အစိုးရဝန်ထမ်းတွေအတွက် ၂ လစာ ကြိုတင်လစာငွေတွေကို ပြန်ဆပ်စရာမလိုဟု CRPH ကြေညာ

အစိုးရဝန်ထမ်းတွေအတွက် ၂ လစာ ကြိုတင်လစာငွေတွေကို ပြန်ဆပ်စရာမလိုတဲ့ ဆုကြေးငွေအဖြစ် သတ်မှတ်ပေးလိုက်တယ်လို့ CRPH က ကြေညာ

ကပ်ရောဂါကာလအတွင်းမှာ NLD အစိုးရက ထုတ်ပေးထားတဲ့ အစိုးရဝန်ထမ်းတွေအတွက် ၂ လစာ ကြိုတင်လစာငွေတွေကို ပြန်ဆပ်ဖို့ မလိုတော့ဘူးလို့ ပြည်တောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က မတ်လ ၇ ရက်နေ့ ဒီကနေ့မှာ ကြေညာလိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလအတွင်းမှာ အစိုးရ ဝန်ထမ်းတွေ သက်သာချောင်ချိရေးအတွက် ရည်ရွယ်ပြီး ဒီလစာငွေတွေကို ၂၀၂၀ ခုနှစ် အောက်တိုဘာလကနေ အစိုးရက ထုတ်ပေးခဲ့တာဖြစ်ပြီး အချိုးကျစနစ်နဲ့ ပြန်ဆပ်ဖို့ အရင်က သဘောတူထားခဲ့ပေမယ့် အခုပြန်ဆပ်စရာမလိုတဲ့ ဆုကြေးငွေအဖြစ် သတ်မှတ်ပေးလိုက်တယ်လို့ CRPH က ကြေညာပါတယ်။

ပြည်တောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က အာဏာသိမ်းစစ်ကောင်စီကို အကြမ်းဖက် အုပ်စုအဖြစ်ကြေညာထားသလို အာဏာသိမ်းစစ်ကောင်စီရဲ့ အမိန့်မှန်သမျှကို မလိုက်နာဖို့၊ အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေကို ဆက်လုပ်သွားဖို့နဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရှောင်ရှားဖို့လည်း တိုက်တွန်းထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီကတော့ ဒီကော်မတီမှာ ပါဝင်တဲ့သူတွေကို နိုင်ငံတော် အကြည်ညိုပျက်စေတယ် ဆိုပြီး တရားစွဲထားပါတယ်။

crd / RFA Burmese

Tags: