ဂျပန်နိုင်ငံနဲ့ ဆူနာမီ ငွေလှိုင်းလုံးကြီး လှုပ်ရှားလာခြင်းနှင့် ဖွတ်မရ ဓါးမဆုံးတဲ့ အပြင် မိအေးသုံးခါနာရဦးမယ့် မြန်မာပြည်ရဲ့အဖြစ်

ဂျပန်နိုင်ငံနဲ့ ဆူနာမီ ငွေလှိုင်းလုံးကြီး လှုပ်ရှားလာခြင်းနှင့် ဖွတ်မရ ဓါးမဆုံးတဲ့ အပြင် မိအေးသုံးခါနာရဦးမယ့် မြန်မာပြည်ရဲ့အဖြစ်

“ငွေမိုးတွေရွာတော့မယ်ပြင်” ဂျပန်နိုင်ငံမှာ ဆုနာမိငွေလှိုင်းကြီး လှုပ်ရှားလာပြီ ဖြစ်တဲ့အကြောင်း ဧပြီလဆန်းပိုင်းကတည်းက သတင်းတွေ ထွက်ပေါ်လာနေပါပြီ။ ဂျပန်နိုင်ငံသမိုင်းမှာ ဒီလောက် ပမာဏကြီးမားလှတဲ့ ငွေအလုံးအရင်းသုံးစွဲမှုမျိုးကို ဘယ်အစိုးရမှ မလုပ်ဖူးသေးဘူးတဲ့။ ကိုဗစ်နိုင်တင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကြောင့် ခေတ်မီစက်မှုနိုင်ငံများရဲ့

စီးပွားရေး အကြီးအကျယ် ထိခိုက်ကျဆင်းခဲ့ရတာ အကျယ်တဝင့် ရှင်းပြစရာလိုမယ် မထင်ပါဘူး။ အထူးသဖြင့်၊ တရုတ်နိုင်ငံမှာ ထုတ်လုပ်မှုလုပ်ငန်းတွေ စုပြုံထားခဲ့တဲ့ အမှားကြောင့် အထိနာခဲ့ရတယ်လို့ အမေရိကန်၊ ဂျပန်နဲ့ ဥရောပနိုင်ငံတွေက သုံးသပ်ယူဆကြပါတယ်။ ဒါ့အပြင်၊ ကပ်ရောဂါသတင်းကို တရုတ်က ဖုံးဖိထားပြီး လုပ်နည်းလုပ်ဟန် မှားယွင်းခဲ့တယ်ဆိုတဲ့

စွပ်စွဲချက်တွေနဲ့ စက်မှုနိုင်ငံတွေဟာ တရုတ်အပေါ်မှာ အခဲမကျေ ဖြစ်နေပါတယ်။ ဒါကြောင့်၊ တရုတ်နိုင်ငံမှာ အခြေတည်ထားတဲ့ ဂျပန်စက်မှုလုပ်ငန်းတွေကို အဖဂျပန်နိုင်ငံတော်ဆီ ပြန်လည်ရွှေ့ပြောင်းဖို့ စီစဉ်နေပါတယ်။ ဂျပန်နိုင်ငံရဲ့ စီးပွားရေးကို အရှိန်ပြန်လည်မြှင့်တင်ရေးအတွက် စုစုပေါင်း ဒေါ်လာ ၉၉၂ ဘီလျံ သုံးစွဲဖို့ လျာထားလိုက်တာဟာ သမိုင်းမှာ အကြီးမားဆုံးပါပဲ။

ဒါ့အပြင်၊ တရုတ်နိုင်ငံထဲက ဂျပန်ကုမ္ပဏီပိုင် ကုန်ထုတ်စက်ရုံတွေကို ရွှေ့ပြောင်းဖို့ ဂျပန်အစိုးရက ဒေါ်လာ ၂.၂ ဘီလျံကိုလည်း စိုက်ထုတ်ပေးမှာ ဖြစ်ပါတယ်။ အဲဒီငွေထဲက ၂ ဘီလျံဟာ ဂျပန်နိုင်ငံကို ပြန်လည်ရွှေ့ပြောင်းဖို့အတွက် သုံးစွဲမှာ ဖြစ်ပြီး၊ သန်း ၂၀၀ ကျော်ကိုတော့ တခြားဖွံ့ဖြိုးဆဲနိုင်ငံတွေကို ရွှေ့ပြောင်းရေးအတွက် အစိုးရက ကူညီမှာပါ။

မြန်မာနိုင်ငံအတွက် အခုအချိန်ဟာ အခွင့်ကောင်းကြုံပြီမို့ အမိအရ ဖမ်းဆုပ်ကြဖို့ ကျနော် အကြိမ်ကြိမ် တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။ အလားအလာရှိတဲ့ နိုင်ငံတွေထဲမှာ ဗီယက်နမ်၊ မြန်မာ၊ သီရိလင်္ကာနဲ့ ဘင်္ဂလားဒက်ရှ်တို့ ပါဝင်ပါတယ်။ အလုပ်ကြိုးစားပြီး ထုတ်လုပ်အားကောင်းတဲ့ ဗီယက်နမ်ဟာ ထိပ်ဆုံးကပြေးနေသလို၊ အထည်ချုပ်နဲ့ ဖိနပ်လုပ်ငန်းတွေ အများအပြားရှိတဲ့

သီရိလင်္ကာနဲ့ ဘင်္ဂလားဒက်ရှ်တို့ကိုလည်း မြန်မာက ယှဉ်ပြိုင်ရပါဦးမယ်။ မြန်မာနိုင်ငံဟာ အဖက်ဖက်က တစ်ပန်းရှုံးနေတဲ့အပြင် အလုပ်သမားဆန္ဒပြ သပိတ်တွေကလည်း ဒလစပ် ဖြစ်နေတာ အတော်ဆိုးဝါးလှပါတယ်။ ဘယ်လောက်တောင် အခြေအနေဆိုးသလဲဆိုတော့ အခု ၂၀၂၀ နှစ်ဆန်းကနေ ဖေဖော်ဝါရီလကုန်အထိ ရက် ၆၀ အတွင်းမှာ အလုပ်သမား ဆန္ဒပြပွဲ ၂၆ ခုရှိခဲ့တာကြောင့်

နှစ်ရက်ကို ဆန္ဒပြပွဲ တစ်ခုနှုန်းပါပဲ။ သင်္ကြန်ပိတ်ရက် ခဏနားပြီး အခုအလုပ်ပြန်စတာနဲ့ မြန်မာ့နှစ်သစ်ကို သပိတ်နဲ့ ဆီးကြိုကြပါတော့တယ်။ ပိုဆိုးတာက မြန်မာနိုင်ငံသာမက ကမ္ဘာတစ်ဝန်းလုံး အရေးတကြီး လိုအပ်လို့ အပူတပြင်း ထုတ်လုပ်ရမယ့် PPE ကာကွယ်ရေးဝတ်စုံတွေနဲ့ ခွဲစိတ်ပစ္စည်း ထုတ်လုပ်တဲ့ ပဲခူးမြို့က စက်ရုံနှစ်ခု သပိတ်မှောက် ဆန္ဒပြလို့

စက်ရုံတွေ ယာယီ ပိတ်လိုက်ရတာပါ။ သင်္ကြန်အပြီး အလုပ်ပြန်ဖွင့်တော့ စစချင်း ဆောက်နဲ့ထွင်းပြီး ဆန္ဒပြကြတာကြောင့် ပဲခူးတိုင်းအစိုးရက စက်ရုံတွေ ပိတ်လိုက်ပြီး၊ လုပ်ခ ၆၀ ရာနှုန်း ပေးဖို့ သဘောတူ လိုက်လျောခဲ့ပါတယ်။ ဘာအလုပ်မှ လုပ်စရာမလိုဘဲ အိမ်မှာ အိပ်လိုက်စားလိုက်နဲ့ လုပ်ခ ၆၀ ရာနှုန်းကို ရကြပါလိမ့်မယ်။ အဲဒီလုပ်ခတွေကို စက်ရုံပိုင်ရှင်

ကုမ္ပဏီက ပေးရမှာ မဟုတ်ဘဲ ပဲခူးတိုင်းအစိုးရရဲ့ ဘဏ္ဍာငွေထဲက ကျခံရမှာဖြစ်သတဲ့။ တနည်းအားဖြင့် ပဲခူးတိုင်း အခွန်ထမ်းပြည်သူတွေရဲ့ ပိုက်ဆံကို ဆန္ဒပြအလုပ်သမားတွေအတွက် ပေးရမှာ ဖြစ်ပါတယ်။ ဒီတော့ တိုင်းပြည်က ဖွတ်မရ ဓားမဆုံးတဲ့အပြင် မိအေး သုံးခါနာရပြန်ပါတယ်။ ဘာလို့ မိအေး သုံးခါနာရသလဲဆိုတော့ တိုင်းပြည်အတွက် အရေးတကြီး

လိုအပ်နေတဲ့ PPE ဝတ်စုံတွေနဲ့ ခွဲစိတ်ပစ္စည်းကိရိယာတွေ ထုတ်လုပ်မှု ရပ်ဆိုင်းထားရတယ်၊ ပြည်သူ့ဘဏ္ဍာငွေကို အလကားနေရင်း အကုန်အကျခံရတဲ့အပြင် နံပါတ် ၃ ကတော့ ခုချိန်မှာ နိုင်ငံခြားက ရွှေ့ပြောင်းလာဖို့ နေရာရွေးနေတဲ့ စက်မှုနိုင်ငံကြီးတွေကို ရင်ဝဆောင့်ကန်သလို စိတ်ပျက်သွားစေပါတယ်။ ဇေတဝန်ကျောင်းတော်ကြီးထက်တောင် သပိတ်တွေပေါတဲ့ မြန်မာနိုင်ငံကို

ဘယ်လုပ်ငန်းရှင် လာချင်ပါမလဲ။ စဉ်းစားသာကြည့်ပါ။ ဘာသောက်လုပ်မှ မလုပ်ရဘဲ သပိတ်တွေပဲ ထိုင်ရှင်းနေရမှာလေ။ ဒီမိုကရေစီအစိုးရသစ်ဟာ ပြည်သူတွေ၊ အလုပ်သမားတွေကို အစွမ်းကုန် ကူညီစောင့်ရှောက်ဖို့ ကြိုးစားတာ မျက်မြင်ကိုယ်တွေ့ပဲ။ သင်္ကြန်ပိတ်ရက်မှာ ဝင်ငွေနည်းတဲ့ လုပ်သားပြည်သူတွေ မနစ်နာရလေအောင် အစိုးရက

ဆန် ၈ ပြည်၊ ဆီ ၅၀ သား၊ ဆား၊ ပဲ၊ ကြက်သွန်တွေ ထောက်ပံ့ဝေငှပေးခဲ့ပါသေးတယ်။ ဒီနှစ်သင်္ကြန်ပိတ်ရက်ဟာ ဆင်းရဲတဲ့ ပြည်သူတွေ ဆန်ဆီပြည့်ပြည့်စုံစုံ ဝဝလင်လင် ကျော်ဖြတ်ခဲ့ရတယ်မဟုတ်လား။ အခုတော့ တိုင်းပြည်နဲ့ အစိုးရရဲ့ မျက်နှာကို နည်းနည်းမှမထောက်ဘဲ ရင်ဝကို စုံကန်ပြီး ကျေးဇူးကန်းကြပါတော့တယ်။တိုင်းပြည်ကို လက်နှစ်လုံးအလိုမှာ

ကယ်တင်ချင်လွန်းလို့ ချောက်ထဲကျအောင် ဇွတ်တွန်းချနေတဲ့ လူယုတ်မာကြီးတွေဟာ သမဂ္ဂတွေကို ငွေပုံပေးပြီး နောက်ကွယ်က မီးထိုးလှုံ့ဆော်နေတာ တစ်တိုင်းပြည်လုံး သိတယ်။ ဒါပေမဲ့ အလုပ်သမားတွေဟာ သူတို့ဆင်ကွက်ထဲမှာ ကြိုးဆွဲရာကပြီး ကိုယ့်တိုင်းပြည်ကို ရေနစ်ရာဝါးကူထိုးနေကြတာ အတော် စိတ်ပျက်ဖို့ကောင်းပါတယ်။

ဆန္ဒပြကြတဲ့ အကြောင်းရင်းကလည်း ဘာမှ မယ်မယ်ရရမဟုတ်ဘဲ ဆွေးနွေးညှိနှိုင်းရင် ပြေလည်နိုင်တယ်။ အလုပ်သမားတွေကို သုံးရက်မှ နှာခေါင်းစည်းတစ်ခုပဲ ပေးလို့ မကျေနပ်တာဆိုရင် ပဲခူးတိုင်းအစိုးရက ဖြည့်ဆည်းပေးလို့ ရတာပဲ။ နှာခေါင်းစည်းအလုံအလောက် ထောက်ပံ့တာဟာ အလကားနေရင်း လုပ်ခ ၆၀ ရာနှုန်းပေးရမှာထက် အများကြီး လျော့နည်း သက်သာပါတယ်။

ရောဂါပိုးအကြီးအကျယ် ကူးစက်ပြီး နေ့စဉ် ထောင်ချီသေဆုံးနေတဲ့ အမေရိကန်ဆေးရုံတွေမှာ ဆရာဝန်၊ သူနာပြုတွေ နှာခေါင်းစည်းတစ်ခုကို တစ်ပတ်သုံးကြရတာထက်စာရင် သူတို့က အများကြီးတော်ပါသေးတယ်။ နောက်ပြီး အလုပ်သမား ၃၀၀ ကျော်အတွက် သောက်ရေခွက် ၁၀ ခုပဲ ရှိလို့ ဆန္ဒပြရတဲ့အထိ ဖြစ်ကြတာလည်း အရပ်ရပ်နေပြည်တော် ကြားလို့မှမတော်ဘူး။

စက်ရုံက တစ်ယောက်ရေခွက်တစ်လုံးစီ ဝေပေးလိုက်ရင် မပြေလည်နိုင်ဘူးလား။ ကိုယ့်ဖာသာ ကိုယ့်ရေခွက် အိမ်ကယူလာလို့ မရဘူးလား။ တကယ်ကို CoViD-19 ပိုးရှိတဲ့ လူနာတွေ၊ သံသယလူနာတွေကို နေ့စဉ် ထိတွေ့ကုသနေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့စာရင် စက်ရုံလုပ်သားတွေဟာ အသက်နဲ့ အဝေးကြီးပါ။ ကျန်းမာရေးဝန်ထမ်းတွေအတွက်

အသက်တမျှ အရေးကြီးတဲ့ PPE ဝတ်စုံတွေ ပြတ်လပ်သွားရင် သူတို့ခမြာ ဒုက္ခရောက်ကြရှာမယ်ဆိုတဲ့ ကိုယ်ချင်းစာစိတ်လေးတောင် မမွေးကြဘူး။ တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် ကိုယ်ကျိုးစွန့်ဖို့ဆိုတာ ဝေလာဝေးပဲ။ အကဲခတ်လေ့လာကြည့်ရသလောက်တော့ အကြောင်းအမျိုးမျိုးပြနေပေဲ့ အလုပ်သမားတွေရဲ့ တကယ့်မကျေနပ်ချက်ဟာ အလုပ်မဆင်းဘဲ

လုပ်ခ ၆၀ ရာနှုန်းပေးဖို့ သဘောတူထားတာကို တိုင်းအစိုးရက ဖျက်သိမ်းလိုက်လို့ပါပဲ။ အရေးပေါ်အခြေအနေမှာ ထုတ်ပြန်တဲ့ စည်းကမ်းအမိန့်တွေဟာ အမြဲကျင့်သုံးနေစရာ မလိုဘူး။ နာရီပိုင်းအတွင်း ဖျက်သိမ်းလို့ရတယ်၊ ပြင်ဆင်လို့ရတယ်၊ အသစ်ထုတ်ပြန်လို့ရတယ်။ အလုပ်သမားတွေ လိုချင်တာက အလုပ်မလုပ်ဘဲ အချောင်ရမယ့် ပိုက်ဆံပဲ။ သဘောတူချက်ကို

ဖျက်သိမ်းလိုက်တာကြောင့် အလုပ်မဆင်းရင် ပိုက်ဆံမရတော့လို့ အသည်းကို ကျွဲခတ်သလို ဆတ်ဆတ်ခါ နာတာပေါ့။ တိုင်းပြည်ရဲ့ ရေရှည်အကျိုးစီးပွားကို မကြည့်ကြတဲ့ တစ်နပ်စား အတ္တသမားတွေလို့ ပြောပြန်ရင်လည်း ဒေါပွကြမှာပဲ။ ကိုဗစ်ရောဂါကပ်ဆိုးကြီးကြောင့် ဂျပန်နိုင်ငံဟာ တရုတ်က စက်ရုံတွေကို ပြောင်းရွှေ့ဖို့ ပြင်ဆင်နေပါပြီ။ အမေရိကန်သမ္မတ

ဒေါ်နယ်ထရမ့်ဆိုတာလည်း အံတကြိတ်ကြိတ်နဲ့ အမြန်ပြောင်းခိုင်းနေပါတယ်။ ဥရောပနိုင်ငံတွေလည်း ဒီလမ်းစဉ်အတိုင်း လိုက်ကြပါလိမ့်မယ်။ စစ်အာဏာရှင်စနစ်အောက်မှာ ဖွတ်ကျောပြာစု ဆင်းရဲမွဲတေခဲ့ရတဲ့ မြန်မာနိုင်ငံနဲ့ ပြည်သူတွေအတွက် စက်မှုခေတ်သစ် အခွင့်ကောင်းကြုံနေခိုက် မယူလိုက်ရင် မိုက်ရာကျလိမ့်မယ်။ Min Myat Maung