ရုရှားမှာ ၁၁ ရက်ဆက်တိုက် တရက်လျှင် ကိုဗစ်လူနာ ၁ သောင်းကျော်တွေ့မှု့ဖြစ်…

ရုရှားတွင် တရက်အတွင်း ကိုဗစ်လူနာ ၁ သောင်းကျော် တွေ့ရှိမှု ၁၁ ရက်ဆက်တိုက်ဖြစ်၊ ကူးစက်ခံရသူ ၂ သိန်း ၄ သောင်းကျော်ရှိလာ

ရုရှားနိုင်ငံတွင် COVID-19 လူနာ ယနေ့ မေ ၁၃ ရက် တရက်တည်းအတွင်း ၁၀၀၂၈ ဦးတွေ့ရှိရပြီး ကူးစက်ခံရသူပေါင်း ၂၄၂၂၇၁ ဦးအထိရှိလာပြီဖြစ်သည်။ ယင်းမှာ တရက်တည်းအတွင်း လူနာ ၁ သောင်းကျော်တွေ့ရှိမှု ၁၁ ရက်ဆက်တိုက်ဖြစ်လာကြောင်း သိရသည်။ “အခြေအနေက အလွန် စိုးရိမ်စရာဖြစ်နေဆဲပါ။

အထွတ်အထိပ်မဟုတ်သေးဘူးလို့ ပြောလို့ရပါတယ်။ ဒီကပ်ရောဂါရဲ့ ပြင်းထန်တဲ့လှိုင်းသစ်တခုနဲ့ ကြုံတွေ့ရဖို့ရှိနေပါတယ်။ ဗိုင်းရပ်စ်ရဲ့ ခြိမ်းခြောက်မှု အန္တရာယ်က ရှိနေဆဲပါ”ဟု ရုရှားသမ္မတ ပူတင်က ပြောသည်။ မြို့တော် မော်စကိုကို (lockdown) ခလောက်ချထားပြီး နိုင်ငံခြားသားများ အဝင်အထွက် ပိတ်ပင်ခြင်း၊

အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းများပြေးဆွဲခွင့်ကို ယာယီရပ်နားထားခြင်း အစရှိသည့် တင်းကျပ်သောအစီအမံများ ချထားသည့်တိုင် COVID-19 လူနာတွေ့ရှိမှု မြင့်မားလျက်ရှိသည်။ လူနာသစ် အများဆုံးတွေ့ရှိရသည့်နေရာမှာ မြို့တော် မော်စကိုတွင်ဖြစ်ပြီး မော်စကိုမြို့ ခလောက်ချခြင်း (lockdown) ကို

မေလကုန်အထိ ပြုလုပ်ထားမည်ဖြစ်ကြောင်း မြို့တော်ဝန် ဆာဂေးဆိုဘီယားနင်က ကြေညာထားသည်။ ရုရှားတွင် ဧပြီလ ၁ ရက်နေ့က ကိုဗစ်လူနာ ၂၇၀၀ ကျော်သာရှိခဲ့သော်လည်း မေလ ၃ ရက်တွင် ၁၃၄၀၀၀ အထိ ရောက်ရှိလာခဲ့သည်။ ရုရှားတွင် လူနာသစ်တွေ့ရှိမှု မှန်မှန် မြင့်တက်လာနေသော်လည်း သေဆုံးမှုနှုန်းမှာမူ

အခြား ဥရောပနိုင်ငံများနှင့်နှိုင်းယှဉ်လျှင် နည်းပါးသည်ကို တွေ့ရသည်။ ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ၉၆ ဦးရှိကာ သေဆုံးသူစုစုပေါင်း ၂၂၁၂ ဦးရှိသည်။ ကူးစက်ခံရပြီးမှ ပြန်လည်သက်သာကောင်းမွန်လာသူ ၄၈၀၀၃ ဦးရှိပြီး ပြီးခဲ့သည့် ၂၄ နာရီအတွင်း ၄၄၉၁ ဦး ပြန်လည်သက်သာကောင်းမွန်လာသည်။

လက်ရှိအချိန်တွင် ရုရှားနိုင်ငံတခွင်၌ သီးခြားထားရှိစောင့်ကြည့်ထားသူ ၃၅၉၀၀၀ ဦးရှိသည်။ လက်ရှိအချိန်အထိ ဓာတ်ခွဲစစ်ဆေးမှုပေါင်း ၆ သန်းကျော်ပြုလုပ်ထားကြောင်း သိရသည်။ ဝီရ Ref; The Guardian