သီရီလင်္ကာအတွက် ပထမဆုံး ဂြိုလ်တုကို တီထွင် လွှတ်တင်ပေးခဲ့တဲ့ ကျောင်းသားလေးနှစ်ယောက်

လူကြီးမင်းတို့ ထပ်ပြီးဆွဲမချပါနဲ့တော့ – သီရိလင်္ကာက ကျောင်းသားတွေလွန်ခဲ့တဲ့ ၂ နှစ်ထဲက သူတို့နိုင်ငံအတွက် ဂြိုလ်တု တီထွင် လွှတ်တင်ပေးနိုင်နေပြီ

အချိန်ကာလသည် ၂၀၁၉ နံနက်ခင်းတခု “ဒီမနက် အင်တာနက်သတင်းတွေစဖွင့်လိုက်တာနဲ့ ပထမဆုံး တွေ့လိုက်ရတဲ့ သတင်းကတော့ သီရိလင်္ကာ နိုင်ငံက ပထမဆုံး ဂြိုဟ်တု လွှတ်တင်နိုင်ပြီဆိုတာပဲ။

ဂြိုဟ်တုတွေ အာကာသထဲ လွှတ်တယ်ဆိုတာ ငွေပေါလို့ လွှတ်တာမဟုတ်ဘူး၊ ဂုဏ်တုဂုဏ်ပြိုင်ချင်လို့ လွှတ်တာလည်း မဟုတ်ပါဘူး။ သုတေသနနဲ့ လေ့လာရေးအတွက် လွှတ်တင်နေကြတာ။ သီရိလင်္ကာလိုနိုင်ငံ (ပထမဆုံး) ဂြိုဟ်တုကို လွှတ်တင်လိုက်နိုင်ပြီဆိုတာကတော့ အံ့အားသင့်စရာ။

ပိုပြီး စိတ်ဝင်စားစရာကောင်းတာက လွှတ်တင်လိုက်တဲ့ Ravana-1 (ရာဝဏ-၁) ဆိုတဲ့ ဂြိုဟ်တုကို တီထွင် သူတွေက ကျောင်းသားနှစ်ယောက်ဖြစ်နေတာပဲ။

အာကာသထဲကို ဂြိုဟ်တုလွှတ်တင်နိုင်အောင် တီထွင်တဲ့ကျောင်းသားတွေက ဂျပန်နိုင်ငံမှာ ပညာသင်ကြား နေတဲ့ သီရိလင်္ကာသား သာရင်ဒူ ဒယရာတ်နီနဲ့ ဒူလာနီ ချာမီကာဆိုသူနှစ်ယောက်ပေါ့။ သူတို့က ဂျပန်နိုင်ငံ ကျူရှူးနည်းပညာတက္ကသိုလ်မှာ ပညာသင်ကြားနေကြတာ။

သူတို့တီထွင်ထားတဲ့ ဂြိုဟ်တုလေးက 11.3 cm x 10 cm x 10 cm အရွယ်အစားပဲရှိတယ်။ အလေးချိန်က 1.05 kg တဲ့။ ရာဝဏ-၁ ဂြိုဟ်တုလေးဟာ ကမ္ဘာ့မြေပြင်အထက် ကီလိုမီတာ ၄၀၀ လောက်ကနေ လေ့လာမှုတွေ လုပ်နေလိမ့်မယ်။

ရာဝဏ-၁ ဟာ သီရိလင်္ကာနိုင်ငံကို အာကာသထဲကနေကြည့်ပြီးတော့ လေ့လာမှုတွေ ပြုနေတာကို မြေပြင် ကနေ သူတို့ထိန်းချုပ်ပြီး စီမံဆောင်ရွက်ကြလိမ့်မယ်။ ဂြိုဟ်တုကို တစ်နှစ်ခွဲလောက်ခံမယ်လို့ မျှော်လင့်ထား ပေမယ့် တီထွင်သူကလေးနှစ်ယောက်ကတော့ ငါးနှစ်လောက်သူတို့ဂြိုဟ်တုက လုပ်ဆောင်မှုပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားတယ်။”

ကျွန်တော်ပြောချင်တာက လုပ်ပိုင်ခွင့်နဲ့ အားပေးအားမြှောက်ပြုခြင်းအပိုင်းပါ။

လူငယ်တွေမှာ စွမ်းအားတွေရှိတယ်။ ကာယအား ဉာဏအားတွေရှိတယ်။ သူတို့ရဲ့ ကာယအားတွေ ဉာဏ အားတွေ အထက်သန်ဆုံး၊ အလုပ်ဆောင်နိုင်ဆုံး အချိန်မှာ လုပ်ပိုင်ခွင့်လည်းမရှိ၊ လုပ်စရာလည်းမရှိ၊ လုပ်ရကောင်းမှန်းလည်းမသိ ဖြစ်အောင် လုပ်ထားတဲ့ ပညာရေးစနစ်ကို ပြန်လည်ဆန်းစစ်ဖို့ပြောချင်တာ။

တစ်လောကမှ ကျောင်းသားတွေကို စက်ရုပ်ပြိုင်ပွဲလေးတွေ စတင်ပြီး လုပ်ပေးပြီဆိုတာ သတင်းစာထဲမှာ ဖတ်ရတယ်။ ကိုယ်ကခုမှစတယ်၊ ကိုယ့်နိုင်ငံလောက်တောင် အခြေအနေ မပေးတဲ့နိုင်ငံတွေက အာကာသထဲ ရောက်ကုန်တယ်။

အဲဒါဘာကြောင့်လဲ။

ပညာရေးကျဆုံးရင် အားလုံးကျဆုံးတာပဲ။ ပညာရေးဆိုတာ အခန်းထဲပိတ်ပြီး တိတ်တိတ်လေးနားထောင် ခိုင်းတဲ့ ခေတ်စနစ်ကို မဖောက်ထွက်နိုင်သေးရင် နောက်ကျကျန်နေခဲ့မှာပဲ။

နောက်တစ်ချက်က ကိုယ်ကတစ်ဦးတည်း၊ တစ်ယောက်တည်း၊ တစ်နိုင်ငံတည်း မလုပ်ဆောင်နိုင်ရင် ပူးပေါင်း လုပ်ဆောင်ရမယ်ဆိုတဲ့ အသိတရားတွေကို မြန်မာ့ပညာရေးက မပေးနိုင်သေးဘူး။

သဘောထားမကြီးတဲ့ လူကြီးတွေနဲ့ ငါတို့နိုင်ငံရဲ့ အနာဂတ်ဟာ လူငယ်တွေရဲ့ လက်ထဲမှာ ရှိပါလားဆိုတာကို (သိသိကြီးနဲ့ မသိချင်ယောင်ဆောင်နေတဲ့) သူတွေကြောင့် ကျွန်တော်တို့ ကလေးတွေဟာ အနာဂတ်ပျောက်နေ ကြရတယ်။

လုပ်ပိုင်ခွင့်မပေး ချုပ်ကိုင်ထားတော့ လမ်းလျှောက်ရင်း လမ်းပျောက်နေကြရတယ်။

လူကြီးမင်းများ

ဟိုး … တောင်ပေါ်က လူကြီးမင်းများ လက်ခုပ်ချည်း မတီးနေပါနဲ့

ကျေးဇူးပြုပြီး တောင်အောက်ကို ဆင်းကြည့်ပါ။

ခင်ဗျားတို့ ဟိုးအပေါ်က မြင်နေရသလို လူငယ်တွေဟာ အရွယ်မရောက်သေးတာ မဟုတ်ပါဘူး။

သူတို့ မတရားရုန်းထွက်နေကြရပါတယ်။

ကျေးဇူးပြုပြီး ဖိထားတာလေးကို ဖွင့်ပေးလိုက်ကြပါ။

တင်ညွန့်

၂၀.၆.၂၀၁၉