သွားတော့မယ် သိမ့်ရေ … မျက်ရည်ခိုင်မှ ဖတ်ပါ

သွားတော့မယ် သိမ့်ရေ

ကိုယ့်ခလေးလေးရေ

နွေဦးဟာ ပန်းတွေမကြွေပဲ

ကျည်ဆံတွေတဖွဲဖွဲ

ကိုယ့်သွေးတွေနဲ့ တွန်းပို့ခဲ့တဲ့ တော်လှန်ရေးလေ

ဂရုစိုက်ပါကလွဲပြီး

ကိုယ်ပြောလို့မရတော့တဲ့စကားတွေ

သိမ့်ကြားမှာပေါ့

သိမ့်အားငယ်နေမလား

သိမ့်ကိုမျက်ရည်ကျစေခဲ့လို့ အားနာတယ်

ကိုယ်ပြန်မရောက်တော့တာကို

ခွင့်လွှတ်ပေးပါ

အတူတူရင်ဆိုင်ဖို့ဆုံးဖြတ်ထားခဲ့ပေမယ့်

ကိုယ်မပါလာတော့တဲ့ခရီးကို

တစ်ယောက်ယောက်နဲ့ ဆက်လျှောက်ပေးပါကွယ်

ဖုန်းတွေအကြာကြီးမပြောနိုင်တော့ဘူး

မဟုတ်ဘူး

ကိုယ်တို့ဖုန်းနဲ့တောင် ဆက်သွယ်ခွင့်မရတော့ဘူး

လူကြီးမင်းခေါ်ဆိုတယ်လီဖုန်းမှာ ဆိုတဲ့

အသံတွေကြားတိုင်း

သိမ့်စိတ်မကောက်နဲ့တော့နော်

သိမ့်ရေ

နောက်ဘဝတွေကျရင်

တကယ်ပေါင်းကြမယ်နော်

ကိုယ်မရှိရင်မဖြစ်ဘူးဆိုတဲ့ ခလေးလေး

ဒီနွေဦးပြီးရင်

သိမ့်ငိုတော့မလား

စိတ်မဆိုးနဲ့နော်

ကိုယ်ပြန်လာလို့မရတော့ဘူးလေ

ကိုယ်အဝေးကြီးသွားနေရပြီ

ချစ်ရတဲ့သိမ့်နဲ့ အဝေးကြီးဆီ

သိမ့်ရေ

ရက်စက်မှုတွေကြားမှာ

ပြုတ်ကျသွားတဲ့ လက်ကလေးကို

သတိရတိုင်းမငိုနဲ့နော်

ကိုယ်လာချော့လို့မရတော့ဘူး

ရီလိုက်ရင် ပန်းတွေပွင့်တဲ့

သိမ့်

ကိုယ်အဲ့ဒီပန်းတွေကို မခူးနိုင်တော့ဘူး

ကိုယ့်ကိုခွင့်လွှတ်ကွာ

စိတ်မပူနဲ့လို့ပြောပြီး

ပြန်မလာတော့တဲ့ ကိုယ့်ကို

စိတ်မကောက်ဖို့ ကိုယ်ပြောချင်သေးတယ်

သိမ့်ရေ

ဒီတစ်ခါကိုယ်တို့တကယ်ခွဲရတာတဲ့

ဘယ်လောက်ရက်စက်တဲ့ ကံတရားလဲ

စိတ်ပူတယ်

အစစအရာရာဂရုစိုက်ပြီး

ကိုယ်ခင်းတဲ့လမ်းပေါ်

တော်လှန်ရေးကို တွန်းပို့ပေးပါကွယ်

ကိုယ့်အတွက်

သိမ့်ဂုဏ်ယူနေမယ်လို့

ကိုယ်မျှော်လင့်မိတယ်

သိမ့်ရေ

ကိုယ်သွားပြီ

ဟိုးအဝေးကြီးထိ ………….။

C r d – Angela