လူတန်းစားခွဲ ခြားဆက်ဆံ ခံခဲ့ရပြီး ရေမခပ်ရတဲ့ ဇနီးအတွက် ရက်ပေါင်း ၄၀ ကြာရေတွင်းတူပြီး အလုပ်လုပ်ပြီး ချစ်ကြောင်းသက်သေပြတဲ့ အမျိုးသား

လူတန်းစားခွဲ ခြားဆက်ဆံ ခံခဲ့ရတဲ့ ဇနီးအတွက် ရက်ပေါင်း ၄၀ ကြာအလုပ်လုပ်ပြီး ချစ်ကြောင်းသက်သေပြတဲ့ အမျိုးသား

အိန္ဒိယနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ် ကလေးပါ။ ယနေ့ခေတ်မှာ ကမ္ဘာကြီးဟာ ပွင့်လင်း လာပါပြီ။ လူအချင်းချင်း ခွဲခြားခံရတယ်ဆိုတာ မရှိတော့ သလောက်ဖြစ်နေပေမယ့် အိန္ဒိယမှာတော့ ဇာတ်နိမ့်ဇာတ်မြင့် ခွဲခြားမှုတွေက ရှိနေတုန်းပါပဲ။ Maharashtra ပြည်နယ်ရဲ့ အနောက်ပိုင်းက Kalembeshwarဆိုတဲ့ ရွာမှာဖြစ်ပွားခဲ့တာပါ။ Bapurao Tajneရဲ့ဇနီးဖြစ်သူဟာအဲဒီနေ့က အများသုံးရေတွင်းမှာ ရေသွားခပ်တဲ့ အခါမှာ ဇာတ်နိမ့်တွေမခပ်ရဘူး ဆိုပြီး လူ အများက နှင်ထုတ်ခြင်းကို ခံခဲ့ရပါတယ်။ ဒါကို သိသွားတဲ့ ယောက်ျားဖြစ်သူဟာ သူအလွန်ချစ်ရတဲ့ ဇနီးရဲ့ လိုအပ်ချက်ကို အံသြဖွယ်ဖြည့်ဆည်းပေးခဲ့ပါတယ်။

ဒါကတော့ ဇနီးသည် အတွက် ကိုယ်ပိုင် ရေတွင်းတူး ပေးဖို့ပါ။ ရေ တွင်းဆိုတာ စက်နဲ့တူးချင် တူး မတူးရင် အနည်းဆုံး လူ ၄ယောက် ၅ ယောက်လောက်နဲ့ တူးမှ အဆင်ပြေမယ့် အလုပ်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူက သာမန် ဆင်းရဲတဲ့ အလုပ်သမား ဖြစ်တာကြောင့် စက်နဲ့တူးဖို့ရော အခြားသူတွေကို ခေါ်ပြီး တူးခိုင်းဖို့ရော ပိုက်ဆံမရှိပါဘူး။ ဒါကြောင့် ရေတွင်းကို တစ်ကိုယ်တော်တူးဖို့ ဆုံးဖြတ်ပြီး စတင်တူးပါတော့တယ်။

တူးနေစဉ်မှာလဲ ဝမ်းရေး အတွက် နေ့စား အလုပ်က လုပ်ရပါသေးတယ်။ သူ့ရဲ့ ပုံမှန် အလုပ်ကို လုပ်ပြီး တစ်နေ့ကို ရေတွင်း တူးဖို့ ၆ နာရီကြာ အချိန်ပေးခဲ့ပါတယ်။အလုပ်မသွားခင် မနက် ၄ နာရီစောထပြီး ရေတွင်းကို တူးတယ်၊ အဲဒီနောက် အလုပ်ကိုသွားပြီး ညနေအလုပ်ပြန်တဲ့အချိန်မှာ ၂ နာရီထပ်တူးပါတယ်။

အဲဒီနေရာ တစ်ဝိုက်ဟာ ကျောက်ဆောင်တွေက အလွန်ထူထပ်တာကြောင့် စက်တွေနဲ့တူးမယ်ဆိုရင်တောင် မလွယ်ကူပါဘူး။ ရွာသားတစ်ယောက် တစ်လေ ကတောင် သူ့ကို မကူညီခဲ့ပါဘူး။ မဖြစ်နိုင်တာကိုလုပ်တဲ့ အရူးလို့တစ်ရွာလုံးရဲ့ လှောင်ပြောင်ရယ်မောခြင်းကို ခံရပါတယ်။ ရွာသားတွေတင်မက သူ့ဇနီးဖြစ်သူ ကိုယ်တိုင်တောင် မဖြစ်နိုင်တဲ့ အရာဆိုပြီး အစပိုင်းမှာ သူ့ကို မကူညီပဲ နောက်ပိုင်းမှကူညီခဲ့တာပါ။

ဘာပဲဖြစ်ဖြစ် Tajne ဇွဲမလျော့ခဲ့ပါဘူး။ ကျောက်မြေ ဖြစ်တဲ့အ တွက် တူးရတာ အလွန်ခက်ခဲခဲ့ပါတယ်။ ၁ပေအနက်ကိုရဖို့ ပျမ်းမျှအားဖြင့် ၃ ရက် ခန့်တူးခဲ့ရ ပေမယ့် ဇနီးဖြစ်သူအတွက် တစ်ရက်မနားဘဲအစွမ်းကုန် ကြိုးစားတူးခဲ့ပါတယ်။ဒီလိုတူးခဲ့တာ ရက်ပေါင်း ၄၀ အထိပါပဲ။ ရက်ပေါင်း ၄၀ဆက်တိုက် မနားမနေတူးပြီးတဲ့အခါမှာတော့ သူ့ကြိုးစားမှု အောင်မြင်ခဲ့တယ်လို့ဆိုရမှာပါ။

၁၅ပေအနက်မှာ ရေကိုတွေ့ရှိခဲ့တဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ အဲ ဒီအနက်မှာမရလည်း ရတဲ့အနက်အထိ ဆက်တူးဦးမှာလို့ Tajne ကဆိုပါတယ်။ ဇနီးဖြစ်သူ အတွက် ကြိုးစားခဲ့တဲ့ Tajne ရဲ့ကြိုး ပမ်းမှုဟာ နောက်ဆုံး မှာတော့ ၆ ပေကျယ်ပြီး ၁၅ပေ အနက် ရှိတဲ့ ရေတွင်း တစ်တွင်းကို ဖြစ်လာစေခဲ့ပါတယ်။

ရေတွင်းဟာ ရေထွက် အလွန်ကောင်းတဲ့ အတွက် သူတို့ အတွက်အပြင် ပိုလျှံလျက် ရှိပါတယ် ဒီနေရာမှာ Tajne ရဲ့လေးစားဖွယ် သဘောထားကို တွေ့ရပါတယ်။ သူတို့ကို နှိမ်တဲ့သူတွေနဲ့ မဖြစ်နိုင်ဘူးလို့ လှောင်ရယ်ခဲ့တဲ့ အနီးအနားက လူတွေကို သူ့ရဲ့ရေတွင်းမှာ ကြည်ကြည်ဖြူဖြူ ရေခပ်စေခဲ့တာပဲဖြစ်ပါတယ်။

အခုချိန်မှာတော့ ဘယ်သူမှ သူ့ကိုလှောင်မရယ်နိုင်တော့ပဲ သူ့ရဲ့ဇွဲနဲ့ လေးစားဖွယ် စိတ်ဓာတ်ကိုတော့ တစ်ရွာလုံး အသိအမှတ်ပြုလိုက်ရပါတယ်။ဇနီးဖြစ်သူကလည်း သူမကိုအလွန်ချစ်တဲ့ခင်ပွန်းကြောင့် ရွာသူရွာသားတွေ ကြားမှာဂုဏ်တက်ခဲ့ရပါတော့တယ်။source: forever alone