ပလက်ဝမှာ တိုက်လေယာဉ် ၂ စီးနဲ့ ဗုံးကြဲနေဟု ပလက်ဝ ဒေသခံပြောကြား

ပလက်ဝမှာ တိုက်လေယာဉ် ၂ စီးနဲ့ ဗုံးကြဲနေ

ပလက်ဝ၊ မေ ၁၆- ၂၀၂၀ ထက်အောင်စိုင်း (VOM) ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့အနီးက တောင်တန်းတွေကို ဒီကနေ့ နေ့လယ်၁၂ နာရီက တပ်မတော်ဖက်ကလို့ယူဆရတဲ့ ဂျက်တိုက်လေယာဉ်နှစ်စီးဟာ ဗုံးကြဲနေတယ်လို့ ပလက်ဝမြို့ပေါ်ဒေသခံတစ်ဦးက VOM ကိုပြောပါတယ်။ အဲ့ဒီလေယာဉ်နှစ်စီးဟာ ပလက်ဝမြို့အောက်ဖက် ပလက်ဝမြစ်ကူးတံတား

အပေါ် လောက်ကနေ ဗုံးကြဲနေတာဖြစ်တယ်လို့ သိရပါတယ်။ ပလက်ဝမြို့ပေါ် ဒေသခံတစ်ဦးပြောပြချက်အရ” လေယာဉ်နဲ့ဗုံးကြဲတာက နေ့တိုင်းလိုလိုကြဲတယ်။ အခုလည်းကြဲနေတယ်။ အခုလည်း လေယာဉ်တွေရောက်နေတယ်။ မိုးပေါ်မှာဝဲနေတယ်။ လေယာဉ်က တစ်ခါလာရင် နှစ်စီး၊ ၃ စီး လာတဲ့အခါလည်းရှိတယ်။ ပလက်ဝမြို့ အောက်ဖက်ကနေ ချနေတာ။

လက်နက်ကြီးက ညည့်ဆိုရင်လည်း တစ်ညည့်လုံးပစ်နေတာ။” လို့ ပြောပါတယ်။ ပလက်ဝမြို့အနီး လေယာဉ်တွေနဲ့ ဗုံးကြဲနေတာကြောင့် နေ့ခင်း၊နေ့လည် လူအသွားအလာတွေ ရှိပေမယ့် နည်းပါးလာကြောင်းနဲ့ စားဝတ်နေရေး၊ကုန်းဈေးနှုန်းတွေလည်း အဆမတန်ထိုးတက်နေပြီး ကိုရိုနာဗိုင်းရပ်စ်နဲ့ ဒေသအခြေအနေမတည်ငြိမ်မှုတွေကြောင့် နေ့လည် ၁၂ နာရီဆိုရင်

ဈေးတွေပိတ်ရတယ်လို့ ပလက်ဝမြို့ဒေသခံတွေဆီကနေ သိရပါတယ်။ ” ညပိုင်းအခြေအနေတွေဆိုရင် ပလက်ဝက လူအသွားအလာတွေမရှိဘူး။ ပလက်ဝက ၁၄၄ ထုတ်ထားတာလေ။ မနက် ၆ နာရီနဲ့ ည ၆ နာရီ ပေါ့။ နေ့ခင်းပိုင်းဆိုရင်တော့ လူသွားလူလာတွေက ရှိတယ်။ အခုလိုအခြေအနေမျိုးတွေမှာဆိုရင် ဘယ်သူမှ အိမ်ပြင်ကို မထွက်ကြတော့ဘူး။” လို့ လုံခြုံရေးအရ

အမည်မဖော်လိုတဲ့ ပလက်ဝဒေသခံတစ်ဦးက ပြောပါတယ်။ ပလက်ဝမြို့နယ်မှာ တပ်မတော်နဲ့ အေအေတို့ရဲ့တိုက်ပွဲတွေဟာ တစ်နေ့တစ်ခြား ပိုမိုပြင်းထန်လာပြီး မြို့နဲ့အနီးအနားပတ်ဝန်းကျင်တွေမှာ တပ်မတော်ဖက်က လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်နေတာကြောင့် ဒေသခံတွေအနေနဲ့လည်း မိမိတို့ဆီထိခိုက်လာမှာကို စိုးရိမ်နေကြပါတယ်။ ပလက်ဝဖက်မှာ

ဒီကနေ့နေ့လယ် ၁၂ နာရီလောက် တပ်မတော်ဖက်ကလို့ယူဆရတဲ့ လေယာဉ်နှစ်စီး ဗုံးကြဲတိုက်ခိုက်နေတာနဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကိုဆက်သွယ်ခဲ့ပေမယ့် ဖုန်းကိုင်ဖြေကြားခဲ့တာ မရှိပါဘူး။ ဒါ့အပြင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး

ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဆက်သွယ်ခဲ့ရာ ဖုန်းကိုင်ပေမယ့် တစုံတရာမှတ်ချက်ပေးပြောဆိုခဲ့တာ မရှိပါဘူး။ Photo – ပလက်ဝဒေသ တောင်တန်းတစ်နေရာ (By Yehtetwnn) crd – voiceoffmyanmar