ကိုရိုနာဗိုင်းရပ်စ်ကို ရှေ့တန်းကတိုက်ဖျက်နေသည့် အမေရိကန်ကထိပ်တန်းဆရာဝန်တစ်ဦး ကိုယ့်ကိုယ်ကိုအဆုံးစီရင်

ကိုရိုနာဗိုင်းရပ်စ်ကို ရှေ့တန်းကတိုက်ဖျက်နေသည့် အမေရိကန်ကထိပ်တန်းဆရာဝန်တစ်ဦး ကိုယ့်ကိုယ်ကိုအဆုံးစီရင်

အမေရိကန်ရဲ့ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးမှာ ထိပ်တန်းက ရင်ဆိုင်တိုက်ပွဲဝင်နေတဲ့ နယူးယောက်မြို့တော်က ထိပ်တန်းဆရာဝန်ဟာ သူမကိုယ်သူမ အဆုံးစီရင်သွားခဲ့တယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။ နယူးယောက်၊ မင်ဟတ်တန်ရပ်ကွက် ပရပ်စ်ဘီတာရီယန် အယ်လင်ဆေးရုံက အရေးပေါ်ဌာနရဲ့ ဆေးဖက်ဆိုင်ရာ

ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ ဒေါက်တာ လော်နာ ဘရင်းဟာ သူမကိုယ်သူမ ထိခိုက်အောင်ပြုလုပ်လိုက်တဲ့ ဒဏ်ရာတွေနဲ့ပဲ သေဆုံးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။ အသက် ၄၉နှစ်အရွယ် လော်ရာရဲ့ ဖခင်ဖြစ်သူ ဒေါက်တာ ဖီးလစ် ဘရင်းက နယူးယောက်တိုင်းကို ပြောကြားရာမှာတော့

သူမအလုပ် သူမလုပ်ဖို့ ကြိုးစားခဲ့တာ အဲဒီ့အလုပ်ကပဲ သူမကို သတ်လိုက်တာပါလို့ဆိုပါတယ်။ အမေရိကန်တစ်နိုင်ငံလုံးမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူပေါင်း ၅၆၀၀၀ သေဆုံးခဲ့ရာမှာ နယူးယောက်တစ်မြို့တည်းမှာတင် လူပေါင်း ၁၇၅၀၀သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဖခင်ဒေါက်တာဘရင်းရဲ့ ပြောကြားချက်အရ သမီးဖြစ်သူမှာ

စိတ်ပိုင်းဆိုင်ရာ မကျန်းမာတဲ့ သမိုင်းကြောင်းမရှိခဲ့ဘဲ မိသားစုနဲ့အတူနေထိုင်ရာ ဗာဂျီးနီးယားပြည်နယ် ရှားလော့စ်ဗီလီမှာပဲ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ လော်နာ ဘရင်းကိုယ်တိုင်ဟာ အလုပ်လုပ်နေရင်းနဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး ရက်သတ္တတစ်ပတ်ခွဲကြာနားနေလို့ ပြန်ကောင်းသွားတဲ့အခါမှာ

အလုပ်ပြန်ဝင်ခဲ့တယ်လို့ သူမရဲ့ ဖခင်က ပြောကြားပါတယ်။ ဒါပေမယ့်လည်း ဆေးရုံက သူမကို အိမ်ကိုပဲ ပြန်ခိုင်းခဲ့ပြီး မိသားစုကလည်း ဝင်ရောက်စွက်ဖက်ကာ သူမကို ရှားလော့စ်ဗီလီကို ခေါ်ဆောင်လာခဲ့ကြတယ်လို့ သူမရဲ့ ဖခင်က ပြောပါတယ်။ သူနဲ့ နောက်ဆုံးအကြိမ်စကားပြောတုန်းက သမီးဖြစ်သူဟာ

မတုန်မလှုပ်ဖြစ်နေပြီး Covid-19 လူနာတွေ လူနာတင်ကားပေါ်က မချရေးသေးခင်မှာပဲ ဘယ်လို သေကောင်ပေါင်းလဲဖြစ်နေခဲ့တယ်ဆိုတာကို သူ့ကို ပြောပြနေခဲ့တယ်လို့ ဆိုပါတယ်။ မင်ဟက်တန်က ခုတင်၂၀၀ဆေးရုံမှာ လူနာ ဒါဇင်ပေါင်းများစွာ ကိုရိုနာဗိုင်းရပ်စ်ကို အရှုံးပေးသွားခဲ့ကြတဲ့အကြောင်းလည်း ပါဝင်တယ်လို့

ဆိုပါတယ်။ “သူမက တကယ်ပဲ ရှေ့တန်းကတုတ်ကျင်းထဲမှာ ရှိနေခဲ့တာပါ”လို့ သူမရဲ့ ဖခင်က နယူးယောက်တိုင်းကို ပြောကြားခဲ့ပါတယ်။ သူမသေဆုံးကြောင်း အတည်ပြုတဲ့ သတင်းထုတ်ပြန်ချက်ထဲမှာတော့ ရှားလော့စ်ဗီလီရဲဌာနက ဒေါက်တာဘရင်းကို သူရဲကောင်းတစ်ယောက်လို့ ဖော်ပြခဲ့ပါတယ်။

ဧပြီလ ၂၆ရက်နေ့က အကူအညီတောင်းလာလို့ ဒေါက်တာဘရင်းကို ဒေသတွင်းဆေးရုံတစ်ရုံကို ပို့ဆောင်နိုင်ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ သူမဟာ သူမကိုယ်သူမ အန္တရာယ်ပြုလိုက်တဲ့ ဒဏ်ရာတွေကြောင့်ပဲ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ လေးစားစွာဖြင့် ခရစ်ဒက် — ( XYZ News )