မင်းကွန်း ဆရာတော် ဘုရားကြီးရဲ့ အ တု ယူ ဖွယ် မိဘ ကို စောင့်ရှောက်ခဲ့ပုံ

မင်းကွန်း ဆရာတော် ဘုရားကြီးရဲ့ အ တု ယူ ဖွယ် မိဘ ကို စောင့်ရှောက်ခဲ့ပုံ

ဆရာတော်သည် အနယ်နယ် အရပ်ရပ်သို့ လှည့်လည် တရားဟောစဉ် တရားနာ ပရိသတ် ထဲ၌ မိမိ၏ မိခင်ကြီး ဒေါ်ဆင်နှင့် သက်တူ ရွယ်တူ အမျိုးသမီးများ ပါ၍ သူတို့ ဝတ်ထားသော အဝတ်အစားကလည်း မိခင်ကြီးနှင့် လိုက် ဖက် မည် ထင် လျှင် `သည်အဝတအစားနာမည် ဘယ်လိုခေါ်ကြောင်း၊ ဘယ်နေရာတွင် ဝယ်၍ ရနိုင်ကြောင်း´ စသည်ကို အခြား သူများ မသိစေဘဲ မိမိတပည့်များကို ထို အမျိုးသမီး များထံ တိုးတိုး တိတ် တိတ် သွားရောက် မေးမြန်းစေသည်။

ထို့နောက် ကျောင်းပြန်ရောက်သည့်အခါ တပည့်များကို ထိုအဝတ် အထည်မျိုး အဝယ်ခိုင်းပြီး မိခင်ကြီးအား ပေးတော်မူသည်။ မိခင်ကြီး နှစ်သက်သည့် အစားအစာ စသည် ကိုလည်း ဂရုတစိုက် ပေးကာ ကျွေးကာ၊ နေစရာ နေအိမ် ဆောက်လုပ်ပေးကာ၊ သင့်တော်မည့်တရားများလည်း ဟောကြား ပြသပေးကာဖြင့် အလောင်းတော်မြတ် ဗောဓိသတ် ပမာ မာတုပေါသက လုပ်ငန်းကို ဝမ်းမြောက်စွာ ဆောင်ရွက်တော် မူလေသည်။

မိခင်ကြီးကို ပြုစုလုပ်ကျွေးပုံနှင့် ပတ်သက်၍ ဆရာတော်ဘုရား၏ မိန့်ကြားချက်တစ်ခုမှာ – ဘုန်းကြီးများ ရဟန်း ၄-ဝါလောက် အရ သကျသီဟ စာသင်တန်း စာချတန်း အောင်တဲ့နှစ်မှာ မှတ်မှတ် ရရ မန္တလေး မင်းကြီးတိုက် သီရိဝေပုလ္လဆရာတော်( ဦးဇာဂရ ) က မင်း ကံကောင်းလို့ မွေးသမိခင်ကို ပြု စု စောင့်ရှောက်ခွင့် ရတယ်၊ ကြိုးစားပြီး ပြုစုကွယ်လို့ ဆုံးမတယ်။

ဆုံးမတဲ့အချိန်က စပြီးတော့ မွေးသမိခင်ကို ပြုစုခဲ့တာ … ဖြူတာကိုမည်းတယ်လို့ သူကပြောလဲပဲ ဆန့်ကျင်ဘက် မပြောခဲ့ဘူး၊ ရယ်ပြီးတော့ နေခဲ့တယ်၊ မည်းတာကို ဖြူတယ်လို့ ပြောရင် လဲပဲ သူ့ကို ဆန့်ကျင်ဘက် မပြောဘူး၊ ရယ်ပြီးတော့ နေခဲ့တယ်။

ပြီးတော့ ဘုန်းကြီးများရဲ့ မိခင်က အင်မတန် လောဘ နည်းတယ်။ သူ့ကို ဘုန်းကြီးများက တစ်လ တစ်ဆယ်လောက် ထောက်ရင် သူ ပြုံးပြုံး ပြုံးပြုံးနဲ့ သဘောကျနေတယ်။

တခါ တလေတော့ အကြောင်း ညီ ညွတ် လို့ နှစ်ဆယ်လောက် သုံးဆယ်လောက် ထောက်လိုက်ရင် ဘာပြောတယ် မှတ်လဲ?၊ `လူကို ဒမြတိုက်ခံရအောင် လုပ်တာလား´တဲ့။ နှစ်ဆယ်သုံးဆယ်လောက်ဆိုရင် အင်မတန်များပြီး ဒမြတိုက်ခံရမှာ ကြောက်တဲ့သဘောက ဒီလို ဖြစ်နေတယ်။(ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်ဟု ဆိုရပါမည်။ ယခုခေတ် ငွေကြေး တန်ဖိုးနှင့် ဆိုလျှင်ကား တကယ့်ကို ရယ်စရာ ဖြစ်နေပေလိမ့်မည်။)

ထို့အတူ ဘုန်းကြီးများ ရန်ကုန်မြို့ လာတဲ့အခါ ဒိပြင် ဘယ်မှ မဝင်ပေမယ်လို့ စာပေဝါသနာပါတော့ စာရွက်စက္ကူရောင်းတဲ့ဆိုင်တော့ ဝင်တယ်။အဲ သိမ်ကြီးဈေးဘက် အထည်ဆိုင်နားရောက်ရင် ကြည့်ပြီးတော့ … သြော် ဒီအဆင်တော့ ငါ့အမေနဲ့ သင့်တော်တဲ့ အဆင်ပဲဆိုပြီးတော့ ခါးဝတ်တစ်ထည် အင်္ကျီလေးတစ်စုံ ဒီလိုယူပြီး ကပ္ပိပြီးတော့ သူ့ကို ပေးရင် သူ့စိတ်ထဲမှာ ကျေနပ်တယ်။

တခါတလေ မိမိ စိတ်ထဲမှာ … သြော် ဒီအဆင် ဟာဖြင့် ငါ့ မိခင်နဲ့ သိပ်တော်တဲ့အဆင်ပဲ ဆိုပြီးတော့ ခါးဝတ်နှစ်ထည် အင်္ကျီနှစ်ထည် နှစ်စုံ ယူသွားရင် ဘာပြောသလဲ၊`ဒီလောက် များများကြီး ဒကာမကြီး ဘယ့်နှယ်လုပ် ဝတ်နိုင်မှာတုန်း´သူက ပြောတယ်။

ဆရာတော်သည် ၁၃၁၇-ခုနှစ် ခန့်တွင် မိခင်ကြီး ဒေါ်ဆင် အတွက် သဲဖြူဝရွာ၌ အိမ်ကြီးတစ်လုံးဆောက်ပေးရာ ၁၃၂၅-ကျပ် ကုန်ကျခဲ့သည်။ တစ်ရပ်တစ်ရွာတွင် နေထိုင်သူ ညီ-ဦးဘသင်ကိုလည်း ထိုအိမ်အတွက် ကုသိုလ် ပါဝင် စေလိုသည်။ (ဆရာတော်၏ညီ ဦးဘသင် သည် ပဲခူးတိုင်း ကဝမြို့နယ် သပြေကန် ရွာ၌ နေ ထိုင် သည့် လယ်ပိုင်ရှင်တစ်ဦး ဖြစ်သည်။) သို့ ဖြစ် ၍ ညီဖြစ်သူအား ပြောပြရာ ဦးဘသင်က အိမ်ဆောက်သည့် အထဲ ကုသိုလ်မပါဝင်ဘဲ မိခင်ကြီးအား ငွေ ၁၀၀-ကျပ် သီးသန့် ပေးပို့သည် ။ ၁၃၂၃-ခုနှစ် မိခင်ကြီး ဒေါ်ဆင် ကွယ်လွန် သွား ချိန် တွင် ဦးဘသင် ရောက် လာ ပြီး မိခင်ကြီး၏ ရုပ်ကလာပ်ကို ကြည့်ကာ ရှိုက်ကြီးတငင် ငိုကြွေးလေရာ ဆရာတော်သည်ညီဖြစ်သူ ဦးဘသင်အား ငိုရမှာပေါ့ကွာ၊ အေး .. မင်းက အခုမှ နောင်တရပြီး ငိုကြွေးနေတာ၊ အမေ အသက်ရှိစဉ်က မင်းဟာ အမေ့ကို ထောက်ပံ့ ရမှန်း ကျွေးမွေး ရမှန်း မသိ ဘူး။ မင်းရဲ့ပူဆွေးသောကဟာ နောက်ကျသွားပြီ။ငါကတော့ တစ်သက်လုံး မငို ရအောင် လုပ်ခဲ့တယ် ။ မင်းလို ငိုကြွေးစရာ ပူပင်သောကရောက်စရာ မလိုတော့ဘူး။ ငါကတော့ မငို ပါဘူး၊ မိခင်အပေါ် လိုသည်ထက်ပိုပြီး ပြုစုထားတာဖြစ်လို့ ငါငိုဖို့ မလိုဘူး။ မင်းကတော့ နဝကမ္မ ၁၀၀ ဆိုပြီး ပို့တဲ့လူဆိုတော့ ငိုပေတော့ပေါ့ကွာ။ ငိုကွ ငိုကွဟု ကရုဏာဒေါသောဖြင့် မိန့်ကြားတော်မူသည်။ (ညီအရင်းဖြစ်၍ ဤသို့ အားမလို အားမရ မိန့်ကြားခြင်း ဖြစ်သည်။ အခြားသူများကိုကား ယခုလို တစ်ကြိမ်မှ ရင့်ရင့်သီးသီး မပြောကြားခဲ့ဖူးပေ။)

ဦးဘသင်ကို အကြောင်းပြုပြီး သိကျွမ်းရသည့်ဒေါက်တာ နေလင်းဆိုသူ လူငယ် ဆရာဝန် လေးအား မိန့်ကြားသည့် သြဝါဒ တစ်ခုမှာ ကိုရင် မိဘကို လုပ်ကျွေးဗျား၊ ဘုန်းကြီး အသက်၂၄-နှစ် အ ရွယ်တုန်းက ဘုန်းကြီးအကျိုးလိုလားတဲ့ ဆရာတော်တစ်ပါးက ဆုံးမဖူးတယ်။ဦးဇင်း မိဘကို ရိုရိုသေသေ လုပ်ကျွေး၊ မိဘက ဖြူတယ်ဆိုရင်ဖြူလိုက်၊ မည်းတယ်ဆိုရင် မည်းလိုက်၊ ကိုယ်က ဝါးလုံးလို့ သိရက်သားနဲ့ မိဘက ဝါးခြမ်း ဆိုရင် ခြမ်း လိုက်ဗျာလို့ သြဝါဒပေးခဲ့တယ်။ဘုန်းကြီးလဲအသက်၂၄-နှစ်ကတည်းကမယ်တော်ကြီး ကွယ် လွန်သည်အထိ ဒီအဆုံးအမအတိုင်းလိုက်နာခဲ့တယ်။ယခုလဲ ကိုရင် မိဘကို လုပ်ကျွေးဗျာ။ကိုရင်အသက်ရှည်မှာပါဟူ၍ ဖြစ်ပေသည်။

ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ ရေးဖွဲ့ပူဇော်သည့်

မင်းကွန်းဆရာ တော်ဘုရားကြီး သက်တော်ရာပြည့်အထိမ်းအမှတ် ( ၁၂၇၃-၁၃၇၃ ) ၊ `တိပိဋကဓရ အရှင်မြတ် များ၏ ဖခင် ကမ္ဘာကျော် မင်းကွန်းထေရ်ရှင်´

အရှင်ပညာစာရ