လမ်းဘေးမှာ ကုန်စိမ်းရောင်းပြီး ဆင်းရဲသားတွေအတွက် ဆေးရုံဆောက်ပေးခဲ့သူ

လမ်းဘေးမှာ ကုန်စိမ်းရောင်းပြီး ဆင်းရဲသားတွေအတွက် ဆေးရုံဆောက်ပေးခဲ့သူ

လမ်းဘေး မှာ ဟင်းသီး ဟင်းရွက် ရောင်း တဲ့ ကုန်စိမ်းသည် တစ်ယောက်က ဆေးရုံကြီး တစ်ရုံဆောက်ပေးနိုင်ခဲ့တယ် ဆိုရင် ယုံကြမလားမသိဘူး။ မယုံနိုင်စရာ ကောင်းပေမယ့်လဲ သူ့ရဲ့ အိပ်မက်ကို လက်တွေ့ အကောင်အထည် ဖော်နိုင်ခဲ့တဲ့ အမျိုးသမီးကြီး တစ်ဦး အိန္ဒိယမှာ ရှိနေပါတယ်။ သူမရဲ့ နာမည် က ဆပ်ဘ်ဟာစီနီမစ်စ်ထရီ(subhashini mistry) ဖြစ်ပြီး

အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ Hanspukur ဆိုတဲ့ ရွာမှာနေ ထိုင်သူပါ ။ သူမကြောင့် ဒီရွာဟာ နာမည်ကြီး ခဲ့ပါတယ်။ သူမ ကို ဆင်းရဲတဲ့ မိသားစု တစ်စုမှာ မွေးဖွားခဲ့ပြီး အသက် ၁၂နှစ်မှာတော့ Sadhan Chandra Mistry ဆိုတဲ့ အမျိုးသား တစ်ဦးနဲ့ အိမ်ထောင်ချ ပေးခဲ့ ပါတယ်။ သူမရဲ့ခင်ပွန်းက ကုန်စိမ်းသည်ဖြစ်ပြီး သူမတို့နှစ်ဦးဟာဆင်းရဲတဲ့ဘဝကို အတူရုန်းကန်ခဲ့ကြပါတယ်။ သူမခင်ပွန်းဟာ အသက် ၃၅ နှစ်မှာပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားခဲ့ပါတယ်။ ရောဂါ ကြီးကြီး မားမားကြောင့် မဟုတ်ပဲ ဆေးရုံတက်ကုရင် ရနိုင်ပါလျက်နဲ့ ငွေကြေးမတတ်နိုင်လို့ ဆုံးပါးသွားခဲ့ရတာဖြစ်ပါတယ်။

ခင်ပွန်းဖြစ်သူ ဆုံးသွားတဲ့အချိန်မှာ ဆပ်ဘ်ဟာစီနီက အသက် ၂၃ နှစ်ပဲ ရှိပါသေးတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမဖြစ်သွားပြီး ကျန် ရစ်ခဲ့တဲ့ ကလေး ၄ယောက်ရဲ့ တာဝန်ဟာ သူမ တစ်ယောက်တည်းအပေါ်ကို လုံးလုံးလျားလျား ကျရောက်ခဲ့ပါတယ်။ သားအကြီးဆုံးက အသက် ၈နှစ်ဖြစ်ပြီး အငယ်ဆုံးက ၄နှစ် ဖြစ်ပါတယ်။ ပိုက်ဆံမရှိလို့ သေဆုံး ခဲ့ရတဲ့ ခင်ပွန်း အတွက် သူမက စိတ်အနာကြီးနာခဲ့ပါတယ်။ နောက်ဆုံးတော့ သူမဆုံးဖြတ်ချက်ကြီး တစ်ခုချလိုက်ပါတယ်။

အဲဒါကတော့ ပိုက်ဆံမရှိတဲ့သူတွေ ဆေးမကုနိုင်လို့ မသေစေရဘူး ၊ ဆင်းရဲတဲ့ သူတွေ အတွက် အခမဲ့ ကုပေးမယ့် ဆေးရုံကြီး တစ်ရုံ ဆောက်ပေးနိုင်အောင် ကြိုးစားမယ် ဆိုတဲ့ ဆုံးဖြတ်ချက်ပါ။ အဲဒီဆုံးဖြတ်ချက်ကိုမိတ်ဆွေတွေကိုပြောပြတဲ့အခါပညာလည်းမတတ် ဆင်းရဲလွန်းတဲ့ အမျိုးသမီးတစ်ယောက် ဆေးရုံတစ်ရုံဆောက်ဖို့ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မဲ ဆိုပြီး အားလုံးရဲ့လှောင်ပြောင်ရယ်မောခြင်းကို ခံရပါတယ်။ အဲဒီဆုံးဖြတ်ချက် ချပြီးတဲ့အချိန်က စလို့ သူ မဟာမနားမနေ အလုပ်လုပ်ပါတော့တယ်။ ပညာမတတ် အရင်းအ နှီးမရှိတာကြောင့် အခြားသူတွေရဲ့အိမ်မှာ အိမ်ဖော်အလုပ် ၊ လမ်းဘေးဈေးရောင်းတဲ့အလုပ်တွေကို လုပ်ခဲ့ပါတယ်။

ဝင်ငွေ အလွန်နည်းလွန်းပါးပေမယ့် တတ်နိုင်သမျှ ချွေတာရင်း သူ မ အိပ်မက် အတွက် နည်းနည်း ချင်းစီ စုဆောင်းခဲ့ ပါတယ်။ နည်းနည်းလေးစုဆောင်းမိလာတော့ စုထားတဲ့ငွေလေးနဲ့ ဟင်းသီးဟင်း ရွက် ကုန်စိမ်းဆိုင်လေးဖွင့်နိုင်ခဲ့ပါတယ်။ အမြတ်နည်းနည်းပိုရလာတာကြောင့် ငွေပို စုနိုင်ခဲ့ ပါတယ် ။ ၀င်ငွေပိုလာခဲ့ ပေမယ့် သူမအ တွက် ကိုတော့ အိမ်အကူလုပ်စဉ်က အတိုင်းပဲ အတတ်နိုင်ဆုံး ခြိုး ခြံစားသောက်ခဲ့ပါတယ်။ သူမရဲ့အိပ်မက်ကိုလည်း သားသမီးတွေကိုပြောပြထားပါတယ်။ သားအကြီးဆုံးက ဟင်းသီးဟင်းရွက်စိုက် ခင်းအလုပ်သမားဖြစ်ခဲ့ပြီး သမီးနှစ်ယောက်က အိမ်ထောင်ပြုသွားကြတယ်။

Ajoy ဆိုတဲ့ အငယ်ဆုံး သားလေး ကတော့ မိခင်ရဲ့ အိပ်မက် ကို ဖြည့်ဖို့ သူကလည်း တစိတ်တပိုင်း ပါဝင်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စာကိုကြိုးစားခဲ့တယ်။ စာအလွန်တော်ပြီး ဆေးကျောင်းဝင်ခွင့်ရခဲ့တယ်။ ကျောင်းတက်ဖို့အတွက် ဂျာမန်လူမှု ကူညီမှုအဖွဲ့တစ်ဖွဲ့ရဲ့ ပညာသင်ဆုကိုရခဲ့တယ်။ နောက်ဆုံးမှာတော့ ကာလကတ္တား ဆေးကောလိပ်မှာ တက်ရောက်နိုင်ခဲ့တယ်။ဒီလိုနဲ့ နှစ်ပေါင်းများစွာ ကြာခဲ့ပြီး ၁၉၉၃ခုနှစ်မှာတော့ သူမလက်ထဲမှာ ရူပီး ၈ သောင်းလောက် စုနိုင်ခဲ့ ပါတယ် ။ ရင်းနှီးတဲ့ မိတ်ဆွေ တွေနဲ့ တိုင်ပင် ကြည့်တဲ့အခါမှာတော့ အစက သူမကို လှောင်ပြောင်ခဲ့တဲ့ မိတ်ဆွေ တွေဟာ အံသြသွားကြတယ်။

သူမရဲ့ ကြိုးစားမှုကို အသိအမှတ် ပြုတဲ့ အနေနဲ့ အားလုံးဝိုင်းဝန်းကူညီလို့ ဆေးရုံဆောက်ဖို့ တစ်ဧကအကျယ်ရှိတဲ့ မြေကွက်ကိုဝယ်နိုင်ခဲ့တယ်။ ဘာမှမရှိသေးတဲ့ မြေ ကွက်လပ်ကို လူသားချင်းစာနာမှုဆေးရုံ လို့ ဆိုင်းဘုတ် တပ်ခဲ့တယ်။ အဲဒီနှစ် မှာပဲ သားဖြစ်သူကလည်း ဆေးကျောင်း ပြီးသွားတယ်။ အဆောက်အအုံ မရှိသေးတဲ့ မြေကွက်လပ်မှာ တဲထိုးပြီး ဆေးကုသခြင်းကို စလုပ် ပေးခဲ့တယ်။ သားဖြစ်သူရဲ့ကျောင်းက မိတ်ဆွေတွေကလည်း အခမဲ့လာရောက် ကူညီကြလို့ စစချင်းနေ့မှာပဲ လူနာ ၂၅၀လောက်ကို ကုသပေးနိုင်ခဲ့တယ်။ ကုန်စိမ်းသည်မတစ်ယောက် ဆေးရုံဆောက်ပြီး မတတ်နိုင်တဲ့ သူတွေကို ကုသပေးနေတယ် ဆိုတဲ့ သတင်းဟာ ခဏချင်း ပြန့်သွားတယ်။

သူဌေးတွေ ၊ နိုင်ငံရေးသမားတွေ ၊ မီဒီယာတွေဆီပါ ရောက်သွားခဲ့တယ် ။ အားလုံးက အလှူငွေတွေ ထည့်လာတဲ့ အတွက် ဆေးရုံမြေကို မူလ ၁ဧက ကနေ ၃ဧက အထိတိုးချဲ့နိုင်ပြီး အဆောက်အအုံကိုလည်းစဆောက်နိုင်ခဲ့တယ်။ နောက်ဆုံးမှာတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမဖြစ်ခဲ့တဲ့ ကုန်စိမ်းသည်မတစ်ယောက်ရဲ့အိပ်မက်ဟာ ဖြစ် လာခဲ့ပါတော့တယ်။ ဒီအတွက် ဆပ်ဘ်ဟာစီနီ မရပ်မနား ရုန်းကန်ခဲ့ရတဲ့ အချိန်က နှစ်ပေါင်း ၂၅နှစ်ဖြစ်ပါတယ်။ မပြည့်စုံတဲ့ သူတွေအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တဲ့ သူမဟာ အိန္ဒိယအရပ်သားများကိုပေးသော အမြင့်ဆုံးဆုတံဆိပ်ဖြစ်တဲ့ ပဒမာသျှရီဆုတံဆိပ်ကို ရရှိခဲ့ပါတယ်။

သူမဦးဆောင် ဆောက်လုပ်ခဲ့တဲ့ ဆေးရုံကြီးဟာလည်း အနီးအနားဝန်းကျင်မှ မပြည့်စုံသူတွေအတွက် အားကိုးရာ ၂၄နာရီ ဝန်ဆောင် မှုပေးတဲ့ ဆေးရုံကြီးတစ်ရုံ ဖြစ်နေပါပြီ။ ယခုအခါ အသက် ၇၅နှစ်ရှိနေပြီ ဖြစ်တဲ့ ဆပ်ဘ်ဟာစီနီ ကတော့ သူမ လှူခဲ့တဲ့ ဆေးရုံကြီးကို ကောင်းသထက် ကောင်းတဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ ကြိုးစားနေဆဲပါ…ပညာမတတ် ၊ ဆင်းရဲ လွန်းတဲ့ ကုန်စိမ်းသည် မုဆိုးမတစ်ယောက်က သူမရဲ့ အိပ်မက်ကို မမှိတ်မသုန် အကောင်အထည်ဖော်နိုင်ခဲ့ပါလျှင်….ကျွန်တော်တို့တတွေကရော…

credit -thutazone

Tags:

Add a Comment

Your email address will not be published. Required fields are marked *