သန်လျင်မြို့ရှိ ခြံဝင်းတခုအတွင်း ရောက်ရှိလာသော ဝက်ဝံတကောင်အားဖမ်းဆီး လူတစ်ဦးဒဏ်ရာရသွား

သန်လျင်မြို့ရှိ ခြံဝင်းတခုအတွင်း ရောက်ရှိလာသော ဝက်ဝံတကောင်ကို မေ့ဆေးသေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး၊ တယောက် ဒဏ်ရာရ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ခြံဝင်းတခုအတွင်းသို့ ရောက်ရှိလာသော ဝက်ဝံတကောင်ကို ယနေ့ (ဧပြီ ၂၇)မွန်းလွဲပိုင်းက မေ့ဆေးသေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ပြီး လူတဦး ဝက်ဝံအကိုက်ခံရ၍ ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ခြံဝင်းမှာ အမှုထမ်းရပ်ကွက်၊ တရုတ်သင်းချိုင်းဘေးအနီးတွင်

တည်ရှိပြီး ၅ဧကနီးပါးအကျယ်ရှိသည့် အုတ်တံတိုင်းခတ် ခြံဝန်းဖြစ်သည်။ ယင်းခြံဝင်းအတွင်းသို့ ဝက်ဝံတစ်ကောင် သွားလာနေသည်ကို ပြီးခဲ့သည့် ဧပြီ ၂၅ ရက်ဝန်းကျင်က ဒေသခံတဦးက တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဝက်ဝံကို သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ ၊

ရန်ကုန်တိရိစ္ဆာန်ဥယျာဉ် ဝန်ထမ်းများ၊သန်လျင်မြို့နယ်က မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်းကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ဖမ်းဆီးရာတွင် ခန္ဓာကိုယ် အပူချိန်တိုင်း ကိရိယာပါသည့် Drone ဖြင့်ရှာဖွေခြင်း ၊ပိုက်ကွန်အသုံးပြု၍ မေ့ဆေးသေနတ်ဖြင့်ပစ်ဖမ်းခြင်းတို့ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ” ရဲတွေက လုံခြံရေး ယူပေးတယ်။

အစတော့ မီးသတ်တွေရယ်၊သစ်တောက လူတွေရယ် ဝိုင်းဖမ်းတယ်၊ ခွေ တကောင်လည်း ဖမ်းတဲ့ အထဲမှာ ပါတယ်။ ဒါပေမယ့် လူနည်းတော့ မရဘူး။ ဒါနဲ့ ဘေးပတ်ဝန်းကျင်မှာ ရောက်လာတဲ့ ယောကျာ်း လေးတွေကို အကူအညီ တောင်း ပြီးတော့ ဝိုင်းဖမ်းကြတာ။ တိရိစ္ဆာန်ဥယျာဉ်က ဝန်ထမ်းတယောက်က ဝက်ဝံကို အရင်ဖမ်းမိတာ။

သူက လုံးထွေးဖမ်းတော့ သူလည်း ဒူးခေါင်းနား အကိုက်ခံလိုက်ရတယ်။ အဲ့အချိန်ကျမှ မေ့ဆေး သေ နတ်သမားက ဝက်ဝံကို ပစ်လိုက်တာ” ဟု မျက်မြင် တွေ့ရှိသူ တဦးက ပြောသည်။ ယင်းသို့ ဖမ်းဆီးပြီးနောက် အဆိုပါ ဝက်ဝံအား ကားဖြင့် တင်ဆောင်ကာ တိရိစ္ဆာန်ဥယျာဉ်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ သတင်း /ဓာတ်ပုံ – မင်းမျိုး