မွေထိုင်းလက်ဝှေ့ကိုစော်ကားလို့ ထိုင်းနိုင်ငံကို ဝင်ရောက်ခွင့်အပိတ်ခံလိုက်ရတဲ့ ဒေ့ဗ်

မွေထိုင်းလက်ဝှေ့ကိုစော်ကားလို့ ထိုင်းနိုင်ငံကိုဝင်ရောက်ခွင့်အပိတ်ခံလိုက်ရတဲ့ ဒေ့ဗ်

မြန်မာ့ရိုးရာလက်ဝှေ့ကျော်တစ်ဦးဖြစ်တဲ့ ကနေဒါနိုင်ငံသား Dave Leduc ဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းထိုင်းနိုင်ငံမှ ရိုးရာအားကစားနည်းတစ်ခုဖြစ်တဲ့ မွေထိုင်းလက်ဝှေ့ကို ဆက်တိုက်ဝေဖန်နေခဲ့တာကြောင့် လက်ရှိအချိန်မှာ ထိုင်းနိုင်ငံက ၎င်းကိုပြည်ဝင်ခွင့်ပိတ်ပင်လိုက်ပြီဖြစ်ပါတယ်။

Dave ဟာ သမိုင်းကြောင်းမှာပြဿနာများစွာဖြစ်ပေါ်ခဲ့တဲ့ မြန်မာနဲ့ထိုင်းစစ်ပွဲအကြောင်းများကို အစဆွဲထုတ်ကာ မြန်မာ့လက်ဝှေ့ကသာ မွေထိုင်းလက်ဝှေ့ထက်သာလွန်ကြောင်း၊ ထိုင်းနိုင်ငံသားတို့ရဲ့ သူရဲကောင်းတစ်ယောက်ဖြစ်တဲ့ Nai Khanotom ရဲ့ ဇာတ်ကြောင်းနဲ့ပတ်သက်၍လည်း လှောင်ပြောင်ခဲ့တာကြောင့် အခုလိုပဲ ထိုင်းနိုင်ငံဘက်က အရေးယူခဲ့တာဖြစ်ပါတယ်။

Nai Khanotom ဟာ မြန်မာစစ်တပ်ရဲ့ဖမ်းဆီးခြင်းကို ခံခဲ့ရတဲ့ ထိုင်းလူမျိုးသုံ့ပန်းတစ်ယောက်ဖြစ်ပေမယ့် မြန်မာ့လက်ဝှေ့သမား (၉) ယောက်ကို ပဝါမကူ၊ ရေမရှူဘဲ ဆက်တိုက်အနိုင်ယူထိုးသတ်နိုင်ခဲ့တယ်လို့ ထိုင်းနိုင်ငံက ယုံကြည်ထားပြီး

ဒီအပေါ်မှာ Dave က ယုတ္တိမရှိတဲ့ပုံပြင်တစ်ခုအဖြစ်သာ သတ်မှတ်ဝေဖန်ခဲ့တာပါ။  အဲ့ဒါကြောင့်လည်း လက်ရှိအချိန်မှာတော့ ထိုင်းနိုင်ငံရဲ့ယဉ်ကျေးမှုဝန်ကြီးဌာနက Dave ကို နာမည်ပျက်စာရင်းထည့်သွင်းပြီး ပြည်ဝင်ခွင့်ပိတ်ပင်ခဲ့ပါတယ်။

ဒေဝကတော့ “Nai Khanomtom က ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ သုံ့ပန်းလေးတစ်ယောက်ဖြစ်ပြီး ခွေးလိုမျိုးအဖမ်းခံခဲ့ရတာပါ။ ထိုင်းလူမျိုးတွေပြောနေကြသလိုမျိုး မြန်မာလက်ဝှေ့သမားကိုးယောက်နဲ့ မထိုးခဲ့ပါဘူး ” လို့ Dave က ပြောခဲ့တာပါ။

ဒီလိုမျိုး ထိုင်းနိုင်ငံရဲ့တုံ့ပြန်မှုအပေါ်မှာလည်း Dave က ထပ်မံလှောင်ပြောင်ခဲ့ပြီး “ကျွန်တော်က ဘာဖြစ်လို့ အဲ့ဒီနိုင်ငံကိုသွားချင်ရမှာလဲ။ ဒီလိုမျိုးဖြစ်လာတာက သူတို့ရဲ့ပေါက်ကရဇာတ်လမ်းကို ဝေဖန်ရဲတဲ့သူက တစ်ကမ္ဘာလုံးမှာ ကျွန်တော်တစ်ယောက်တည်းရှိလို့ပါ။

ထပ်ပြီးပြောရရင် Nai Khanomtom ရဲ့ဇာတ်လမ်းဟာ သူတို့ဘာသူတို့ လုပ်ကြံဖန်တီးထားရုံတင်မဟုတ်ဘဲ မြန်မာနိုင်ငံကိုပါ မလေးမစားပြုမူတာပါ။ ဒါပေမယ့် ထိုင်းလူမျိုးတွေကတော့ နှစ်တိုင်း ဒီပွဲတော်ကိုကျင်းပနေကြပါတယ်။”

“(၁၇၆၇) ခုနှစ်ကဖြစ်ပွားခဲ့တဲ့ မြန်မာနဲ့ထိုင်းစစ်ပွဲနဲ့ ပတ်သက်ပြီး သူတို့စိတ်ထဲမှာ အခုချိန်အထိ အမုန်းဓာတ်ခံရှိနေတယ်ဆိုတာကို ဒီဖြစ်ရပ်ကရှင်းရှင်းလင်းလင်း သက်သေပြသနေပါတယ်။ အဲ့ဒီစစ်ပွဲမှာ မြန်မာက ထိုင်းနိုင်ငံရဲ့မြို့တော်ကို ဖျက်စီးပစ်ခဲ့တာလေ။

အဲ့ဒါကြောင့် ထိုင်းတွေကပိုကောင်းတဲ့ပုံပြင်တစ်ပုဒ်ကို ဖန်တီးလိုက်တာပေါ့။ ဒါပေမယ့် မြန်မာတွေက သူတို့အောင်ပွဲနဲ့ပတ်သက်လို့ အောင်ပွဲခံနေတာကို ခင်ဗျားတို့တွေ့လို့လား။ မတွေ့ပါဘူး။”

“ဒီလိုမျိုးပြည်ဝင်ခွင့်ပိတ်တာကို ကျွန်တော်နည်းနည်းလေးတောင် ဂရုမစိုက်နိုင်ပါဘူး။ ဒါပေမယ့် ခင်ဗျားတို့ထိုင်းနိုင်ငံအနေနဲ့ အိမ်နီးချင်းမြန်မာနိုင်ငံအပေါ် အမှန်တကယ် လေးစားမှုရှိတယ်ဆိုရင်

နိုင်ငံတကာ မွေထိုင်းအထိမ်းအမှတ်နေ့တွေမှာ Nai Khanomtom နဲ့ပတ်သက်ပြီး ချီးကျူးနေတာတွေ၊ အောင်ပွဲခံတဲ့လုပ်ရပ်တွေကိုရပ်တန်ဖို့ တောင်းဆိုချင်ပါတယ်။” ဟု ၎င်းရဲ့ Facebook စာမျက်နှာမှတစ်ဆင့် ပြန်လည်တုံ့ပြန်သွားခဲ့ပါတယ်။

Dave ရဲ့ပြောစကားများနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံမွေထိုင်းအဖွဲ့ချုပ်က မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ချုပ်ကိုလည်း စောဒကတက်ခဲ့တာကြောင့် မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ချုပ်က Dave ကို နာမည်ပျက်စာရင်းထည့်သွင်းခြင်း၊

ပြည်တွင်း၊ ပြည်ပလက်ဝှေ့ပြိုင်ပွဲများ ထိုးသတ်ခွင့် (၂) နှစ်ပိတ်ပင်ခြင်းနဲ့ ဆိုက်ပရပ်စ်နိုင်ငံမှ ကမ်းလှမ်းထားတဲ့ မြန်မာ့ရိုးရာလက်ဝှေ့ပြန့်ပွားရေးသံတမန်အဖြစ်မှ ရုပ်သိမ်းခြင်းတို့ဖြင့် အရေးယူခဲ့ကြောင်းလည်း သိရှိရပါတယ်။ crd