အဝေးတစ်နေရာကနေ သာလေးတွေကို လွမ်းနေရလို့ ရင်ဖွင့်ပြီးရေးလာတဲ့ ဒါရိုက်တာကိုပေါက်ရဲ့ စာလွှာ

အဝေးတစ်နေရာကနေ သာလေးတွေကို လွမ်းနေရလို့ ရင်ဖွင့်ပြီးရေးလာတဲ့ ဒါရိုက်တာ ကိုပေါက်ရဲ့ စာလွှာ

လေးစားအပ်ပါသော စာဖတ်သူတို့ ခင်ဗျာ … ပြီးခဲ့တဲ့ ရက်အနည်းငယ်က ပြည်သူတွေနဲ့ တသားတည်း ရပ်တည်ခဲ့ကြတဲ့ အနုပညာရှင်တွေ အများအပြား ၅၀၅ (က) နဲ့ ဖမ်းဝရမ်းထုတ်ခံရပါတယ် … ဒီလို ဝရမ်းထုတ်ခံရတဲ့ အထဲမှာ ဒါရိုက်တာ ကိုပေါက်ဟာလဲ တစ်ယောက် အပါအဝင်ဖြစ်ပါတယ်

၅၀၅ (က) နဲ့ ဝရမ်းထုတ်ခံရတဲ့ အနုပညာရှင်တွေဟာ အဖမ်းမခံရဖို့အတွက် ယခုအခါ ရှောင်တိမ်းလို့ နေရပါတယ် … ဒါရိုက်တာကိုပေါက်ဟာ ရှောင်တိမ်းနေရချိန်မှာ သူ့ရဲ့သားလေးတွေကို လွမ်းဆွတ်သတိရနေတဲ့ အကြောင်းကို သူ့ရဲ့ လူမှု့ကွန်ယက် အကောင့်ကနေပြီး ယနေ့မှာ

” သားရေ ဖေဖေလွမ်းလို့

ဒီအချိန်ဆို သားတွေကိုအိပ်ယာကနှိုး မျက်နှာသစ် သွားတိုက် သနပ်ခါးလူးပေးပြီး မနက်စာ ပက်ဒီရှူးဝါး၂ခွက် ဖျော်ပေးနေကြ။

ဒီအချိန်ဆို သားငယ်လေးရဲ့ILBC online class သင်တဲ့အချိန် သူ့ဘေးမှာထိုင်ပြီး သားငယ်နဲ့အတူတူ သူငယ်တန်းစာတွေကျွန်တော်ပြန်သင်နေကြ။

ဒီအချိန်ဆို YouTube အရမ်းကြည့်တဲ့ ကိုကြီးသော်ကို အော်ရ ဟစ်ရနဲ့သားအစ်ဖနှစ်ယောက် ရေအတူတူချိုးနေကြ။

ဒီအချိန်ဆို သားငယ်လေးက သူဆော့နေတဲ့ Lego အရုပ်ကလေးတွေ ပူးနေလို့ “ဒါလေးခွါပေးပါလား ပါပါး”လို့လာပြောနေကြ။

ဒီအချိန်ဆို သားသားတို့ကြိုက်တဲ့ပေါင်မုန့်ကြက်ဥကြော်စားတဲ့အချိန် စာပွဲမှာအေးအေးဆေးဆေး ထိုင်မစားပဲ ဆော့ရင်းကစားရင်းစားနေလို့ ငြိမ်ငြိမ်စားဖို့ ကျွန်တော့အသံကြီးနဲ့ အော်ဟစ်နေကြ။

ဒီအချိန်ဆို လမ်းမပေါ်သားသားတို့စက်ဘီးထွက်စီးရင် ကျွန်တော်ကဘေးကနေ ပြေးလိုက်ပေးနေကြ။

ဒီအချိန်ဆို ကုတင်ပေါ်မှာ သား၂ယောက်နဲ့အတူ
စမက်ဒေါင်းချနေကြ။

ဒီအချိန်ဆို သားငယ်လေးရဲ့ဗိုက်ကိုလှန်ပြီး မုတ်ဆိတ်နဲ့ပွတ်ရင် သူအရမ်းအူတက်လို့ “တော်ပါတော့ပါပါးရယ် အရှုံးပေးပါတယ်”လို့ပြောနေကြ။

ဒီအချိန်ဆို ညအိပ်ခါနီးတိုင်း ဒီနေ့ ပါပါးနဲ့ဘယ်သူ အိပ်မှာလဲလို့မေးရင် ညီအစ်ကို ၂ယောက် ဗိုလ် ကျား သေနတ်စွဲနေကြ။

ဒီအချိန် သားနှစ်ယောက်ကို ကျွန်တော်နမ်းနေကြ။

သားရေ ဖေဖေလွမ်းတယ်။

ကိုပေါက်(ခေတ္တ ဝရမ်းပြေး) 20.2.2021″ ဆိုပြီး တင်ထားခဲ့တာပါ …

ကိုပေါက်ရဲ့ post အောက်မှာတော့ ပရိတ်သတ် တွေကလဲ အနုပညာရှင်တွေဟာ ၀ရမ်းပြေး မဟုတ်ကြောင်း ပြည်သူတွေ အတွက် သူရဲကောင်းသာ ဖြစ်ကြောင်း အားတင်းထားဖို့ အားပေး စကားတွေ မှတ်ချက် ပေးထား ခဲ့ကြပါသေးတယ်။

ကျနော်ကလဲ ထပ်ဆင့်ပြီး ” အားတင်းထားပါ ကိုပေါက်ရေ … ဒါဟာ အခိုက်အတန့်လေးပါနော် … မုန်တိုင်းပြီးရင် လေပြေလာစမြဲမို့ ကျနော်တို့တွေရဲ့ ရွှေရောင်နေ့သစ်တွေဟာ မကြာခင်မှာ ပြန်လည်ရရှိတော့မှာပါ ” လို့ ပြောပါရစေဗျာ

စာဖတ်သူတို့လဲ ဒါရိုက်တာ ကိုပေါက်အတွက် အားပေးစကားလေးတွေ ပြောပေးသွားကြပါအုံးနော် … အခုလို အဆုံးထိဖတ်ရှု့ပေးလို့ စာဖတ်သူအပေါင်းကို ကျေးဇူးအထူးတင်ပါတယ်ဗျာ … စာဖတ်သူအပေါင်း ဘေးဘယာဝေးကွာပြီး အလိုရှိရာ ပန်းတိုင်ကို အလျှင်အမြန် ရောက်ကြပါစေ