ဇနီးကိုယ်တိုင် လူတစ်စုနှင့်ပေါင်းပြီး ကျန်းမာရေးကောင်းသူ ယောက်ျားအား စိတ်ကျန်မာရေးဆေးရုံအပို့လိုက်တဲ့ ခေတ်သစ်လုပ်ကြံမှု့

ခင်ပွန်းဖြစ်သူကို ခေတ်ပေါ်နည်းဖြင့် လုပ်ကြံရန် ကြိုးစားမှု ပြည်သူဘဝ မလုံခြုံတော့ပြီလော ဇနီးဖြစ်သူမှ စိတ်ကျန်းမာရေးဆေးရုံသို့ ပို့ဆောင်ခြင်းခံရသည့် ကျန်းမာရေးကောင်းသူ ခင်ပွန်းသည် ကိုကျော်တင့်ဆွေရဲ့ဖြစ်ရပ်…

ဇနီးဖြစ်သူမှ စိတ်ကျန်းမာရေးဆေးရုံသို့ ပို့ဆောင်ခြင်းခံရသည့် ကျန်းမာရေးကောင်းသူ ခင်ပွန်းသည် ကိုကျော် တင့်ဆွေရဲ့ဖြစ်ရပ်ကထူးခြားလှပြန်ပါတယ်။ ကိုကျော်တင့်ဆွေ၊ အသက် -၃၅ နှစ်၊ မိဘအမည်-ဦးလှမောင်၊ဒေါ်ခင်စိန်၊ လူမျိုး/ဘာသာ-ဗမာ/ဗုဒ္ဓ၊ အလုပ် အကိုင်-ဆောက်လုပ်ရေးကန်ထရိုက်၊ နေရပ်လိပ်စာ -အမှတ်(၃၂၇/ခ)၊ အောင်သိဒ္ဓိလမ်း၊ ကြီးပွားရေးရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

ကိုကျော်တင့်ဆွေပြောပြတဲ့ သူ့အကြောင်း… ကျွန်တော်သည် အဘ ဦးလှမောင် ၊ အမိ ဒေါ်ခင်စိန် တို့မှ မကွေးမြို့တွင် မွေးဖွားခဲ့ပါသည်။ မွေးချင်း (၁၀)ဦးအနက်မှ နဝမမြောက်သားဖြစ်ပါသည်။ ငယ်စဉ်က သူငယ်တန်းမှ အဌမတန်းအထိ မကွေးမြို့နယ် ရွက်ဟောင်းကန်ကျေးရွာ ကျောင်း၌ပညာသင်ကြားခဲ့ပြီး တက္ကသိုလ် ဝင်တန်းစာမေးပွဲကို အ.ထ.က(၃)ရေနံချောင်းမှ အောင်မြင်ခဲ့ပါသည်။

ဒဂုံတက္ကသိုလ်၊ဘူမိဗေဒဌာနတွင် ဘူမိဗေဒ အထူးပြုဘာသာရပ် အားလေ့လာခဲ့ပြီး ၂၀၀၈ ခုနှစ်တွင်ဘွဲ့ရရှိခဲ့ပါသည်။ (၁၉.၁၁.၂၀၁၂)တွင် ဒေါ်ကေဇင်ဝင်းနှင့် အိမ်ထောင်ကျပြီး သားတစ်ဦးထွန်းကားခဲ့ပါသည်။ယခုအခါတွင် အထက်ဖော်ပြပါလိပ်စာတွင် နေထိုင်လျက်ရှိပါသည်။ မှုခင်းပိုင်းဆိုင်ရာပြောပြချက်မှာ… (၂၀.၁.၂၀၂၀)ရက်ည (ရး၃၀)နာရီခန့်တွင် နေအိမ်၌ ရှိနေစဉ်၊

ကျွန်တော်၏ဇနီးဖြစ်သူ ဒေါ်ကေဇင်ဝင်းနှင့် သားဖြစ်သူ မောင်ခန့်မြတ်ဘုန်းထက်တို့သည် လမ်းထိပ်သို့သွားကြောင်းသိရသဖြင့် လမ်းမှာ ညအချိန်မှောင်လျှင် လူပြတ်သောကြောင့် စိုးရိမ်သဖြင့် ဇနီးနှင့်သားကို လိုက်ခေါ်ရန် နေအိမ်မှထွက်လာခဲ့ပါသည်။ လိုက်ခေါ်ရန် အိမ်မှထွက်လာစဉ်က ကျွန်တော်၏အစ်မဖြစ်သူ ဒေါ်သိမ့်သိမ့်အေးအားပြော၍ထွက်လာခဲ့ခြင်းဖြစ်ပါသည်။

အိမ်တိုက်ခန်းအောက်ရောက်သည့်အချိန်တွင် ကျွန်တော်တစ်ခါမှ မြင်ဖူးတွေ့ဖူးခြင်းမရှိသော လူ(၅)ဦးက ကျွန်တော့်ကို ဝိုင်းဝန်းချုပ်နှောင်ပြီး လက်ထိပ်နောက်ပြန်ခတ်၍ အတင်းအဓမ္မ ဖမ်းဆီးပါသည်။ ထို့နောက် ၎င်းတို့ သည် PROBOX ကားတစ်စီး(နံပါတ်မမှတ်မိ) ကားအတွင်း ဖမ်းဆီးတင်ဆောင်၍ အတင်းအကြပ်ခေါ်ဆောင်ပါသည်။ ရပ်ကွက်ရုံးရှေ့တွင် ကားနောက်ဖုံးဖွင့်၍

ယူနီဖောင်းဝတ်ရဲအရာရှိတစ်ဦး တက်ရောက်လာပါသည်။ ကျွန်တော်က ဘယ်သူတွေလဲ၊ ဘာကိစ္စလဲ၊ဘာကြောင့်ဖမ်းတာလဲ၊ ဖမ်းဝရမ်းပါလားဟု မေးမြန်းရာတွင် ၎င်းတို့ မှ ဘာမှပြန်မပြောပါ။ နာရီဝက်ခန့်အကြာတွင် ကျွန်တော့်ကို ကားပေါ်မှအတင်းဆင်းခိုင်းပါသည်။ နေရာမှာ ရွှေပေါက္ကံမြို့သစ်ရှိ အောင်မေတ္တာ စိတ်ကျန်းမာရေးဆေးရုံဖြစ်ပါသည်။ ကျွန်တော်မှ မိမိသည်

စိတ်ရောဂါခံစားနေရသူမဟုတ်ကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူလည်းမဟုတ်ကြောင်း ပြောပြသော်လည်းမရပါ။ တာဝန် အရဖမ်းဆီးအပ်နှံခြင်းဖြစ်သည်ဟု ပြောပါသည်။ ကျွန်တော့်ကို ၎င်းဆေးရုံ ဒုတိယထပ်၊ အခန်းအမှတ်(၂၀၆) တွင် သော့ခတ်ပိတ်လှောင်ကာ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဆက်သွယ်မှုမပြုစေဘဲ လျှို့ဝှက်စွာဖမ်းဆီးချုပ်နှောင်ထားပါသည်။

ထိုသို့ ချုပ်နှောင်ထားစဉ် ညွှန်ကြားချက်ရသည်နှင့် ကျွန်တော့်ကိုအရူးဆေးထိုးကာ အရူးထောင်သို့ပို့မည်ဖြစ်ကြောင်း တစ်သက်လုံး အရူးထောင်တွင်နေသွားရတော့မည်ဖြစ်ကြောင်း ခြိမ်းခြောက် ပြောဆိုပါသည်။ ထွက်ပြေးဖို့မကြိုးစားနဲ့၊ ထွက်ပြေးလည်း လွတ်မည်မဟုတ်ကြောင်း၊ ထွက်ပြေးပါက ပိုဆိုးမည်ဖြစ်ကြောင်းလည်း

ပြောဆိုခြိမ်းခြောက်ပါသည်။ ယင်းနေ့ (၂၀.၁.၂၀၂၀)ရက် ည (၈း၃၀)နာရီတွင် ဆရာဝန်၊ သူနာပြုဆရာမနှင့်အတူ ဆေးရုံဝန်ထမ်း(၇)ဦးက မိမိအား အတင်းအကြပ် ဆေးထိုးရန်ကြိုးစားခဲ့ကြပြီး အကြောက်အကန်ငြင်းဆိုသဖြင့် အဝါရောင်ရှိသော သောက်ဆေး(၂)လုံးကို အတင်းတိုက်၍ သောက်ခဲ့ရပါသည်။ ၎င်းဆေးရုံ CCTVမှတ်တမ်းတွင် ကြည့်လျှင်တွေ့နိုင်ပါသည်။

(၂၀.၁.၂၀၂၀)ရက် တစ်ညလုံး အခန်းအမှတ်(၂၀၆)အတွင်း သော့ခတ်ပိတ်လှောင်ထားခြင်းခံခဲ့ရပါသည်။ ဆရာဝန်ကြီး ဒေါက်တာနန္ဒမျိုးအောင်ဝမ်း ဆေးရုံသို့ရောက်ရှိလာချိန် (၂၁.၁.၂၀၂၀) ရက် ညနေ(၅း၃၀)နာရီ အချိန်အထိ ကျွန်တော့်ကို မည်သူတစ်ဦးတစ်ယောက်မျှ ဆက်သွယ်ခွင့်မပေးဘဲ ချုပ်နှောင်ထားပါသည်။ ဆရာဝန်ကြီးနှင့် တွေ့ခွင့်တောင်း၍

ကျွန်တော်၏ဆန္ဒမပါဘဲ ဆေးရုံတွင် ဖမ်းဆီးချုပ်နှောင်ခွင့်မရှိကြောင်း၊ ပြန်လွှတ်ပေးရန်ပြောကြားရာ ဆရာဝန်ကြီးက သက်ဆိုင်ရာကဖမ်းဆီးပြီးပို့ဆောင်သည့်အတွက် ဤဆေးရုံတွင် ၃၊၄ ရက် ဆက်နေရမည်ဖြစ်ကြောင်း၊ထို့နောက် ရွာသားကြီးစိတ်ကျန်းမာရေးဆေးရုံသို့ ပြောင်းပြီးဖမ်းဆီးချုပ်နှောင် သွားမည်ဖြစ်ကြောင်းပြန်ပြောပါသည်။ ကျွန်တော်က မိမိသည် စိတ်ရောဂါခံစားနေရသူ

မဟုတ်ကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူလည်းမဟုတ်ကြောင်း၊ အဆိုပါအခန်းတွင် မနေနိုင်ကြောင်း စိတ်မွန်းကျပ်ပြီးနေရသည်မှာ အဆင်မပြေကြောင်း၊ ညီအစ်ကိုမောင်နှမများနှင့်ဆက် သွယ်ပေးရန် ပြောသည့်အခါ အခန်းအမှတ်(၁၀၅) သို့ ပြောင်းရွေ့ချုပ်နှောင်ထားခဲ့ပြန်ပါသည်။ အခန်းအမှတ် (၁၀၅)သို့ရောက်စဉ် ကျွန်တော့်ကိုဖုန်းပေးပြောခိုင်းသဖြင့် ဖုန်းပြောရာညီဖြစ်သူ

ကိုဇော်ဇော်ထွန်းနှင့် (၂)မိနစ်ကြာဖုန်းပြောခဲ့ရပါသည်။ ဖုန်းပြောခွင့်ရခြင်းမှာလည်း ညီဖြစ်သူ ကိုဇော်ဇော်ထွန်းနှင့် အစ်မဖြစ်သူများအဖွဲ့မှအတင်းအကြပ်တောင်းဆိုမှသာ ပြောခွင့်ရရှိခြင်းဖြစ်ကြောင်း ညီဖြစ်သူကိုဇော်ဇော်ထွန်းကပြောပါသည်။ ထိုသို့ဖုန်းပြောကြားစဉ် မိမိက ညီဖြစ်သူ ကိုဇော်ဇော်ထွန်းကို မတရားဖမ်းဆီးချုပ်နှောင်ခံထားရသည့်အကြောင်း ပြောပြနိုင်ခဲ့ရာ

ညီဖြစ်သူကိုဇော်ဇော်ထွန်းက တရားလွတ်တော်ရှေ့နေ ဦးတင်အောင်ကြည်၊ လှိုင်မြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းတို့၏ အကူအညီရယူလျက် (၂၁.၁.၂၀၂၀) ရက် ညနေ (ရး၀၀)နာရီခန့် မှစ၍ စကားအချေအတင် ပြောဆိုပြီးမှသာ ထိုနေ့ည(၉း၀၀)နာရီခန့်မှ ကျွန်တော် သည် အဆိုပါဆေးရုံမှ ထွက်ခွာခွင့်ရရှိခဲ့ပါသည်။

ထိုဆေးရုံမှပြန်ရန်အတွက် ကျွန်တော့်အား ကိုယ့်သဘောဖြင့်ကိုယ် ဆေးရုံတက်ရောက်ခြင်းဖြစ်ကြောင်း မှတ်ချက်ရေး လက်မှတ်ထိုးခိုင်းပါသည်။ ကျွန်တော်က ကိုယ့်သဘောဖြင့်ကိုယ် ဆေးရုံတက်ရောက်ခြင်းမဟုတ်သဖြင့်မထိုးပေးနိုင်ကြောင်း မှတ်ချက်တွင်လည်း မိမိသဘောဆန္ဒဖြင့် တက်ရောက်ခြင်း မဟုတ်ကြောင်း မှတ်ချက်ရေးသားခဲ့ပါသည်။ ယင်းဆေးရုံရှိမှတ်တမ်းစာရွက်စာတမ်းတွင်ရှိပါသည်။

လက်မှတ် (၂)ချက်လည်း ရေးထိုးခဲ့ပါသည်။(၁၉.၂.၂၀၂၀)ရက် ညနေ (၅း၃၀)ခန့်တွင် အကိုလေးဆိုသူအမျိုးသား(၁)ဦးက ဖုန်းနံပါတ် -၀၉ ၆၈၈၅၉၅၀၆၅ ဖြင့် ဖုန်းခေါ်ဆိုကာ ထိုသူက မိမိသည် ရန်ကုန်မြို့၊ဗိုလ် တစ်ထောင်မြို့နယ်၊ ဝန်ကြီးများရုံးဟောင်း ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းခွင်တွင် ဒေါ်ကေဇင်ဝင်းနှင့်အတူတွဲလုပ်ကိုင်နေသည့် အလုပ်ပါတနာဖြစ်ကြောင်း၊

မိမိ (ကျွန်တော်) အရူးထောင်ရောက်အောင် သူနှင့်ဒေါ်ကေဇင် ဝင်း ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတွင် အဆက်သွယ်များရှိကြောင်း၊ အမှုမဖွင့်ရန်နှင့် အမှုဖွင့်ရန်ကြိုးစားပါက မိမိ(ကျွန်တော်)သာ ဒုက္ခရောက်သွားမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ပါသည်။ ထိုသူမှာ ဦးလှမြင့်သိန်း(ခ)ဦးစန်းလွင်ဖြစ်ကြောင်း သိရပါသည်။ (၁၁.၂.၂၀၂၀)ရက်တွင် အောင်မေတ္တာ စိတ်ကျန်းမာရေးဆေးရုံအား

မြန်မာနိုင်ငံဆေးကောင်စီသို့တိုင်ကြားခဲ့ပြီး၊(၁၈.၂.၂၀၂၀)ရက်တွင် မြန်မာနိုင်ငံဆေးကောင်စီမှ စာမိတ္တူတစ်စောင်ပြန်လည် ပေးပို့လာပါသည်။ ယခုအခါ အဆိုပါ အောင်မေတ္တာစိတ်ကျန်းမာရေးဆေးရုံအား ပုဂ္ဂလိကဆေးရုံလိုင်စင်မရှိသည့်အတွက် ဆေးကုသခွင့်မရှိသဖြင့် အမြဲတမ်းပိတ်ထားရန် ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီးကုသရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးမှ ညွှန်ကြားထားပြီး ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ စိတ်ပုံမှန်အခြေအနေရှိသူ လူကောင်းတစ်ဦးအား အမြဲတမ်းစိတ်ပေါ့သွပ် ရူးသွပ်သူတစ်ဦးဖြစ်စေရန် နှင့် လူမှုစီးပွားဘဝပျက်ပြားစေရန် ရည်ရွယ်လျက် မတရားဖမ်းဆီးခေါ်ဆောင်သွားပြီး လျှို့ဝှက်စွာဖမ်းဆီးထားကာ အမြဲတမ်းစိတ်ပေါ့သွပ်ရူးသွပ်သွားစေရန် ဆေးဝါးများအသုံးပြုလုပ်ဆောင်ပေးရန် စေခိုင်းခဲ့သူ လျှောက်ထားခံရသူ အမှတ်(၁) ဒေါ်ကေဇင်ဝင်းနှင့်အတူကူညီလုပ်ဆောင်သည့်

လျှောက်ထားခံရသူအမှတ်(၃) ဦးလှမြင့်သိန်း၊ ထိုသို့ခိုင်းသည်ကို လုပ်ဆောင်ပေးသူ အမည်မသိ(၅)ဦးနှင့် ပုဂ္ဂလိကဆေးရုံလိုင်စင်မရှိသည့်အတွက် ဆေးကုသခွင့် ဖမ်းဆီးချုပ်နှောင်ခွင့်မရှိကြောင်းသိရှိပါလျက် လုပ်ဆောင်ပေးခဲ့သည့် အောင်မေတ္တာ စိတ်ကျန်းမာရေးဆေးရုံမှ တာဝန်ရှိသူ ဒေါက်တာ နန္ဒမျိုးအောင်ဝမ်း နှင့် ဆရာဝန်ကြီးများ၊သူနာပြုများအား ဥပဒေနှင့်အညီ အရေးယူပေးပါရန်

ဦးတိုက်လျှောက်ထားအပ်ပါသည်။ ဟု ကိုကျော်တင့်ဆွေက ၄င်း၏ရှေ့နေဖြစ်သူ ဦးဟန်ဝင်းလှိုင်မှတဆင့် သင်္ဃန်းကျွန်းမြို့နယ်တရားရုံးတွင် ၃၀.၄.၂၀၂၀ရက်က ရာကြီးအမှတ် ၁၀၄၅/ ၂၀၂၀ဖြင့် အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ Ko Ko Sai

Add a Comment

Your email address will not be published. Required fields are marked *