နေအိမ်အတွင်း ၀တ်ပြုဆုတောင်းခဲ့သူများကို ထောင်သုံးလအမိန့်ချ

နေအိမ်အတွင်း ၀တ်ပြုဆုတောင်းခဲ့သူများကို ထောင်သုံးလအမိန့်ချ

မန္တလေး၊ မေ ၇ မန္တလေးမြို့ရှိ နေအိမ်တစ်ခုအတွင်း ဘာသာရေးဝတ်ပြုဆုတောင်းမှု ပြုလုပ်ခဲ့သူ ၁၄ ဦးအနက် ၁၂ ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် ထောင်ဒဏ်သုံးလ အမိန့်ချမှတ်ခဲ့ကြောင်း ချမ်းမြသာစည်မြို့နယ် တရားရုံးမှ သိရှိရသည်။ ကိုဗစ် ၁၉ ရောဂါ ကူးစက်ပျံ့နှံ့ခြင်းမရှိစေရန်အတွက်

လူစုလူဝေးပွဲများကို အစိုးရက တားမြစ်ထားပြီး ချမ်းမြသာစည်မြို့နယ် ကံသာယာရပ်ကွက်တွင် ဧပြီလ ၁၀ ရက်နေ့က နေအိမ်အတွင်း ဘာသာရေးဝတ်ပြု ဆုတောင်းပွဲပြုလုပ်ခဲ့သဖြင့် အိမ်ရှင် ဦးတင်စိုးအပါအ၀င် ၁၄ ဦးကို အောင်ပင်လယ်နယ်မြေရဲစခန်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၆ ဖြင့်

အမှုဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ မေလ ၇ ရက်နေ့ နံနက်ပိုင်းတွင်မူ အဆိုပါဥပဒေ ပုဒ်မ ၃၀(က)ဖြင့် ပြောင်းလဲကာ တရားရုံးတင်ပို့ခဲ့ပြီးနောက် နှစ်ဖက်စစ်ဆေးချက်များအရ ကျူးလွန်သူများကလည်း ၀န်ခံသဖြင့် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါတရားရုံး မြို့နယ်တရားသူကြီး ဦးကျော်စွာလင်းက ပြောကြားသည်။

ပြစ်မှုကျူးလွန်သူများအနက် နှစ်ဦးသည် အသက် ၁၈ နှစ်မပြည့်သေးသည့်အတွက် ကလေးသူငယ်တရားရုံး၌ သီးခြား တရားစွဲဆိုထားကြောင်း ၎င်းက ရှင်းပြသည်။ သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၀(က)သည် ညွှန်ကြားချက်ကို လိုက်နာရန် တမင်ပျက်ကွက်လျှင် အရေးယူသည့်ပုဒ်မ ဖြစ်ပြီး

တစ်နှစ်ထက်မပိုသည့်ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု သိရှိရသည်။ Source The Voice Journal