ရေင်ခွဲစစ်ဆေးဖို့လုပ်နေစဉ်မှာပဲ အသက်ပြန်ရှင်လာခဲ့တဲ့ အိန္ဒိယအမျိုးသား

သေဆုံးရခြင်းအကြောင်းရင်းကို ရင်ခွဲစစ်ဆေးဖို့လုပ်နေစဉ်မှာပဲ အသက်ပြန်ရှင်လာခဲ့တဲ့ အိန္ဒိယအမျိုးသား

အိန္ဒိယနိုင်ငံက အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ မော်တော်ဆိုင်ကယ်မတော်တဆမှုဖြစ်ပွားခဲ့ပြီးနောက် သေဆုံးခဲ့ပြီလို့ သတ်မှတ်ခံခဲ့ရပါတယ်။ ဒီနောက်မှာတော့ ဆရာဝန်တွေက သူ့ကို ရင်ခွဲစစ်ဆေးဖို့ ပြုလုပ်ခြင်းမတိုင်ခင်မှာ ပြန်လည်လှုပ်ရှားလာခဲ့ပြီး အသက်ရှင်သန်ခဲ့တဲ့ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ ဗြိတိန်သတင်းစာ The Sun က ဖော်ပြခဲ့ပါတယ်။

အိန္ဒိယတောင်ပိုင်း၊ Mahalingapur အရပ်ကဖြစ်ပြီး ပြင်းထန်ဒဏ်ရာကြောင့် ပုဂ္ဂလိကဆေးရုံတစ်ခုဆီ ပို့ဆောင်ပေးခဲ့ရတာဖြစ်ပါတယ်။ ဆရာဝန်တွေက သူ့ကို သေဆုံးပြီလို့ အတည်ပြုကြေညာခဲ့ပြီး မိသားစုက နီးစပ်ရာအစိုးရဆေးရုံဆီ မပို့ဆောင်ခင်မှာ အသက်ရှူစက်ကိုလည်း ဖယ်ရှားပစ်ခဲ့သေးတယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း အစိုးရဆေးရုံမှာ ဆရာဝန်တွေက ရင်ခွဲစစ်ဆေးခြင်းပြုလုပ်ဖို့ စာရွက်စာတမ်းတွေအတည်မပြုခင်လေးမှာပဲ သူဟာ လှုပ်ရှားမှုတွေပြုလုပ်ခဲ့တယ်လို့ မိသားစုဝင်တွေက ဒေသခံမီဒီယာကို ပြောကြားခဲ့ပါတယ်။ သူ့ကို ခွဲစိတ်စစ်ဆေးဖို့ ပြုလုပ်နေတဲ့ ဆရာဝန်ကလည်း လူနာဟာ သေဆုံးသွားခဲ့ပြီလို့ ပြောဆိုခဲ့ကြောင်း Times of India က ဖော်ပြခဲ့ပါတယ်။

သူက “သူ့ မိသားစုဝင်တွေရဲ့ တောင်းဆိုချက်အရ အစိုးရဆေးရုံကို ပြောင်းရွှေ့ခဲ့ပြီး သူ့ခြေတွေ၊လက်တွေ လှုပ်နေတာကို တွေ့ခဲ့ရပါတယ်၊ ဒီအတွက်ကြောင့် သေသေချာချာစမ်းသပ်တဲ့အခါမှာ သူ အသက်ရှင်နေသေးတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်၊ အခုတော့ သူ ပုဂ္ဂလိကဆေးရုံတစ်ခုမှာ ဆေးကုသမှု ခံယူဖို့အတွက် ရောက်ရှိနေပါပြီ” လို့ ပြောဆိုခဲ့ပါတယ်။

အစိုးရကျန်းမာရေးအရာရှိတစ်ဦးကလည်း ဒီသတင်းကို အတည်ပြုခဲ့ပြီး ဒဏ်ရာရရှိထားသူကို အခြားဆေးရုံတစ်ခုဆီ ခေါ်ဆောင်သွားကြောင်း ပြောကြားခဲ့ပါတယ်။ ပုဂ္ဂလိကဆေးရုံက ဆရာဝန်တွေက သူသေဆုံးပြီလို့ပြောဆိုခဲ့ပြီး အသက်ရှူစက်ကို ဖယ်ထုတ်ပစ်ခဲ့ကာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ချမှတ်ခဲ့တယ်လို့လည်း အဆိုပါအရာရှိက ဆိုပါတယ်။

လက်ရှိမှာတော့ မိသားစုဘက်က တရားဝင်တိုင်တန်းမှုတွေပြုလုပ်ထားခြင်းမရှိသေးဘူးလို့လည်း သူက ထပ်ပြောခဲ့ပါတယ်။

C R D – therivernews