ကိုဗစ်ရောဂါသည် ရက်ပေါင်း ၇၀ ကြာလျှင် အလိုလိုသေဆုံးပျောက်ကွယ်သွားဟု အစ္စရေးပညာရှင်ဆို

ကိုရိုနာဗိုင်းရပ်စ်သည် ရက်ပေါင်း ၇၀ ကြာလျှင် အလိုလို သေဆုံးပျောက်ကွယ်သွားကြောင်း အစ္စရေးပညာရှင်ဆို

COVID-19 ရောဂါအား တိုက်ဖျက်ရေးအတွက် နိုင်ငံများသည် အမျိုးမျိုးသော နည်းလမ်းဖြင့် ချည်းကပ်အဖြေရှာနေပြီး ကမ္ဘာတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ကိုင်တွယ်ဖြေရှင်းနိုင်ရေး အကောင်းဆုံး နည်းလမ်းအား အသည်းအသန် ရှာဖွေလျက် ရှိသည်။

သို့သော် ထို ကြိုးစားအားထုတ်မှု အားလုံးသည် ရလဒ်တစ်ခုတည်းသာ ထွက်လိမ့်မည်ဖြစ်ကြောင်း၊ ယင်းရောဂါသည် ဇီဝအကန့်အသတ် ရှိနေပြီး စမ်းသပ်ကုသမှု ရှိရှိ မရှိရှိ ယင်း ဗိုင်းရပ်စ်သည် ရက် ၇၀ ကြာလျှင် သေဆုံးပျောက်ကွယ်သွားသည်သာ ဖြစ်ကြောင်း အစ္စရေးမှ ပါမောက္ခတစ်ဦးက ပြောကြားလိုက်သည်။

တဲလ်အဗစ်တက္ကသိုလ် လုံခြုံရေး သုတေသနစီမံကိန်း အကြီးအကဲနှင့် အမျိုးသား သုတေသနနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဌဖြစ်သည့် ပါမောက္ခ အိုင်ဆက်ဘန်အစ္စရေးက ၎င်း၏ သုတေသနအရ သက်သေပြနေသည်မှာ COVID-19 သည် နိုင်ငံတစ်နိုင်ငံ ဒေသတစ်ခုတွင် ရက် ၄၀ ၌ အပြင်းထန်ဆုံး အထွဋ်အထိပ်ရောက်ပြီး ရုတ်ခြည်းပင် အားပျော့သွားသည်ဟု ဆိုသည်။

အဓိကစီးပွားရေးလုပ်ငန်းကိုင်ငန်းများ ပိတ်ခြင်းသည် အနည်းငယ်သာ အရာရောက်ပြီး စီးပွားရေးပြိုကျမှု အကျိုးဆက်ကို ဖြစ်ပေါ်စေလျက် ရှိသည်ဟု အစ္စရေး လေတပ် ထောက်လှမ်းရေးရုံးမှ သုတေသီလည်း ဖြစ်ပြီး ဝန်ကြီးချုပ် နေတန်ယာဟု၏ ဆိုင်ဘာရေးရာ အကြံပေးအကြီးအကဲဟောင်းလည်းဖြစ်သည့် ဗိုလ်မှူးချုပ် ဘန်အစ္စရေးက ပြောသည်။

၎င်း၏ တွက်ချက်မှုအရ ဗိုင်းရပ်စ် နေ့စဉ်ကူးစက်မှု ပုံစံသည် အစပိုင်း၌ ၃၀ ရာခိုင်နှုန်းဝန်းကျင်ဖြင့် ရာနှုန်းများများ ကူးစက်သော်လည်း သီတင်းခြောက်ပတ်ကြာပြီးနောက် ၁၀ ရာခိုင်နှုန်း လျော့နည်းကျဆင်းသွားပြီး နောက်ပိုင်း သီတင်းတစ်ပတ်တွင် ၅ ရာခိုင်နှုန်း အောက်သို့ ရောက်ရှိကြောင်းကို ထောက်ပြထားသည်။

“ကျွန်တော်တို့ သုတေသနအရ နိုင်ငံတွေရဲ့ ဗိုင်းရပ်စ်ကူးစက်တဲ့ ပုံစံမှာ ကိန်းသေပုံစံမျိုး ရှိနေတာ တွေ့ရတယ်။ အံ့ဩစရာ ကောင်းတာက တင်းတင်းကြပ်ကြပ် လော့ဒေါင်းချတဲ့ နိုင်ငံတွေမှာ ဒီကူးစက်မှု ကိန်းသေပုံစံက ပိုပြီး အဖြစ်များတာကို တွေ့ရတာပဲ။” ဟု ၎င်းက ပြောသည်။

ပါမောက္ခ ဘန်အစ္စရေး၏ သုတေသန ကောက်ချက်ကို မှန်မမှန် စမ်းသပ်စစ်ဆေးနိုင်ရန်မှာ နိုင်ငံများသည် ဗိုင်းရပ်စ်အား တုံ့ပြန်ပုံ စည်းမျဉ်းများ မတူကြခြင်းကြောင့် ခက်ရာခဲဆစ် အခြေအနေ၌ ရှိနေသည်။ သို့သော် ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံက ဝူဟန်မြို့မှာမှာတော့ ယနေ့ ဧပြီလ (၂၆)ရက်နေ့မှာ ကိုဗစ်လူနာများအားလုံး ကုသပျောက်ကင်းပြီး ဆေးရုံကဆင်းသွားကြသဖြင့် ကိုဗစ်လူနာ ကင်းစင်သွားပြီဖြစ်သည်။

Add a Comment

Your email address will not be published. Required fields are marked *