အမြန်လမ်းမှာ သောင်းကျန်းနေတဲ့ ဆိုင်ကယ်စီးဓားပြတွေနဲ့ ကိုယ်တွေ့ ကြုံရတဲ့ အဖြစ်အပျက်

အမြန်လမ်းမှာ သောင်းကျန်းနေတဲ့ ဆိုင်ကယ်စီးဓားပြတွေနဲ့ ကိုယ်တွေ့ ကြုံရတဲ့ အဖြစ်အပျက်

(၉.၅.၂၀၂၀) ရက်နေ့က အမြန်လမ်းမှာကြုံခဲ့ရပုံလေးကို အမြန်လမ်းမှာ သွားလာနေကြတဲ့ မိတ်ဆွေများကို သတိထားလို့ရအောင် တွေ့ကြုံတာလေးကို ပြောပြချင်ပါတယ်ဗျာ…အမြန်လမ်း လမ်းပြင်ဆိုင်းဘုတ်တွေကတော့ အရင်တစ်ခေါက်ရေးပြီးတည်းက သတိပေးဆိုင်းဘုတ်တွေ မီတာ ၂၀၀/၃၀၀ လောက် ကြိုတင်ချထားပေးတော့

ကားမောင်းရတာ တော်တော်အဆင်ပြေပြီး အန္တရာယ်ကို ကြိုရှောင်နိုင်လို့ တာဝန်ရှိသူများကိုလည်း ကျေးဇူးတင်ပါတယ်ဗျာ…မနေ့က အပြန်မှာ မိုင်တိုင် ၂၁၇ နားမှာ ရွှေငါးတစ်စီး လမ်းဘေးထိုးကျနေတာတွေ့ခဲ့ရတာရယ် နေကလည်း အရမ်းပြင်းတာကြောင့် သတိထားပြီး မောင်းလာခဲ့ပါတယ်…

နေပြည်တော်ရောက်တော့ နေပြည်တော်က စားသောက်ဆိုင်တန်းမှာ ထမင်းဝင်ဝယ် စားပြီး နေပြည်တော်တိုးဂိတ်ကိုဖြတ်တော့ နေ့လည် ၁ နာရီ ၁၀ မိနစ်ကျော်ရှိပါပြီ… နေကလည်း အရမ်းပူနေတော့ တာယာအသစ်တွေပေမယ့်လည်း ကားက 4WD Pick up ဆိုတော့ တာယာတွေ အပူသက်သာအောင် ကီလို ၉၀ အောက်သာ မောင်းခဲ့ပါတယ်…

မိုင်တိုင် ၁၄၂ နားရောက်လာတော့ အပေါ့သွားချင်တာကြောင့် လမ်းဘေးအရိပ်လေးတွေကို သတိထားကြည့်လာခဲ့တယ်… အဲ့နားတစ်ဝိုက်မှာ လမ်းဘေးမှာ စပါးလှမ်းနေတာတွေလည်း တွေ့ခဲ့တယ်ဗျ… လမ်းဘေးမှာ အရိပ်တစ်ချို့ရှိပေမယ် ကားရပ်ထားတာတွေ များနေတာကြောင့် မိုင်တိုင် ၁၄၀ နားလောက်မှာ လမ်းဘေး ကုက္ကိုပင်တန်းလေးနားမှာ

အရိပ်လည်းကောင်း လမ်းလယ်တုံးလေးတွေလည်း အပင်အောက်မှာရှိတော့ ထိုင်လို့လည်း အဆင်ပြေတယ်ဆိုပြီး… အပေါ့ဆင်းသွားပြီး ရေလေးသောက် နာရီကြည့်တော့ နေ့ခင်း ၂ နာရီ ၂၀ ကျော်ဆိုတော့ နေအရမ်းပြင်းတော့ ၃ နာရီလောက်အထိ နားပြီးမှ ဆက်မောင်းမယ်ဆိုပြီး ခဏ နားနေတာပေါ့လေ…

အပင်အောက်မှာကလည်း လေလေး တဖြူးဖြူးနဲ့ အေးနေတာဆိုတော့ကာ နားနေလို့ တော်တော်ကောင်းတယ်ဗျ…ကျွန်တော်ပြောချင်တဲ့ အဓိက အကြောင်းအရာက အခုမှ စမှပါဗျာ… နားနေရင်းနဲ့ တစ်ယောက်တည်းဆိုတော့ လုံခြုံရေးသတိလေးနဲ့ ဘေးပတ်ဝန်းကျင်ကိုလည်း သတိထားနေရတာပေါ့လေ…

အပင်နောက်ကျောဖက်မှာကလည်း မြေနီလမ်းမလေး ရှိနေတော့ အမြန်လမ်းမပေါ်ရော…နောက်ဘက်ရော သတိထားပြီး နားနေတာပေါ့… မကြာသေးခင် တလောလေးကတင် ပရိုဘောက်ကားနဲ့ ခရီးသွားကားတစ်စီးကို နေ့လည်ဘက်ကြီးကို စစ်ဆေးစရာရှိလို့ ပြောပြီး… ပစ္စည်းနဲ့ ငွေ အလုခံရသေးတာ မဟုတ်လားဗျ…

နောက် အမြန်လမ်းက ညဘက်ကားမသွားရတော့ အမြန်လမ်းပေါ် လှုပ်ရှားတတ်တဲ့ တောကြောင်တွေက နေ့ဘက် ထွက်လှုပ်ရှားနိုင်တယ်လေ..ဒီလိုနဲ့ နေ့လည် ၂ နာရီ ၅၈ ရောက်တော့ ကားပေါ်တက်ခါနီးမှာ ကားနောက်ကအပင်မှာ ယောက်ျားလေး နှစ်ယောက် ဆိုင်ကယ် နှစ်စီးနဲ့ လာရပ်ပါတယ်…

တစ်စီးက အနီရောင်ဖြစ်ပြီး တစ်စီးက အစိမ်းရောင်လား အမဲလားသေချာမမှတ်မိတော့ပါဘူး… ကျွန်တော်ကလည်း တစ်ယောက်တည်းဆိုတော့ ကားပေါ်ကို ချက်ချင်းတက်စက်နိုးပြီး တံခါး Lock ချလိုက်ပြီး CCTV က နောက်ကင်မရာလည်း Record ပါတာမို့ နောက်ကင်မရာကရော

ဘက်ကြည့်မှန်ကပါ သူတို့ကို အခြေအနေ ကြည့်ရင်း အကဲခတ်လိုက်ပါတယ်… နှစ်ယောက်က ဆိုင်ကယ်ချင်းပူးရပ်ကာ စကားပြောနေကြပြီး… ဆိုင်ကယ်ပေါ်က မဆင်းပါဘူး… နှစ်ယောက်လုံး ပိန်ပိန်ဖြစ်ကာ တစ်ယောက်က ၅ ပေ ၆ လက်မ ဝန်းကျင်လောက်ရှိပြီး နောက်တစ်ယောက်က သူ့ထက် နည်းနည်းလေး တစ်လက်မ နိမ့်မယ်ထင်ပါတယ်… နှစ်ယောက်လုံး ပိန်ပိန်ပါးပါးတွေပါ…

ကျွန်တော်လည်း စိတ်ထဲက မင်္သကာတာနဲ့ ဂီယာကောက်ထည့်ပြီး အမြန်လမ်းပေါ်တက်ဖို့အတွက် ကားလမ်းဘေးကပ်ကာ နောက်ကြည့်မှန်ကနေ ယာဉ်ကြော ရှင်း မရှင်းကြည့်ပြီး ယာဉ်ကြောရှင်းတာနဲ့ တက်ပြီး အရှိန်တင်လိုက်ပါတယ်… နံပါတ် ၃ ဂီယာနဲ့ ကီလို ၄၀ ကျော်အရောက်မှာ ဆိုင်ကယ် နှစ်စီးဟာ အပင်အောက်မှာ

ရပ်ထားတာကနေ ချက်ချင်းလိုက်ထွက်လာပြီး ကျွန်တော့်ကားကို တစ်စီးက ဘယ်ဖက်က ကျော်တက်ပြီး ကားထဲက လူဘယ်ယောက်ပါလဲဆိုပြီး ကားထဲကို သေချာကြည့်ပြီး အကဲခတ်ပါတယ်…နောက်ပြီး ကျော်တက်သွားတဲ့ ဆိုင်ကယ်ဟာ ကျွန်တော့်ကားရဲ့ရှေ့ လေးပုံတစ်ပုံလောက်က ပိတ်စီးနေရင်း နောက်က

ဆိုင်ကယ်အနီကို ကျော်တက်လာဖို့ အချက်ပြပါတယ်… ဆိုင်ကယ်အနီကျော်နေချိန်မှာ ကျွန်တော့်ကားက ကီလို ၇၀ ကျော်နဲ့ နံပါတ် ၄ ဂီယာထည့်ထားတော့ ချက်ချင်း မကျော်နိုင်ဘူးဖြစ်နေတာကို ဘယ်ဖက် နောက်ကြည့်မှန်ထဲကနေ မြင်နေရပါတယ်…ကျွန်တော်လည်း ကားကို အရှိန်နည်းနည်းလျော့ပေးလိုက်ကာ…

ဘယ်ဖက်က ကျော်တက်လာတဲ့ ဆိုင်ကယ်အနီဟာ ရှေ့ဘီးနားရောက်ခါနီးမှာတော့ ရှေ့က ပိတ်မောင်းနေတဲ့ ဆိုင်ကယ်ကိုအလွတ်ယူပြီး ဘေးက ကျော်နေတဲ့ဆိုင်ကယ်အနီကို ဂီယာ နံပါတ် ၃ ဒေါင်းရင်း လွတ်ရုံလေးကပ်ဆွဲပြီး ဘယ်ဘက်ကိုကြောကို အရှိန်တင်ပြီး တက်လိုက်တော့… ဆိုင်ကယ်အနီဟာ လန့်သွားပြီး

ချက်ချင်း အရှိန်လျော့ကာ ညာကြောကပ်သွားတယ်… ရှေ့က ဆိုင်ကယ်ကလည်း အရှိန်ချက်ချင်းလိုက်တင်ပြီး လိုက်လာတာမို့ ကျွန်တော်က ညာကြောပြန်ယူပြီး အဲ့ဆိုင်ကယ်ကို ညာကြောအတိုင်း ကပ်ဆွဲလိုက်ပါတယ်… ဒါနဲ့ ဆိုင်ကယ် နှစ်စီးလုံးဟာ ချက်ချင်းလမ်းဘေးက အပင်အောက်ဘက်ကို ဆင်းသွားပြီး သွားရပ်လိုက်ပါတယ်…

ကျွန်တော်လည်း လိုက်လာဦးမလားလို့ အရှိန်လျော့ပြီး အသာလေးစောင့်မောင်းပေမယ့် လုံးဝ လိုက်မလာတော့ပါဘူး… အထက်ပါ အဖြစ်အပျက်တွေက နားနေတဲ့ နေရာကနေ ကားစထွက်လာပြီး ၂ ဖာလုံ ၃ ဖာလုံအတွင်းဖြစ်သွားခဲ့တာပါ… ဖြစ်ပြီးပြီးချင်း ဘေးကမိုင်တိုင်ကြည့်လိုက်တော့ ၁၄၀/၁ မိုင်တိုင်ကိုတွေ့ရပါတယ်…

အဲ့ဖြစ်စဉ်နေရာမှာ အရေးအကြောင်းဆိုရင် ဘာလုပ်ရမှန်း မသိတဲ့သူ… ကားမောင်း မကျွမ်းကျင်တဲ့သူဆိုရင် ဘယ်လိုဖြစ်သွားနိုင်မလဲ ဆိုတာကို ဘယ်သူမှ သေချာ မပြောနိုင်ပါဘူးဗျာ…ကျွန်တော်လည်း အမြန်လမ်းရဲကင်းကို ဝင်သတင်းပေးမလို့ သတိနဲ့ မောင်းလာပြီး ရဲကင်းဆိုင်းဘုတ်တွေ ကြည့်တာမှာ အဲ့နားမှာ

ရဲကင်း ၂ ခု တွေ့ပေမယ့် မန်းလေးဘက်သွားတဲ့ အခြမ်းမှာမို့ ကားပြန်မကွေ့ချင်တာရယ်… ကားလမ်းဘေး ရပ်ဖို့ကလည်း နေအရမ်းပူပြီး အရိပ်မရှိတာကြောင့် ရန်ကုန်ဝင်ပြီးမှ ဖုန်းနဲ့သာ လှမ်းသတင်းပေးမယ်ဆိုပြီး ဆက်မောင်းလာခဲ့ပါတယ်… အဲ့အချိန် ညာဘက်လမ်းမှာ ရဲကင်းရှိရင်တော့ CCTV လည်းပြရင်း

သတင်းပေးမလို့ပါဗျာ… ရန်ကုန်ဝင်လာပြီး ကိုယ်အပူချိန် စစ်ဆေးပြီးချိန်မှာ… အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးကို ညနေ ၅ နာရီ ၄၀ မိနစ်မှာ ဖုန်းနဲ့ လှမ်းသတင်းပေးခဲ့ပါတယ်ဗျာ…အဲ့ဒီနေ့က တွေ့ကြုံခဲ့ရတာဟာ ကျွန်တော်ကိုယ်တိုင်မို့ မင်္သကာစရာဖြစ်စဉ်… ရိုးသားမှု့ မရှိတဲ့ ဖြစ်စဉ်မှန်း ပြောနိုင်တာပါဗျာ… ဘာကြောင့်လည်း ဆိုရင်တော့…

(၁)ဆိုင်ကယ် နှစ်စီးနဲ့ လူနှစ်ယောက်ဟာ ရိုးရိုးသားသား လမ်းဘေးဝင်နားတာဆိုရင် ဆိုင်ကယ်ရပ်ချိန် စက္ကန့် ၃၀ တောင်မပြည့်သေးတဲ့ ကျွန်တော့်ကား အမြန်လမ်းပေါ်တက်လာချိန်မှာ ချက်ချင်း အနောက်က လိုက်မောင်းစရာ မရှိပါ… (၂)ကျွန်တော်ဟာ အမြန်လမ်းမှာ မကြာခဏ ခရီးသွားနေသူမို့ ဆိုင်ကယ်တွေ

တက်မောင်းနေတာကို အများကြီး တွေ့ဖူးပါတယ်… ရိုးရိုးသားသား ဆိုင်ကယ်တွေဟာ ညာဖက်အစွန် ကပ်ပြီး ဖြေးဖြေးသာ အန္တရာယ်ကင်းအောင် စီးကြတာပါ…အခု ဆိုင်ကယ် နှစ်စီးလိုမျိုး ဘယ်ကြောကနေယူပြီး ကားကို အသည်းအသန် လိုက်ကျော်နေစရာ အကြောင်းကို မရှိပါ… အမြန်လမ်းဥပဒေအရ ကားနဲ့ဆိုင်ကယ်နဲ့

တိုက်မိ ငြိမိရင် ဆိုင်ကယ်အမှားမှန်း သူတို့သိထားလို့ပါ… (၃)ဆိုင်ကယ်ကနေ ကားကို ကျော်တက်သည့်တိုင် ကားထဲက ရှေ့ခန်းကို သေချာလှည့်ကြည့်ပြီး စူးစမ်းနေစရာ အကြောင်းအချက်အလက် လုံးဝ မရှိသလို… သေချာကြည့်ပြီးမှ နောက်ဆိုင်ကယ်ကိုပါ ကျော်တက်လာဖို့ လက်နဲ့ အချက်ပြ လှမ်းခေါ်နေစရာ

အကြောင်းမရှိပါဘူးဗျာ… ဒါတွေဟာ ရိုးသားမှု့မရှိတာတော့ အသေအချာဖြစ်ပါတယ်..ကျွန်တော်က ကားကို လိုအပ်သလို အရှိန်အတင်အချနဲ့ ကောင်းစွာထိန်းသိမ်းနိုင်မှန်းကို သိသွားလို့ နောက်တစ်ခေါက်ဆိုရင် သူတို့ကို ချိတ်ဆွဲပစ်လိုက်နိုင်မှန်း… တိုက်ပစ်လိုက်နိုင်တာကို… သဘောပေါက်လို့ ဆက်မလိုက်လာတာဖြစ်ပါတယ်…

ဒါကြောင့် မိတ်ဆွေများကို သတိပေးချင်တာကတော့ အမြန်လမ်းကို ခရီးသွားတော့မယ်ဆိုရင် ကားကို သေချာ စစ်ဆေးပြီးမှ သွားသင့်ပါတယ်… လုံခြုံရေး သတိကို နေ့ရော ညဘက်ပါ အမြဲသတိရှိပါ… ဖြစ်နိုင်ရင် ကားတစ်စီးတည်း ရပ်နားတာထက်… အခြားကားတွေ နားနေတဲ့ နေရာမှာသာ ရပ်နားသင့်ပါတယ်…

ကားပျက်ပါက ခရီးသွားကားတစ်စီးစီးကို အမြန်အကူ အညီတောင်းပါ… ကားပျက်နေလို့ တားရင် ရပ်ပေးကြပါတယ်ဗျာ… လိုအပ်ပါက ချက်ချင်းဖုန်းဆက်အကူအညီတောင်းနိုင်ရန်… အမြန်လမ်းရဲတပ်ဖွဲ့၏ ဖုန်းနံပါတ်များကို မှတ်သားထားသင့်ပါတယ်… 09 420 8888 01 မှ 09 420 8888 70 အထိ

အားတဲ့ဖုန်းကို ဖုန်းဆက် အကူအညီတောင်းနိုင်ပါတယ်… မည်သို့ပင်ဆိုစေကာမူ အန္တရာယ် တစ်စုံတစ်ရာဖြင့် ကြုံတွေ့လာခဲ့ရပါက ယာဉ်မောင်းသူများမှာ အသက်နှင့်ရင်း၍ ရင်ဆိုင်ရမည် ဖြစ်ပါသောကြောင့် လုံခြုံရေးသတိကို အမြန်လမ်းပေါ်တွင် အမြဲသတိရှိနေစေရန် သတိထားရမည်မှာ မိမိတို့ ကိုယ်တိုင်ကသာ

အဓိကအကျဆုံး ဖြစ်ပါကြောင်း သတိပေးလိုက်ပါတယ်ဗျာ…. မိတ်ဆွေများအားလုံး အန္တရာယ်ကင်းစွာဖြင့် လိုရာခရီးသို့ ရောက်ကြပါစေ…ချစ်ခြင်းအားဖြင့် ကိုတိုး(အွန်လိုင်းကားဝပ်ရှော့)