ငို ရပါ တယ် ဆိုတာထက် ပိုငိုရတဲ့ မိဘမေတ္တာဖွဲ့ ဖြစ်ရပ်မှန်

ရုပ်ရှင်တွေထဲက မိဘမေတ္တာဖွဲ့ ဇာတ်လမ်းတွေထက် ပိုငိုရတဲ့ တကယ့် အဖြစ်အပျက်

ကျွန်တော်က စျေးကြို ကား မောင်းတယ် စျေးသည်တွေ ငါးသည်တွေ လိုက်တယ် ကြည်မြင်တိုင် စံပြငါးစျေးနဲ့ သီရိမင်္ဂလာ စျေး ပို့ ပေးရတယ်။ ကျွန်တော့ကားက ည ၁၁ နာရီ ပုံမှန်ကား ပေါ့။ ငမူးအောင်စိုးဆိုတဲ့ လူက ကျွန်တော့ ကားကို အမြဲစီးတယ် သူက ဒန်အိုး နှစ်လုံးကို ထပ်ပြီး ယူလာတယ်သူက အချိန်နဲ့ အမျှ အရက်မူးနေတဲ့လူဗျ။ ကြည့်မြင်တိုင် အသီးအရွက်စျေး ရောက် ရင် သူကအိပ်တစ်လုံးယူပြီး စျေးထဲလျှောက် သွားတယ်။သူ ရှေ့မှာ အာလူးအိပ် ကို ထမ်းသွားတဲ့ အလုပ် သမားက အိတ်ပေါက်ကနေ အာလူးတစ်လုံး ပြုတ်ကျရင် သူကကောက်ထည့် ခရမ်းသီးလေး ပြုတ်ကျရင်သူကကောက်ထည့်ပေါ့ သီရိမင်္ဂလာစျေးကိုညဘက် ရောက်ဖူး သူတိုင်း သိပါတယ်။

ကုန်တင်ကားပေါ်မှာ ထပ်ပိုင်းကျိုးနေတဲ့ခရမ်းသီးတွေ အများကြီးပဲ ဘယ်သူမှ မယူဘူး တံမြတ်စည်းနဲ့ လှည်းချ ပြစ်လိုက် တာပဲ အဲ့တာတွေကို ကိုအောင်စိုးက ကောက် ယူတယ် နာ ရီ ဝက် လောက် ကောက်ရင် ပီနံအိပ် တဝက်လောက် အသာလေး ရတယ် အဲ့ဒါကို သူယူသွားပြီး ကမ်းနားလမ်းက မီးသတ် ရေဘုံဘွိုင်မှာဆေး ကြော လှီးဖြတ်တယ်။ လုပ်တာ ကိုင်တာကတော့ အတော်သန့် တယ် ရေသန့်ဗူးကြီး နှစ်ဗူးဝယ်ပြီး ပဲကုလား ဟင်းချက်တယ်ဗျာ ။

ပြီးရင် ဆိုင်းထမ်းတံပိုးနဲ့ လိုက်ရောင်းတော့တာပဲဗျ ကိုအောင်စိုးကုလားဟင်းက တစ်ခွက်မှ ၅၀ ပဲ ပေးရတယ် ကုန်ထမ်းသမားတွေက ပိုက်ဆံ မပေးပဲ တစ်ခွက်ကျွေးကွာဆိုလဲ ကိုအောင်စိုး က ပေးခဲ့တာပဲဗျ ။ အဲ့ဒီတော့ဗျာ ကုန်ထမ်းသမားက လည်း အာလူးတွေ ခရမ်းသီးတွေ တွေ့ရင် အောင်စိုးကို လှမ်းပြစ်ပေး သွားကြတယ် ။ ကိုအောင်စိုးက ကုန်ကားတွေ ပေါ်က ခရမ်းသီး အကျိုး အာလူးအိပ်ပွင့်ကျတွေ ကောက်ပြီး ကုလားဟင်း လုပ်ရောင်းတယ် နေ့လည်ဘက် ကမ်းနား လမ်းတစ်လျှောက် ရောင်းပေါ့ ညနေဘက်ကျတော့ ကုန်ထမ်းသမား တွေနဲ့ အရက် အတူတူ သောက်ပေါ့ သူ့ဘဝ သူကျေနပ်နေတာပါပဲ။

ညဘက် ပြန်လာရင် ရထားစီးလာပြီး တိုးကြောင်လေး ဘူတာမှာ ဆင်းတယ် ကျွန်တော့် ကားက တံတားဖြူ CNG ဆိုင်မှာထည့်တော့သူက ကျွန်တော့ကားစောင့်စီးပေါ့ တစ်နေ့ ည ၇နာရီလောက် မိုးတွေ အရမ်းသည်းနေချိန် ကျွန်တော် CNG သွားထည့်ပြီးပြန် လာတယ် ငမူးအောင်စိုး က လမ်းကနေ တက် လာတယ် အရက်ကလည်းမူး လက်ထဲမှာ အထုပ်လေး တစ်ထုပ်နဲ့ ကားပေါ် ရောက်တာနဲ့ထိုးအိပ်တယ် သူ့အိမ်ရောက်ခါနီးတော့ ကျွန်တော်ကနှိုး လိုက်တယ်“ ကိုအောင်စိုးထဗျာ – အစ်ကို့အိမ်ရောက်တော့မယ် ”သူထလာပြီးအရက်မူးမပြေပဲ ကျွန်တော်မောင်းနေတဲ့နားလာ ထိုင်တယ်

“ကိုအောင်စိုး ဒီနေ့ခင်ဗျားဒန်အိုးနှစ်လုံး ဘယ်ထားခဲ့လဲဗျ” ပါလာ တာ မတွေ့ပါလား။ကိုအောင်စိုး အာလေးလျှာလေးနဲ့ ပြန်ဖြေတယ် ”စျေးထဲမှာ အပ်ထား ခဲ့တယ် ”အဲ့တာများဗျာ ခင်ဗျား အချိန်ကုန် ခံပြီး ပြန် လာနေ သေးတယ်ဗျာ ခင်ဗျား ည ၁၁ ကျရင် ပြန်ထွက်ရမည့် အ တူတူ ကြည့်မြင်တိုင်မှာ အိပ်လိုက် ပေါ့ဗျာ ဘယ်နေရာ အိပ်အိပ်ရတာပဲကိုး” ဘယ်ပြန်ချင်မှာ လဲ ဘောစိရယ် အရက်မူးမူးလေးနဲ့ ယူလိုက်ရင် ကွက်တိပဲပေ့ါ ”ဒါပေမယ့် ကျူပ်မှာ အမေရှိတယ်ဗျ ကျူပ်ပြန်မလာရင် သူတစ်ယောက် တည်း အားငယ် နေလိမ့်မယ် ပြီးတော့သူအိမ်ရှေ့မှာ ထိုင်စောင့်ပြီး စိတ်ပူနေလိမ့်မယ်။

အဲ့တာ ကြောင့် ကျူပ်သူ့အတွက် ပြန်လာတာဗျ အရက်သောက်ပြီး နေ့လည် ၂နာရီခွဲ တည်းက ကြည့်မြင်တိုင်ဘူတာက ရထားစီးလာတာ ခု ထိ အိမ်မရောက်ဘူး မူးတဲ့နေရာ လှဲအိပ်တာကိုးဗျ .. မယုံရင် ဒီမှာ ကြည့်ဗျာ မုန့်လိပ်ပြာ အမေ့ ဖို့ ကြည့်မြင်တိုင်က ဝယ်လာတာ မုန့်တောင် ခြောက်ကပ်နေပြီ။သူ ကျွန်တော့ကို မုန့်လိပ်ပြာ အထုတ် လေး မြှောက်ပြရင်း ကားပေါ်ကနေ ဒယိုင်းဒယိုင်နဲ့ ဆင်းသွားတယ်။ ကျွန်တော် ကားဆက် မမောင်းပဲ ကိုအောင်စိုး ကျောပြင်ကို ကြည့်နေတယ်။ သြော် အရက် ဘယ်လောက် မူးမူး အမေ့ဆီ ရောက် အောင် သူ ပြန်လာ ရှာတယ်အမေ အားငယ်နေမှာ စိုးလို့တဲ့ ကိုအောင်စိုး ကျွန်တော့ကားရှေ့ နားက ရွံ့ဗွက် အိုင်မှာ ချောလဲကျသွားတယ် တစ်ကိုယ်လုံး ရွံ့ဗွက်ထဲ ကျနေ ပေမယ့် သူ့အမေ အတွက် မုန့်လိပ်ပြာအထုပ်ကို ရွံ့ မပေအောင်မြှောက်ကိုင်ထားတာ ကို ကားမီးရောင်နဲ့ တွေ့နေရတယ်။ လမ်းဘေးက အသီးလေးတွေ ကောက်ပြီး ဟင်းလုပ်ရောင်းသော အရက်သမားတစ်ယောက်၏ မိဘအပေါ်ထားသော စိတ်သည် ကြီးကျယ် မြင့်မြတ် ပေစွ။

၂၀၁၄ ခုနှစ်တွင် ကိုအောင်စိုးအရက် အလွန်အကျွံသောက်သဖြင့် သွေးအန် လေသည် ကြည်မြင်တိုင် ကမ်းနားမှ အလုပ်သမားတွေက ရန်ကုန် ဆေးရုံကြီးတင်ပေးလိုက်၏ ရောဂါက ကျွမ်းနေလေပြီ သူဆေးရုံတတ်သဖြင့် ညဘက် တွေအိမ်မပြန် နိုင်ပေ …အမေလုပ်သူကလည်း မသိပဲ ညတိုင်း စောင့်နေမြဲပင် သူဆေးရုံ တတ်သော သတင်းကို သူ့အိမ်သို့ ကျွန်တော်က လိုက်ရှာ ပြီးသွားပြောပြရလေသည် အမေအိုက မနက် မိုးလင်းလျှင် ဆေးရုံလိုက်ရန် ပြင်ဆင်၏ သို့သော် အောင်စိုးသည် ညဘက်ဆေးရုံမှ ခိုးဆင်းလာပြီး သွေးအန်လျှက်နှင့်ပင် အိမ်ပြန်ရောက်လာပြီး မိခင်၏ ရင် ခွင်တွင် ခေါင်းတင် ၍ သေလေသည် …

သားထောက် သမီးခံ မရှိသော အမေအိုအား လူအိုရုံသို့ ပို့ရန် ကျွန် တော်တို့ကစီစဉ်ကြ၏ သို့သော်အဖွားက ချမ်းမြေ့ရိပ်သာ ကျောင်းတွင် မယ်သီလရှင်ဝတ်ပြီး တရားအားထုတ် သွားလေသည် နောက် ဆုံးပြောသွားသောစကားမှာ”သီလရှင် ဝတ်ချင်နေတာကြာပါပြီ ဒီ အောင်စိုးကို စိတ်ပူလို့ မဝတ်ဖြစ်တာ အခုတော့ ဝတ်ဖြစ် သွားတာပေါ့”သားက အမေကိုချစ်သဖြင့် အမေကိုစိတ်ပူ၏ အမေက သားကို ချစ်သဖြင့် သားကို အပြန်အလှန် စိတ်ပူ၏။ ချစ်ရသူ မရှိတော့သောအခါ စိတ်ပူခြင်းလည်းမရှိတော့ပေ ကားမောင်းခဲ့စဉ်က မမေ့နိူင်တဲ့ ဘဝ အတွေ့အကြုံပါ။ ပြန်လည် ခံစား မျှဝေပါတယ်။မူရင်ရေးသားသူအား ခရက်ဒစ်ပေးပါတယ်။