

ကလေးမတွေကနေတဲ့အထဲမှာ ဝင်ကပါတယ်။ သူ့အဖွားက “ဖာသည်”အကလို့ဆိုလိုက်တဲ့အခါမှာ သူနားမလည်ပါဘူး။ “နင့်အဖေသိတဲ့အခါကြည့်ပေါ့လို့” သူ့အဖွားကဆိုလိုက်ပါတယ်။ တကယ်ပဲသူ့အဖေသိတဲ့အခါမှာ ကျောပြင်မှာဗျောအတင်ခံရပါတော့တယ်။ “ယောက်ကျားဖာသည်”လို့လည်း အဆဲခံရပါသေးတယ်။ တဖြည်းဖြည်းနဲ့ အိရှန်းဟာ ရှက်တတ်ကာအပြင်မထွက်ပဲ

အိမ်ထဲမှာပဲကုပ်​နေပါတယ်။ အိမ်ထဲမှာအရုပ်ကလေးတွေနဲ့ပဲ ကစားနေတတ်ပါတယ်။ သူ့အဖေက သူများတွေနဲ့အတူ ခရစ်ကတ်သွားကစားခိုင်းပါတယ်။ သူကလုံးဝစိတ်ဝင်စားမှုမရှိတဲ့အခါမှာ သူ့အဖေကအလွန်ဒေါသထွက်ပြီး သူ့ကိုကျားကျားယားယားရှိအောင် ပြင်ပစ်ဖို့ကြိုးစားပါတယ်။ မူဆလင်ရှေးရိုးစွဲ အကြမ်းကိုင်တတ်တဲ့အဖေရဲ့ ရက်စက်စွာရိုက်နှက်မှုတွေရယ်

“bhand” “hijara” စသည်ဖြင့် “အခြောက်” ခေါ်လိုက် ဂန်ဒူးခေါ်လိုက်နဲ့ တလှည့်စီအခေါ်ခံခဲ့ရပါတယ်။ သားကြီးဩရသကို ထူးချွန်တဲ့ ခရစ်ကတ်ကစားသမားဖြစ်စေချင်တဲ့အဖေနဲ့ အိမ်မှာအရုပ်နဲ့ပဲဆော့တတ်တဲ့ ခပ်ပျော့ပျော့ အိရှန်းတို့ရဲ့ဆက်ဆံရေးဟာ ခါးသီးလှပါတယ်။ ကလေးဘဝမိသားစုထဲမှာ အစော်ကားခံခဲ့ရပြီးနောက် သူဟာသူ့မှာတစ်ခုခုမှားနေတယ်လို့ ထင်နေခဲ့ပေမယ့်

ဘာမှားနေမှန်းတော့ ရှာမတွေ့ခဲ့ပါဘူး။ တနေ့မှာ Kathak လို့ခေါ်တဲ့ အိန္ဒိယမှာ ယောက်ျားတွေနဲ့မိန်းမတွေ တွဲကတဲ့အကကို သင်လို့ရမလားလို့ သူ့အမေကိုမေးမိရာက အမေကပါးတစ်ချက်ခပ်ပြင်းပြင်းချပြီး အဖြေပြန်ပေးခဲ့ပါတယ်။ ဒါပေမယ့် အိရှန်းဟာ Kathak သင်တဲ့ဆရာတွေဆီမှာ သင်ပေးဖို့သွားပြောကြည့်ခဲ့ပါတယ်။ ဆရာတွေက သင်တန်းကြေးမပေးနိုင်တဲ့

အိရှန်းကို သင်ပေးဖို့ငြင်းပယ်ခဲ့ကြပါတယ်။ နောက်ဆုံးသင်ပေးမယ့်သူဘယ်သူမှမရှိတဲ့အခါမှာ အိရှန်းဟာ အကစာအုပ်တစ်အုပ်ကို ဖတ်ပြီး သူ့ဘာသာသူ အကသင်ပါတော့တယ်။ အဲဒီလို အကသင်ပေးမယ့်သူကို လိုက်ရှာရင်း တနေ့တော့ ကံကောင်းစွာနဲ့ ပူခစ်မီရှရာနဲ့သွားတွေ့ပါတယ်။ ပူခစ်မီရှရာဟာသူ့ကို အခမဲ့ အကသင်ပေးခဲ့ပါတယ်။ အိရှန်းဟာ သိပ္ပံစာသင်ချိန်တွေကိုလစ်ပြီး Kathak အကကို

ပူခစ်မီရှရာဆီမှာ 6 နှစ်သွားရောက်သင်ကြားခဲ့ပါတယ်။ ကျောင်းကပွဲမှာ အိရှန်း Kathak ဝင်ကတဲ့အခါမှာ မိဘတွေကသိရှိသွားပြီး ဂုဏ်မယူနိုင်ပဲ ဒေါသအကြီးအကျယ်ထွက်ခဲ့ပါတယ်။ သူ့အဖေဟာ ghungroos ခြေချင်းတွေကို အိမ်ထဲက လွှင့်ပစ်ခဲ့ပြီး သူ့ကိုလည်း ခြေမျက်စိအက်တဲ့အထိ ရိုက်နှက်ခဲ့ပါတယ်။ အိမ်မှာအရိုက်ခံရတဲ့ဒဏ်ကို မခံနိုင်တော့ပဲ အသက် 14 နှစ်သားအရွယ် အိရှန်းဟာ အိမ်ကထွက်ပြေးခဲ့ပါတယ်။

ဒေလီမြို့ကနေပြီး ကီလိုမီတာ 300 လောက်ဝေးတဲ့ Nainital ကို ဘက်စ်ကားစီးပြီးထွက်ပြးခဲ့ပါတယ်။ အဲ့ဒီမှာ Reality TV Dance show တစ်ခုမှာ ဝင်အရွေးခံဖို့သွားတာပါ။ အရွေးခံရဖို့နေနေသာသာ ဟော်တယ်တစ်ခုမှာ သန့်ရှင်းရေးဝန်ထမ်းအဖြစ် 6 လ ဝင်လုပ်ခဲ့ရပါတယ်။ ရဲကသူ့ကိုတွေ့သွားပြီး မိဘအိမ်ပြန်အပ်ခဲ့တဲ့အချိန်မှာတော့ သူ့အဖေရဲ့ ထုံးစံအတိုင်း ကောင်းကောင်းကြီး ရိုက်နှက်ဆုံးမတာကိုခံခဲ့ရပါတယ်။

အိမ်ပြေးဆိုတော့ ပိုဆိုးတာပေါ့လေ။ သူ့အမေက သားဦးမို့ချစ်ပေမယ့် အသက် 14 နှစ်နဲ့ ပညာတစ်ပိုင်းတစ်စနဲ့ ကျောင်ူမပြီးတဲ့ကလေးကို အတော်စိတ်ပျက်ခဲ့ပါတယ်။ ဒီကြားထဲ ရှေးရိုးစွဲအစ္စလမ်ဘာသာက ယောက်ျားလေးကိုမကဖို့ တားမြစ်ထားတယ်လို့ ယုံကြည်ထားပါတယ်။ သူ့အဖေ မိုဟာမက်ဟစ်လားကတော့ သူ့ကိုစကားမပြောတာကြာပြီဖြစ်ပါတယ်။

“ကတယ်ခုန်တယ်ဆိုကတည်းကမှားနေပြီ။” “ဒီကောင်က အိမ်ကိုအတော်အရှက်ရစေတဲ့အကောင်။ လူ့အသိုင်းအဝိုင်းထဲမှာ အသုံးမဝင်တဲ့အကောင်ပဲ။” သူ့မိဘတွေကိုစိတ်ချမ်းသာစေဖို့ အိရှန်းက အသက် 18 နှစ်မှာ အကကိုစွန့်လွှတ်ခဲ့ပါတယ်။ “ကျနော်ပြောင်းလဲဖို့ကြိုးစားခဲ့ပါတယ်။ ဘယ်လောက်ပဲ အသုံးမကျပေမယ့်

ခရစ်ကတ်ကိုကြိုးစားပြီးဆော့ကြည့်ပါတယ်။ ကိုယ်စိတ်မပါတာကို အတတ်နိုင်ဆုံးကြိုးစားပြီးလုပ်ကြည့်ပါတယ်။ မရခဲ့ပါ။” ဖြစ်ချင်တော့ သူ့အမေက သူ့ကိုအလာအရှင်ကိုယုံကြည်ဖို့ ပြောကြားခဲ့ပါတယ်။ အဲ့ဒီမှာ အလာအရှင်ကသူ့ကို မကစေချင်တာမဖြစ်နိုင်ဘူး။ လူတွေက ဘာသာရေးကိုနားလည်မှုလွဲနေတာပါ”တဲ့။

Kathak အကကို လေ့လာနေစဉ်မှာပဲ သူဟာ ပြင်သစ်က Illan Riviere နဲ့ ဩစတေးလျက Jamil Halaby ဆိုတဲ့ ထင်ရှားတဲ့ ယောက်ျား Belly dancer နှစ်ယောက်နဲ့တွေ့ခဲ့ပါတယ်။ အိရှန်းဟာ အဲ့ဒီအချိန်ကစပြီး Belly dancing ဗိုက်သားလှုပ်အကရဲ့ညှို့ယူဖမ်းစားခြင်းကို အပြည့်အဝခံစားလိုက်ရပြီး

နာမည်ကြီး Belly dancer မီဟာမာလစ်ရဲ့ ဒေလီက Banjara School of Dance ကို ဝင်ခွင့်တောင်းလိုက်ပါတော့တယ်။ အစပိုင်းမှာ အဲ့ဒီကျောင်းကသူ့ကို ငြင်းပယ်ခဲ့ပါတယ်။ အဲ့ဒီကျောင်းမှာ အမျိုးသား Belly dance ကတဲ့သူတွေကို လက်မခံဖူးလို့ပါ။ Belly dancing ဗိုက်သားလှုပ်အကဟာခက်ခဲပါတယ်။

စည်းချက်ရစ်သမ်ပေါင်း 50 လောက်ရှိပြီး သီချင်တစ်ပုဒ်မှာ ကိုယ်ခန္ဓာအစိတ်အပိုင်းကို ခွဲလှုပ်ပြီးကရတာတွေပါပါတယ်။ လှုပ်ရှားမှုက ရိုးရှင်းသလိုဆိုပေမယ့် ဆရာတစ်ဆူအဖြစ် ကျွမ်းကျင်ဖို့က ခက်ခဲပါတယ်။ အိရှန်းဟာ 2016 မှာ မာလစ်တို့အဖွဲ့နဲ့ တရုတ်ပြည် ကွမ်ကျိုးက အပြည်ပြည်ဆိုင်ရာအရှေ့တိုင်းကပွဲမှာ ဝင်ပြိုင်ခဲ့ရာမှာ ဒုတိယဆုကို ဆွတ်ခူးခဲ့ပါတယ်။

အစက အိရှန်းဟစ်လာကို ဘယ်သူမှမသိခဲ့ပေမယ့် အခုအခါမှာတော့ သူ့အကြောင်း Wikipedia မှာပါသလို သူ့ကိုလူအတော်များများက သိနေကြပါပြီ။ Belly dancing ဗိုက်သားလှုပ်အကမှာ perfect body, size, colour ဆိုတာမရှိပဲ ကိုယ့်သဘာဝကိုကိုယ် လက်ခံပြီး ကိုယ်ဟာကိုယ့်နည်းနဲ့ကိုယ်လှပတယ်ဆိုတာကို သူသိလာပါတယ်တဲ့။ သူ့ကို သဘောကျမြတ်နိုးလာပြီး အကလိုက်သင်တဲ့ ယောက်ျားလေးရော

မိန်းကလေးတွေအများကြီးရှိလာပါတယ်။ သူဟာ ကပွဲတွေသာမက ဖက်ရှင်ရှိုးမော်ဒယ်အဖြစ်ပါ အောင်မြင်ကျော်ကြားတဲ့သူဖြစ်လာပါတယ်။ အကသင်တန်းတွေလည်း ဖွင့်ထားပါတယ်။ TEDx ပွဲတွေမှာ သူစကားပြောပြီးလူတွေကို စိတ်ဓာတ်တက်ကြွစေခဲ့ပါတယ်။ India Today မဂ္ဂဇင်းကနေ အိန္ဒိယရဲ့ 2017 ခုနှစ် Top 10 modern icon ထဲမှာ သူ့ကို ရွေးချယ်ခဲ့ပါတယ်။

သူ့ဆီကိုမကြာခန ကလေးမိဘတွေက မက်ဆေ့တွေပို့ပြီး အိရှန်းဟစ်လာရဲ့ ကပွဲတွေ၊ သူ့ရဲ့အကြောင်းတွေဖတ်ရပြီးနောက် အိရှန်းကို လေးစားသျဘာကျမိပါကြောင်း။ မိဘတွေဟာ သူတို့သားသမီးတွေ ဘာဖြစ်ချင်လဲ ဘာထူးချွန်တဲ့ ဗီဇပါသလဲဆိုတာ လေ့လာပြီး လက်ခံပေးတတ်လာကြောင်း။ သူ့ကိုကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့ပါတယ်။ သူ့အနေနဲ့ လူတွေရဲ့တွေးခေါ်ပုံ

mindset ကို ပြောင်းလဲရာမှာ သေးငယ်တဲ့အခန်းကဏ္ဍကပါဝင်ခွင့်ရခဲ့တယ်ဆိုတာကို သိရတဲ့အတွက် အရမ်းကိုကျေနပ်အားရမိပါတယ်တဲ့။ သို့သော်လည်း သူ့အတွက်ကတော့….. ဒီလောက်အောင်မြင်ကျော်ကြားနေသော်ငြားလည်း သူ့မိဘတွေဟာ သူ့ရဲ့ profession သူရွေးချယ်တဲ့လမ်းကြောင်းကို အခုထိလက်မခံသေးပါဘူး။ သူတို့တွေဟာ အိရှန်းဟစ်လာကို သူတို့သားလို့ ဂုဏ်ယူစွာလက်မခံကြသေးပါ။

တစ်နေ့တော့ လက်ခံလာလိမ့်မယ်လို့တော့ သူကမျှော်လင့်ထားဆဲပါ။ အကပညာဟာ သူ့ဘဝရဲ့အချစ်၊ သူ့ရဲ့ကိုးကွယ်ရာ၊ သူ့ရဲ့ဆုတောင်းရာလို့ဆိုပါတယ်။ သူကတဲ့အခါမှာ အလာအရှင်မြတ်နဲ့ဆက်သွယ်မှုရစေတယ်။ သူ့ကိုယ်သူနဲ့လည်းပြန်ဆက်သွယ်မှု ရစေတယ်လို့ဆိုပါကြောင်း။

Moral of the Story

အိရှန်းဟစ်လာဟာ လုံးဝမဖြစ်နိုင်တဲ့အခက်အခဲတွေကို ကျော်ဖြတ်ပြီး သူဖြစ်ချင်တဲ့ဘဝကို တည်ဆောက်ယူခဲ့ပါတယ်။

ကျနော်တို့ အခုကြုံတွေ့နေရတဲ့ အခက်အခဲအချို့ဟာ သူ့လိုနှစ်ပေါင်း 20 လောက်စိတ်ဒဏ်ရာတွေကြားက ဖြတ်သန်းကြိုးစားဖို့မလိုသေးပါဘူး။

လူဆိုတာ အသက်ရှင်သန်နေသ၍ ကိုယ်သွားချင်တဲ့ အိမ်မက်ပန်းတိုင်ဆီကို သွားခွင့်ရနေဆဲပါ။

အဲ့လိုကိုယ့်အိမ်မက်ဆီသွားဖို့ ကိုယ်ကလွဲလို့ မိဘအသိုင်းအဝိုင်းရော ဘယ်သူကမှမတားဆီးနိုင်ပါ။

အရှက်အကြောက်တရားတွေကို ရင်ဆိုင်ဖြတ်သန်းပြီး ကိုယ်မှန်တယ်ထင်ရာကို ရဲရဲကြီး ဇွဲမလျှော့ပဲလုပ်ဖို့သာလိုပါတယ်။

မိဘတွေအနေနဲ့ သားသမီးတွေမှာ သူတို့ရဲ့ ပင်ကိုယ်ထူးချွန်ရာ အားသန်ရာ talent ကိုရှာဖွေပြီး သူတို့ရဲ့ဆန္ဒအိမ်မက်တွေကို ရဲရဲကြီးလျှောက်လှမ်းတာကို အားပေးဖို့ ကျနော်​ပြောလိုပါတယ်။

အဲ့လိုသူအားသန်ရာကို သွားနေစဉ်မှာ အခြေခံအတန်းပညာအဆင့်တစ်ခုကို တွဲသင်သွားဖို့ လမ်းကြောင်းတည့်မတ်ပေးပါ။

LGBT နဲ့ ပတ်သက်လို့ကတော့ လူတစ်ယောက်ဟာ သူ့ရွေးချယ်ရာနဲ့ပတ်သက်လို့ ငယ်စဉ်ကတည်းက လူပေါင်းမှားလို့ LGBT မဖြစ်သွားဖို့ကလွဲလို့ LGBT ကို ကျနော်နားလည်လက်ခံပါတယ်။

LGBT မဖြစ်အောင် အတင်းဖိနှိပ်တာကို လုံးဝလက်မခံပါဘူး။ ဒါဟာသဘာဝတစ်ခုပဲဖြစ်ပြီး သဘာဝတရားနဲ့ဆန့်ကျင်မှုမဟုတ်ပါ။

လူဆိုတာ အသက်ရှင်နေစဉ်မှာ သူ့လမ်းကို သူရွေးချယ်ခွင့်ရသင့်ပါတယ်။

သို့သော်ဟိုမရောက် ဒီမရောက်နဲ့ အဓိပ္ပာယ်မရှိပဲ နာမည်ကျော်ကြားဖို့ အတတ်ဆန်းပြီး သရုပ်ပျက်တွေ Facebook မှာတင်နေတာကို အားမပေးပါ။

ကိုယ်ဘာပဲ ဖြစ်ဖြစ် Professional ဖြစ်တဲ့ဘဝကို ရွေးချယ်ပါ။

လွန်ခဲ့တဲ့ 7 နှစ်လောက်က 6 လလောက်ကြိုတင် ဘိုကင်ယူရတဲ့ နာမည်ကြီးအလှဖန်တီးရှင်တစ်ဖွဲ့ကို မင်္ဂလာဆောင်တစ်ခုမှာ ဆုံတွေ့ခဲ့ရာမှာ အတော်စိတ်ပျက်ဖူးပါတယ်။

Professional ဆန်ရမယ် ခြေဆော့လက်ဆော့လုပ်တာကို လုံးဝလက်မခံပါ။ သူများကို မထိခိုက်စေပါနဲ့။

လူငယ်တွေကိုပြောလိုတာက အိရှန်းလိုလူမျိုးတောင် သူဖြစ်ချင်တဲ့ ပရော်ဖက်ရှင်နယ်ဘဝကို ဖြစ်အောင် ဇွဲနပဲနဲ့ အခက်အခဲတွေကြားက ရအောင်လုပ်ယူနိုင်သေးရင် မိမိတို့ရဲ့အိမ်မက်ကို ဘာအကြောင်းကြောင့်နဲ့မှ အပျောက်မခံပါနဲ့လို့ မှာလိုပါတယ်။

လူငယ်တွေသာမကပါဘူး လူဆိုတာ အသက် 40 ကျော်မှ ကိုယ်ဖြစ်ချင်တဲ့ဘဝကို စတင်လို့ရပါတယ်။

သင်ဘယ်တော့မှ နောက်မကျသေးဘူးဆိုတာ အမြဲသိထားပါ။

ကျနော်ကိုယ်တိုင်လည်း အသက် 40 ကျော်မှ ကိုယ့်ဖြစ်ချင်တဲ့ဘဝကို ကိုယ်စတင်ခဲ့သူပါ။

အသက် 30 ကျော်မှ စစ၊ အသက် 40 ကျော်မှစစ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုထားပြီး ကိုယ့်အိမ်ထဲကဘဝကို ယုံကြည်မှုအပြည့်နဲ့ တည်ဆောက်ယူပါ။

သင်နောက်မကျသေးပါ။ Leave a legacy behind.

နောင်လာနောင်သားတွေအတွက် Role Model အဖြစ် Inspiration Story တစ်ခုတော့ထားခဲ့ပါလို့ ပြောကြားလိုပါတယ်။ ကျေးဇူးတင်ပါတယ်။ Eshan Hilal အိရှန်းဟစ်လားရဲ့ Belly dance အက

ကျနော့်သူငယ်ချင်းများ ဘဝနဲ့ဆန္ဒတစ်ထပ်တည်းကျပါစေသတည်း။

credit Richard Myo Thant