မန္တလေးရှိ ဟိုတယ်တစ်လုံး၏ အခန်းတခုထဲတွင် ဒဏ်ရာများဖြင့် မမျိုးသမီးတစ်ဦးသေဆုံးပြီး အမျိုးသားတစ်ဦးဒဏ်ရာများဖြင့်မေ့နေ

မန္တလေးရှိ ဟိုတယ်တစ်လုံးတွင် ဒဏ်ရာများဖြင့် သေဆုံး၊ သတိမေ့နေသည့် ဝန်ထမ်း အမျိုးသမီးနှင့် အမျိုးသားတို့ကို အခန်းတစ်ခန်းအတွင်း အတူတွေ့၊ ဟိုတယ် ဝန်ထမ်းအမျိုးသားကို ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်

သူရိန်မင်း၊ မေ-၁၉ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ ဟိုတယ်တစ်လုံးတွင် ဒဏ်ရာများဖြင့် သေဆုံးနေသည့် ဟိုတယ်ဝန်ထမ်း အမျိုးသမီးနှင့် ဒဏ်ရာများဖြင့် သတိမေ့နေသည့် ဝန်ထမ်း အမျိုးသားတို့ကို အခန်းတစ်ခန်းအတွင်း အတူတွေ့ရှိရသဖြင့် ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးနေကြောင်း သတင်းရရှိသည်။ မဟာအောင်မြေမြို့နယ် မဟာမြိုင်(၁)ရပ်ကွက်ရှိ ဟိုတယ်တစ်လုံးတွင်

မေ(၁၈)ရက် ညနေပိုင်းက အထက်ပါအတိုင်း တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဒဏ်ရာများဖြင့် သတိမေ့နေသည့် ဟိုတယ်ဝန်ထမ်း အမျိုးသားကို အမှုဖွင့် အရေးယူရန် စီစဉ်နေသည်ဟု ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ မေ(၁၈)ရက်၊ နေ့လည်ပိုင်းက ၎င်းဟိုတယ်၏ စာရင်းကိုင်ဝန်ထမ်းများ ဖြစ်သည့် သေဆုံးသူ အမျိုးသမီး (၂၂နှစ်)နှင့် ၎င်း၏ ညီအမ ဝမ်းကွဲတော်စပ်သူ

အမျိုးသမီး(၂၁နှစ်)တို့သည် ဟိုတယ် အောက်ထပ်ရှိ ဧည့်ကြိုခန်းတွင် ထိုင်စကားပြောနေစဉ် သေဆုံးသူ အမျိုးသမီးမှ ရေသွားချိုးမည်ဟု ဆိုကာ အခန်းသော့ယူ၍ အိပ်ခန်းသို့ ထွက်သွားကြောင်း၊ ထို့နောက် ညနေ သုံးနာရီဝန်းကျင်တွင် ဝမ်းကွဲညီမက အိပ်ခန်းသို့ ပြန်ရာမှ တံခါးဖွင့် မရသဖြင့် ပထမထပ်တွင် နေထိုင်သူ ဟိုတယ်ပိုင်ရှင်ထံ အကြောင်းကြားပြီး အိပ်ခန်းတံခါး ဖွင့်ကြည့်ရာမှ

အခန်းတွင်း ကြမ်းပြင်ပေါ်တွင် စာရင်းကိုင် ဝန်ထမ်းအမျိုးသမီး (၂၂)နှစ်နှင့် ဟိုတယ် သန့်ရှင်းရေး ဝန်ထမ်း ဖြစ်သူ အမျိုးသား (၁၉)နှစ်တို့ကို ဓားဒဏ်ရာများဖြင့် လဲကျနေသည့်ကို တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။ ထို့နောက် ဟိုတယ်ပိုင်ရှင်မှ တစ်ဆင့် နယ်မြေခံရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့သဖြင့် မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့မှရဲမှုးနှင့်အဖွဲ့၊ အမှတ်(၉)မြို့မရဲစခန်းမှ တာဝန်ရှိသူများနှင့်

အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ သွားရောက် စစ်ဆေးခဲ့ခဲ့သည်။ ထိုသို့ စစ်ဆေးရာ အသက်(၂၂)နှစ်အရွယ် ဟိုတယ်စာရင်းကိုင် ဝန်ထမ်း အမျိုးသမီးသည် ရင်အုံ၊ လည်ပင်း၊ နောက်ကျော စသည့် နေရာများတွင် ထိုးသွင်းဒဏ်ရာ ရှစ်ချက် ရရှိကာ ကြမ်းပြင်ပေါ်၌ လဲကျ သေဆုံးနေသည်ကို တွေ့ရှိရပြီး အသက်(၁၉)နှစ်အရွယ် ဟိုတယ် သန့်ရှင်းရေးဝန်ထမ်း အမျိုးသားသည်လည်း လည်ပင်း၊

ရင်ညွှန့်၊ရင်အုံစသည့် နေရာများတွင် ထိုးသွင်းဒဏ်ရာ ခြောက်ချက် ရရှိထားကာ လဲကျ သတိမေ့နေသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။ “ဘာကြောင့်ဖြစ်တယ် ဆိုတာ ပြောလို့ မရသေးပါဘူး။ သူတို့ချင်း ရန်ဖြစ်တယ်လို့လည်း ပြောတယ်။ မြို့နယ် ရဲတပ်ဖွဲ့ရော၊ နယ်မြေခံ ရဲတပ်ဖွဲ့တွေပါ လာစစ်ကြတယ်။ စီစီတီဗီ မှတ်တမ်းတွေလည်း စခန်းယူသွားကြတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး

ကျွန်တော်တို့လည်း မသိသေးပါဘူး” ဟု ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက မေ(၁၈)ရက် ညနေပိုင်းက ပြောသည်။ ၎င်းတို့အား မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ အသက်(၁၉)နှစ်အရွယ် ဟိုတယ်သန့်ရှင်းရေးဝန်ထမ်း အမျိုးသားကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ-၃၀၂/၃၂၆ (လူသတ်မှု၊ အပြင်းအထန် နာကျင်စေမှု)ဖြင့် မဟာအောင်မြေမြို့နယ်

အမှတ်(၉)ရဲစခန်း၌ အမှုဖွင့် စစ်ဆေးရန် ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။ COVID-19 ရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်ရေးအတွက် မန္တလေးတိုင်းအတွင်းရှိ ဟိုတယ်၊ မိုတယ်၊ Innနှင့် တည်းခိုခန်းများ ပိတ်သိမ်းထားရသည်မှာ တစ်လကျော်ကြာပြီဖြစ်သည်။ ပြီးခဲ့သည့် မေ(၁၅)ရက်မှ စတင်ကာ မန္တလေးတိုင်းအစိုးရက တားမြစ်ပိတ်ပင်မှု

အချို့ ဖြေလျှော့ပေးခဲ့ပြီး ပြန်လည်ဖွင့်လှစ် လုပ်ကိုင်လိုသည့် ဟိုတယ်၊မိုတယ်များ သတ်မှတ်စည်းကမ်းချက်များနှင့် အညီ ပြန်ဖွင့်နိုင်ပြီ ဖြစ်ကြောင်း တိုင်းအစိုးရက ကြေညာထားသည်။