နေပြည်တော်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း တာဝန်ထမ်းဆောင်နေတဲ့ စစ်သည်တစ်ဦး ကိုဗစ်အကူးခံထားရ

နေပြည်တော်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း တာဝန်ထမ်းဆောင်နေတဲ့ စစ်သည်တစ်ဦး ကိုဗစ်အကူးခံထားရ

နေပြည်တော်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း တာဝန်ထမ်းဆောင်နေတဲ့ စစ်သည်တစ်ဦးမှာ COVID-19 ပိုးတွေ့ရှိရတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီကနေ့ မေ ၄ ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

အဲဒီစစ်သည်ဟာ ဧပြီလ ၃၀ ရက်နေ့မှာ ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ဝမ်းပျက်ဝမ်းလျှော ဖြစ်ခြင်းတို့ ခံစားရတဲ့အတွက် မေလ ၁ ရက်နေ့မှာ COVID-19 ရောဂါနှင့်ပတ်သက်၍ အထူးကြိုတင်ပြင်ဆင်ထားသော နယ်မြေခံတပ်မတော်ဆေးရုံရှိ ကုသဆောင်မှာ သီးခြားစောင့် ကြည့်ပြီး ကုသပေးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီစစ်သည်ရဲ့ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်တို့ကို ယူပြီး PCR နည်းဖြင့် စမ်းသပ်စစ်ဆေးရာ မေ ၄ ရက် နံနက် ၄ နာရီခွဲ ဓာတ်ခွဲအတည်ပြုချက်အရ COVID-19 ရောဂါပိုးတွေ့ရှိရတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။ဒါကြောင့် ၄င်းကိုဗစ်စစ်သည်လူနာအား တပ်မတော်က ကြိုတင်စီစဉ်ထားတဲ့

COVID-19 ရောဂါအထူးကုသရန် သတ်မှတ်ထားသည့် ဆေးရုံကို ပို့ဆောင်ထားပြီး လက်ရှိအချိန်တွင် ကျန်းမာရေး အခြေအနေတည်ငြိမ်ကောင်းမွန်တယ်လို့ ဆိုပါတယ်။ လူနာနဲ့ ဆက်စပ်ထိတွေ့ခဲ့သူတွေကိုလည်း လိုအပ်တဲ့ ရောဂါရှာဖွေမှုတွေ၊ အသွားအလာကန့်သတ်မှုတွေလုပ်ထားတယ်လို့ဆိုပါတယ်။

ဒါဟာ ပြည်တွင်းမှာ တပ်မတော်သားတစ်ဦး ပထမဆုံး ကိုဗစ်အတည်ပြုလူနာအဖြစ် ထုတ်ပြန်တာဖြစ်ပါတယ်။ ရုရှားနိုင်ငံကို ပညာတော်သင်ရောက်ရှိနေတဲ့ တပ်မတော်သား (၅) ဦးမှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီး သူတို့အားလုံး ကျန်းမာရေးကောင်းမွန်တယ်လို့ ဆိုပါတယ်။