MOB ဘဏ်မှ ငွေများ လိမ်လည် ထုတ်ယူမှုဖြစ်ပွား…သတင်းအပြည့်အစုံအား ပုံကိုနှိပ်ပြီး ဖတ်နိုင်ပါသည်

MOB ဘဏ်မှ ငွေများ လိမ်လည် ထုတ်ယူမှုဖြစ်ပွား…

ယနေ့ ပထမဆုံး သတင်းတစ်ပုဒ်အနေဖြင့် ရန်ကုန်မြို့ရှိ မြန်မာ့အရှေ့တိုင်းဘဏ် (MOB) ၌ ငွေကြေး သိန်းပေါင်း ထောင်နှင့်ချီ၍ လိမ်လည်ထုတ်ယူသွားမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။ ဖြစ်စဉ်မှာ ဘဏ်အကောင့်ပိုင်ရှင် ဦး— သည် MOB ဘဏ်၌ ငွေစုသည်မှာ ၁၅နှစ်ခန့် ကြာပြီဖြစ်ကြောင်း သိရှိရပါတယ်။ ထိုသူသည် သားသမီးများအတွက် စုဆောင်းရှာဖွေထားသော

ငွေကြေးများကို ပန်းဆိုးတန်းရှိ MOB ဘဏ်သို့ စိတ်ချယုံကြည်၍ လစဉ် ငွေများ အပ်နှံခဲ့သည်မှာ သိန်း ထောင်ကျော်သွားပြီ ဖြစ်ကြောင်း၊ အသွင်းသာရှိ၍ အထုတ်မရှိကြောင်း၊ ဘဏ်စာအုပ်အား သမီးဖြစ်သူကိုအပ်ထားကြောင်းနှင့် သမီးဖြစ်သူ၏ သူငယ်ချင်းမှ အိမ်သို့အလည်လာကာ သမီးနှင့်အတူအိမ်သန့်ရှင်းရေးဝိုင်းကူလုပ်ရင်း ဘဏ်စာအုပ်အား နှိုက်ယူသွားသည်ကို မသိရှိခဲ့ပေ။

ညနေ (၇:၀၀)နာရီ ဝန်းကျင်၌ ထိုသူငယ်ချင်းဖြစ်သူ မိန်းကလေးမှ သမီးအားဖုန်းဆက်၍ သန့်ရှင်းရေးလုပ်စဉ် ဘဏ်စာအုပ်ကိုတွေ့၍ ကောက်ယူကာ မိမိ၏ကျောပိုးအိတ်ထဲတွင် ခေတ္တသိမ်းထားခဲ့ရာ ပြန်မပေးမိသဖြင့် လာပေးလိုကြောင်းပြောရာမှ ဘဏ်စာအုပ်မရှိမှန်းသိခဲ့ရသည်ဟုဆိုသည်။ သို့ဖြစ်ပါ၍ ထိုမိန်းကလေးသည် ဘဏ်စာအုပ်အား သမီးဖြစ်သူကို လှမ်းခေါ်၍အိမ်ပေါက်ဝ၌သာပေး၍ သွားစရာရှိကြောင်း ပြောကာ ထွက်သွားခဲ့သည်။

ဦး—-သည် ရေချိုးအပြီး ရေချိုးခန်းမှထွက်လာစဉ် သမီးဖြစ်သူမှ ဘဏ်စာအုပ်လာပြန်ပေးသွားသည်ဟုဆို၍ ဘဏ်စာအုပ်အား စစ်ကြည့်ရာတွင် လက်ရေးဖြင့် သိန်း၆၀၀အနုတ်ပြနေသည်ကို တွေ့သဖြင့် နောက်နေ့မနက်တွင် ဘဏ်အကောင့်ဖွင့်ခဲ့သော ပန်းဆိုးတန်း MOB ဘဏ်ရုံးချုပ်သို့ သွားရောက်စစ်ဆေးရာ အမှန်တကယ်လျော့နေသည့် ငွေပမာဏမှာ သိန်း ၁၁၀၀ ကျပ် ဖြစ်ကြောင်းနှင့်

တာမွေ MOB ဘဏ်ခွဲ၌ သူရဇော် ဆိုသူ မှတ်ပုံတင်အမှတ် ၁၂/သကတ (နိုင်) ၁၈၀၅၂၇ မှ ထုတ်ယူသွားကြောင်းကို ဘဏ်မန်နေဂျာဆိုသူ ဒေါ်မေမျိုးသန်း ၏ပြောပြချက်အရသိခဲ့ရပါသည်ဟုဆိုသည်။သို့ဖြစ်၍ ဦး——သည် ကျွန်တော်၏ မှတ်ပုံတင်မပါပဲ ဘဏ်စာအုပ် တစ်ခုတည်းပါသွားသည်ကို မည်သို့ထုတ်ပေးလိုက်ကြောင်း မေးမြန်းရာ ဘဏ်မန်နေဂျာအမျိုးသမီးမှ ကိုယ်စားလှယ် လွှဲစာတွင်

လက်မှတ်တူနေ၍ ထုတ်ပေးလိုက်သည် ဟုပြောသည်။ ဘဏ်စာအုပ်နှင့် ကိုယ်စားလှယ် လွှဲစာတွင် လက်မှတ်တူ ပါက ကျွန်မတို့ဘဏ်တွင်ငွေ ထုတ်ယူနိုင်ကြောင်းနှင့် တခြားသော ပုဂ္ဂလိက ဘဏ် AYA ,KBZ တို့တွင်လည်း ထိုကဲ့သို့ ထုတ်ပေးကြောင်း မချေမငံ့ပြောဆို၍ မကျေနပ်ပါက ကြိုက်တဲ့နေရာ တိုင်ဟူ၍ပင် အော်ဟစ်ပြောဆိုခဲ့သည် ဟုသိရသည်။တခြားသောပုဂ္ဂလိက

ဘဏ်များအား လိုက်လံမေးမြန်းရာ ယင်းသို့ပင်မဟုတ်ကြောင်း MOB ဘဏ်နှင့် တခြားသောဘဏ်များ၏ စိစစ်မှုမှာ လုံးဝကွဲလွဲနေသည်ကို တွေ့ရှိရသည်။ ထို့ကြောင့် ဦး——-သည် တာမွေရဲစခန်းသို့ တိုင်ကြားခဲ့သည်။ သို့သော် ဘဏ်စာအုပ် ခိုးယူသွားသည်မှာ ကျောက်တံတားမြို့နယ်တွင်ဖြစ်၍ ကျောက်တံတားစခန်းသို့ပြန်လည်လွှဲခဲ့သည်ဟုဆိုသည်။ ကျောက်တံတားစခန်းမှူးသည်

ဖြစ်ကြောင်းကုန်စင်နားထောင်ပြီး ဘဏ်သို့ပြန်သွားရန်နှင့် ဘဏ်တွင် တာဝန်ရှိကြောင်းနှင့် ဘဏ်မှအချက်အလက် ပေးမည်ဆိုပါက အမှူဖွင့်ပေးမည်ဟုပြော၍ ပြန်လည်စေလွှတ်ခဲ့သည်ဟု သိရသည်။ ထို့ကြောင့် ဦး———သည် ဘဏ်သို့ သွား၍ အချက်အလက်များတောင်းရာ ရဲစခန်းမှ အမှုဖွင့်ပေးပြီးလာစစ်မှ ပေးမည် ဟု ပြန်ပြောခဲ့သည်။တာမွေတွင်တိုင်တန်းခဲ့စဉ်က ဒုရဲအုပ် ဇော်မျိုးထက် မှ ဘဏ်မှ ပိုက်ဆံထုတ်သွားသည်မှာ

ဟုတ် မဟုတ်ကို အတည်ပြုရန် CCTV မှတ်တမ်းကြည့်ရန်တောင်းသော်ငြား ပေးမကြည့်ဟုသိရသည်။ အမှူအရင်ဖွင့်ပေးပြီးမှ ပြနိုင်ကြောင်း ရှင်းပြသည်ဟုပြောသည်။ အမှူဖွင့်ရာတွင် တရားခံများ၏ နေရပ်လိပ်စာအား အတိကျ မသိရ၍ အဆင်မပြေနိုင်ကြောင်း သူရဇော်၏မှတ်ပုံတင်အရ လဝက ရုံးတွင် လိပ်စာမေးမြန်းခဲ့သော်လည်း ထိုနေရာမှပြောင်းရွေ့သွားကြောင်းသိရသည်။

ဘဏ်စာအုပ် ခိုးယူခဲ့သော မိန်းကလေးသည်လည်း အင်းစိန်ရှိ အဆောင်တစ်ခုတွင်နေသည်မှ လွှဲ၍ တခြားမသိရှိသဖြင့် အမှုဖွင့်သော်လည်း အဆင်မပြေ။ဆက်လက်၍ ဦး—– က ပြောပြသည်မှာ ကျွန်တော်သည် တာမွေဘဏ်ခွဲအား အကျိုးအကြောင်းများစွာ ရှင်းပြခဲ့ပြီး အချက်အလက်များတောင်းဆိုသောအခါ A4 စာရွက်တွင် တောင်းယူလိုကြောင်းရေးသားခိုင်းပြီး ကျွန်တော်၏

မှတ်ပုံတင်အား မိတ္တူ ဆွဲယူရန် လိုကြောင်းပြော၍ မှတ်ပုံတင်အားပေးခဲ့သည်။ နောက်တနေ့မနက်တွင် ဘဏ်မှ ဖုန်းဆက်လာ၍ ဘဏ်၏ Assistant General Manager (AGM) ဖြစ်သူ ဦးမာန်အောင်ချစ်နှင့် တွေ့ဆုံ၍ စကားပြောရာ ၎င်းမှ ကျွန်တော်ပေးခဲ့သည့် မှတ်ပုံတင် မိတ္တူအား ထုတ်ပြ၍ ငွေလာထုတ်သူမှာ မှတ်ပုံတင်မိတ္တူယူလာကြောင်းပြောဆိုပြန်သည်။

ကျွန်တော်၏ မှတ်ပုံတင်အား ကျွန်တော်၏ ပိုက်ဆံအိတ်ထဲတွင်ထား၍ အိမ်တွင် ယူဆောင်သွားရန် မှတ်ပုံတင် မိတ္တူပင် မရှိကြောင်း ပြန်လည်ပြောဆိုရာတွင် ဦးမာန်အောင်ချစ်သည် မှတ်ပုံတင် မိတ္တူပါလာကြောင်းကိုသာလျင် ငြင်းဆိုပြောခဲ့သည်။ အချက်အလက်များ ပေးပိုင်ခွင့်မရှိကြောင်း၊ CCTV မှတ်တမ်းအား ကြည့်ရှူခွင့်ပြုရန်တောင်းဆိုသည့်အခါ CCTV မှတ်တမ်းမရှိတော့ကြောင်း၊

၎င်းတို့မှာ CCTV မှတ်တမ်းထက် ငွေသွင်းငွေထုတ်ကိုသာဦးစားပေးသည်ဟု တာမွေဘဏ်ခွဲ တာဝန်ခံ ဒေါ်ဥခင်နှင့် AGM ဦးမာန်အောင်ချစ်တို့မှ တာဝန်မဲ့စွာ ပြောဆိုခဲ့သည်။ လွှတ်တော်ထိ တက်မည်ဟု ပြောခဲ့ရာ ကျွန်တော်တို့အိမ်ပြန်လာစဉ် လမ်းတွင် ဦးမာန်အောင်ချစ် သည် ဖုန်းဆက်၍ အချက်အလက်များအား အိမ်သို့ ကားဖြင့်လာပို့ပေးမည်ဟုပြောခဲ့သည်။

နောက်နေ့ နေ့လည် ၁၂နာရီ တွင် ကျွန်တော်တို့ဘဏ်သို့ ထပ်မံသွားရောက်ပြီး Senior General Manager ဖြစ်သူ ဦးချစ်ဦးမောင်နှင့်တွေ့ဆုံ၍ စကားပြောရာ ငွေထုတ်ယူသွားသူ၏ မှတ်ပုံတင် မိတ္တူ ကိုယ်စားလှယ်စာရွက်တို့အား ပေးနိုင်ကြောင်းနှင့် အခုကိစ္စအား မနေ့ကမှ သိရသည်ဟုဆိုသည်။ (ကျွန်တော်တို့ ဤအမှုကိစ္စကို ဘဏ်မန်နေဂျာထံသို့ ပြောပြခဲ့သည်မှာ

တစ်ပတ်ကျော်ပြီဖြစ်သည်။ ဤဘဏ်ဝန်ထမ်းများသည် သတင်းပို့မှုလည်း အလွန်အားနည်းကြောင်း တွေ့ခဲ့ရသည်။) CCTV မှတ်တမ်းသည်လည်း ရက် ၅၀ ပြည့်လျှင် အလိုလိုပျက်သောကြောင့် မရနိုင်တော့ပါဟု ပြောခဲ့သည်ဟု ဆိုသည်။ဤအဖြစ်အပျက်အား ကျွန်တော်တို့ အလင်းသစ် မီဒီယာမှာ ပြန်လည် သုံးသပ်လိုသည်မှာ

  • လူတိုင်းယုံကြည် အားထားသော CCTV မှတ်တမ်းသည် ကြီးမားသော ဘဏ်လုပ်ငန်းတစ်ခုဖြစ်ပါလျှက် ရက် ၅၀ record ပဲရှိသည်မှာ လျော်ကန်မှု မရှိခြင်း၊
  • လက်အောက်ငယ်သား ဘဏ်ဝန်ထမ်းများမှ အထက်လူကြီးဆီ သတင်းတင်ပို့ချက်မှာ အချိန်နှောင်းနှေးမှုများစွာရှိနေခြင်း
  • အခြားဘဏ်များကဲ့သို့ လုံခြုံစိတ်ချရသော စည်းမျဉ်းများ ချမှတ်မထားခြင်း
  • Customer များအပေါ် လိုတစ်မျိုး မလိုတစ်မျိုး ဆက်ဆံပုံ ညံ့ဖျင်းခြင်း တို့ကြောင့် MOB ဘဏ်၏ ပုံရိပ်သည် အမဲစက်တစ်ခုအဖြစ် ထင်ကျန်ခဲ့ပေတော့မည်။

ဤဘဏ်သို့ ယုံကြည်စိတ်ချစွာ ငွေအပ်နှံထားသူများ သိစေလိုသော ဆန္ဒဖြင့် ထပ်မံ သတိပေးချင်သည်မှာ MOB ဘဏ်၌ ကိုယ်စားငွေထုတ်ယူချင်သူသည်မိမိ၏ မှတ်ပုံတင် နှင့် ကိုယ်စားလှယ်လွှဲစာတွင် လက်မှတ်တူအောင်ထိုးနိုင်ပြီး ဘဏ်စာအုပ်ပါမည်ဆိုပါက သိန်းထောင်ကျော်ထုတ်ယူလိုပါက ကာယကံရှင် မှတ်ပုံတင်မလိုဘဲ ထုတ်ပေးသောဘဏ်ဖြစ်သည် ဟု ပြောကြားချင်ပါသည်။

(P.S. ပူးတွဲပါ ပုံများအား တစ်ပုံချင်း ထောက်ကြည့်ပါ။ သက်သေခံ အသံဖိုင်များကို ပေးထားသည့် Link များမှ Download ဆွဲ၍ နားဆင်နိုင်သည်) ပုံပါ linkများကို browser တွင်စာရိုက်ထည့်ကာ down ပါ အလင်းသစ် မီဒီယာ