စိန်ထက်အဖိုးတန်တဲ့ မြကျောက် တို့အကြောင်း သိကောင်းစရာ

စိန်ထက်အဖိုးတန်တဲ့ မြကျောက် တို့အကြောင်း သိကောင်းစရာ

မြ သည် မျက်ရွှဲ (ခေါ်) ဘယ်ရယ် အုပ်စုဝင် တွင်းထွက်ကျောက် အမျိုးအစားတစ်ခုဖြစ်ပါသည်။ ဓာတုဗေဒဖွဲ့စည်းမှုအားဖြင့် ဘယ်ရယ်လီယံ အလူမီနီယံဆီလီကိတ်တွင် ခရိုမီယံဒြပ်စင် အနည်းငယ် ပါဝင်နေခြင်းဖြစ်ပြီး မာဆင့်အားဖြင့် ၇.၅ ရှိပါသည်။ သိပ်သည်းဆ ၂.၇၁ရှိကြပြီး ဖန်ရောင်လက်တောက်ပမှုမျိုးရှိကြကာ ပုံဆောင်စနစ်မှာ ဆဌဂုဏ်စနစ်ဖြစ်ပါသည်။

တွဲဖက်ပါဝင်သော ဓာတုဒြပ်စင်အမျိုးအစားကွဲပြားပေါ်မူတည်၍ ပတ္တမြား၊ နီလာ တို့ကဲ့သို့ပင် အရောင်များပြောင်းလဲ ခြားနားသွားတတ်ကြခြင်းဖြစ်သည်။မြ ၊မျက်ရွှဲ အုပ်စုဝင်များ၏ ထူးခြားသော ကျောက်သား အနေအထားမှာ မာဆင့်မြင့်မားသော်လည်း အလွန်ကြွတ်ဆတ် သောကြောင့် အလွန်ပင် ကျိုးပဲ့ လွယ်လွန်းခြင်းဖြစ် သည်။ ထို့အပြင် ကျောက်သားအတွင်တွင် အခြားသော အောင်းဝင်များ များပြားစွာ ပါဝင်လေ့ ရှိတတ်သောကြောင့် ကြည်လင်သော ကျောက်မျက်ရတနာတန်းဝင်သည့် ကျောက်ကောင်းများ ရှားပါးတတ်ပါသည်။

ရတနာတန်းဝင် မြကျောက်ထွက်ရှိရာ နိုင်ငံများမှာ ကိုလံဘီယာနိုင်ငံ ၊ ဘရာဇီးနိုင်ငံ ၊ ဇင်ဘာဘွေနိုင်ငံ ၊ ဇမ်ဘီယာနိုင်ငံ ၊ တန်ဇင်းနီးယားနိုင်ငံ ၊ ပါကစ္စတန်နိုင်ငံ ၊ ရုရှားနိုင်ငံ နှင့် အိန္ဒိယနိုင်ငံ တို့ဖြစ်ကြသည်။ မြန်မာ့ ကျောက်မျက်ရတနာဈေးကွက် အတွင်းတွင် နာမည်ကျော်လူကြိုက်များသော သီတာမြ (ခေါ်) အရည်အသွေးအကောင်းဆုံးသောမြ များမှာ ကိုလံဘီယာနှင့် ဘရာဇီးနိုင်ငံများမှ အဓိက ထွက်ရှိခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံသည် တန်ဖိုးကြီး ကျောက်မျက် ရတနာများ ထွက်ရှိရာတွင် နာမည်ကျော်ကြားသော်လည်း မျက်ရွှဲအုပ်စုဝင်ကျောက်များအနက် အပြာရောင် မြပြာ(ခေါ်) အကွာမရင်း သာ အများဆုံး ထွက်ရှိ သည်ကို တွေ့ရပြီး အခြားသော အရောင် ရှိသည့် မျက်ရွှဲအုပ်စုဝင် ကျောက်များ လည်းအနည်းငယ်စီ ထွက်ရှိလေ့ ရှိသည့်တိုင် အစိမ်းရောင် မြမှာမူ ထွက်ရှိခြင်းမရှိကြောင်း သိရှိရပါသည်။မြကျောက်ကို ကမ္ဘာပေါ်တွင် လူသားတို့သည် ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၃၅၀၀ ခန့်မှစတင်ပြီး အသုံးပြုခဲ့သည်ဟု ယူဆနိုင်၏။

ရှေး အကျဆုံး မြ ကျောက်တွင်း ရှိသည့် ဒေသကို အီဂျစ်နိုင်ငံ ပင်လယ်နီပတ်ဝန်းကျင်ဒေသတွင် ဖြစ်လိမ့်မည်ဟု သမိုင်းဆရာတို့က သတ်မှတ်ထားသည်။ အီဂျစ်သမိုင်းတွင် ထင်ရှားလှသော ( ကလီယိုပတ်ထရာ) ဘုရင်မသည် မြကျောက်ကို အလွန် မြတ်နိုးသူဖြစ်၏။ထိုခေတ်က မြကျောက်ထွက်သော အီဂျစ်မှ ကျောက်တွင်းများကို (ကလီယိုပတ်ထရာ)ကျောက်တွင်းဟု အမည်ပေးခဲ့၏။ မြကျောက်ကို ကမ္ဘာတွင် စိန်ထက်ပင်ပိုတန်ဖိုးထား၏။ ပတ္တမြားပြီးလျှင် ကမ္ဘာတွင် တန်ဖိုးအရှိဆုံးရတနာပင်ဖြစ်၏။မြကျောက်ကို ရတနာကို ချစ်မြတ်နိုးသော ပညာရှင်များလောကတွင်အချစ်၊ငြိမ်းအေးခြင်း၊ပျော်ရွှင်ခြင်းတို့ကိုပေးနိုင်သော ကျောက်အဖြစ် မှတ်ယူထား၏။မြကိုကိုင်လိုက်လျှင် နီလာ ပတ္တမြား ကျောက်များကဲ့သို့ မချော။ မအေး။ ပွပြီး စီးသလိုရှိ၏။ အဆီကပ်နေသကဲ့သို့ရှိ၏။

မြအတုအစစ်ခွဲသောကိရိယာကို(Chelsea color Filter) ဟု ခေါ်၏။ ထို ကရိယာဖြင့် မြတစ်ပွင့်ကို နေရောင်အောက်ကြည့်လိုက်လျှင် အစစ်ဖြစ်က အနီရောင်ပြောင်းသွားပြီး အတုဖြစ်က အစိမ်းရောင်အတိုင်းဆက်ရှိနေသည်။ကမ္ဘာပေါ်တွင်ထင်ရှားသော မြကျောက်ကြီးမှာ ဒီဗွန်ရှား မြ၊ ကာရက်ချိန်၁၃၈၃.၉ရှိ၏။ သွေးထားပုံမှာ မူလပုံဆောင်ခဲအတိုင်းဖြစ်၏။ ဒုတိယ ထင်ရှားသောမြကြီးမှာ အိန္ဒိယနိုင်ငံ ဘုရင့်သရဖူကြီး၏ အလယ်တွင်တပ်ဆင်ထားသော လုံးချောသွေးထားသည့်မြကြီးဖြစ်၏။တတိယထင်ရှားသောမြကြီးမှာ ဥရောပတိုက် စကီးရားနိုင်ငံမှ မြခရားအိုးကြီးဖြစ်၏။ အလေးချိန် ၂၆၈၁ ကာရက်ရှိ၏။ စတုတ္ထထင်ရှားသော မြကြီးမှာ ဂျေဟင်ဂါ မြဖြစ်၏။ မြဖလားကြီးဖြစ်၏။ ပဉ္စမထင်ရှားသော မြကြီးမှာ ရုရှားနန်းစဉ်ရတနာများတွင် တစ်ခုအပါအဝင်ဖြစ်သော ကာကိုယမ် မြကြီးဖြစ်၏။အလေးချိန်၂၂၂၆ ကရက်ရှိ၏။မြကို စိန်၊နီလာ၊ပတ္တမြား စသည်တို့ကဲ့သို့ အဝိုင်း၊ ဘဲဥပုံ၊ မိုးစက်ပုံများသွေးလေ့မရှိပါ၊ အများအားဖြင့် အပေါ်စီးမှကြည့်လျှင် ထောင့်လေးခုကိုသိမ်းထားပေးသော စတုဂံပုံမျိုးသာ သွေးလေ့ရှိ၏။

ထိုပုံမျိုးကို မြကျောက်တွင် အသွေးများ လွန်းသဖြင့် မြကွက် (Emerald Cut) ဟုပင် ကျောက်လောကတွင် ခေါ်ကြ၏။ မြ၏ မူလသဘာဝအရောင်တောက်ပပုံမှာ ဖန်၏တောက်ပပုံမျိုးဖြစ်၏။ စိန်၊နီလာ၊ ပတ္တမြားကဲ့သို့ ပွင့်အားမကောင်းလှပါ။ကမ္ဘာတွင် မြကို ပထမဆုံး တွင်ကျယ်စွာ ရောင်းဝယ်မှု ပြုလုပ်ခဲ့သည့် ဈေးကွက်မှာ အိန္ဒိယ နိုင်ငံဖြစ်၏။ ကိုလံဘီယာ မှ စပိန်တို့သည် မြကိုတူးဖော်ပြီး အိန္ဒိယတွင်လာရောင်း၏။ အစ္စရေးနိုင်ငံမှာ ယနေ့ ကမ္ဘာတွင် စိန်သွေးသည့် ပညာတွင် နာမည်bကြီးသကဲ့သို့ မြသွေးသည့်ပညာတွင်လည်း နာမည်ကြီး၏။

မြကြီး မြကောင်းများအဓိကဝယ်ယူပြီးသွေး၏။ မြသွေးရာတွင် လူမပါ စက်ဖြင့်အလိုအလျောက်အကောင်းဆုံးအကွက်ပုံများရအောင်သွေးသည့်စနစ်ကို ပထမဆုံးအသုံးပြုခဲ့သည်။ ယင်းစက်တစ်လုံးသည် တစ်နေ့လျှင် မြအရိုင်းအပွင့်၁၈၀၀ ကို ဖြတ်ခြင်း၊သွေးခြင်း၊ပုံလောင်းခြင်း၊အကွက်ဖော်ခြင်း၊အရောင်တင်ခြင်းများကို ပြီးအောင်ပြုလုပ်နိုင်သည်ဟုဆို၏။ အိန္ဒိယနိုင်ငံမှာ မြအသေးများကို သွေးခြင်းတွင် နာမည်ကြီး၏။

တစ်ကာရက်တွင် အပွင့်၂၃၀ပါသော သေးငယ်သည့်မြငယ်လေးများအထိကျွမ်းကျင်စွာသွေးနိုင်ကြ၏။မြန်မာတို့နှင့် မြကျောက်မြန်မာ လူမျိုးတို့သည် မြကျောက် (emerald) ကို အလွန် တန်ဖိုးထားသည်။ နေနှင့်လ၊ ရွှေနှင့်မြ ဟူ၍ ပင်လိုက်ဖက် ညီထွေမှုများကိုတစ်စားခြင်းရှိသည်။ရိုးရာရတနာဆင်မြန်းမှုတွင် အထွတ် အမြတ်ဖြစ်သည့် နဝရတ်ကိုးပါး လက်ဝတ်ရတနာတွင် မြကျောက်ကိုသိဒ္ဓိဝင် ရတနာ တစ်ပါးအဖြစ် သုံးပြုလေ့ရှိသည်။ မြ ကျောက်တွင်ထူးခြားသော ထက်မြက်သောသိဒ္ဓိဝင် နေသည်ဟူ၍ ရှေးအခါကပင် ယူဆသည်။

မြန်မာမင်းတို့၏ အထွတ်အမြတ်ထားရာ ရတနာတစ်ပါးဖြစ်သည်။ ရွှေလင်ဗန်းနှင့် အချင်းဆေး၊ မြပုခက်တွင် ထား၍ ကြီးပြင်းသည် ဟူ၍ပင် ဆိုရိုးရှိသည်။ နန်းညွန့်နန်းလျာ ရာဇသွေး၊ တော်ဝင် မင်းသွေးမှန်လျှင် မြ ကျောက် ရတနာစီခြယ်ထားသည့် ပုခက်တော်တွင် ပျော်မွေ့စွာ စံရန် ထားရှိသည်ဟု ဆိုသည်။ တစ်ပင်တိုင်မြနန်း ဟူ၍လည်း မြနှင့် စီခြယ်ထားည့် နန်းတော်ကို တည်ခြင်းပြုသည်။ကျောက်မျက် ရတနာ သုံးစွဲမှု၊ ဝတ်ဆင်မှု အစဉ်အလာအရ မြကျောက်သည် အအေးဓာတ် ဆောင်သည်။

မြကို စိန်ခြယ်သည့် လက်ဝတ် ရတနာအား အပူအအေး ပူတွဲနေသော ရတနာ၊ချမ်းသာခြင်းနှင့် တန်ခိုးအာဏာ ထက်မြက်စေသည်ဟု ယူဆ၍ အမျိုးသားများ ဝတ်ဆင်ကြသည်မြ ကို ဥဿဖရား ရံ၍လည်းဝတ်ကြသည် ဥဿဖရားသည် အအေးဓာတ်၊ အမဓာတ် ဆောင်သည်။

အအေးဓာတ်နှစ်ခု ပေါင်းစည်းထားသည့် မြ ကို ဥဿဖရား ရံသည်အား အမျိုးသမီးများ ဝတ်ဆင်ကြသည်။ အေးချမ်းသည်။ ပျော်ရွှင်သည် ဟူသော ဓာတ်ကို ယူသည်။ ဤကား မြန်မာတို့၏ မြ ကျောက်ပေါ်တွင် ထားရှိသော တန်ဖိုး သတ်မှတ်ချက်တည်း။

ကျောက်မျက် ရတနာတို့တွင် နောက်ခံ သမိုင်းကြောင်း ရှိသော ကျောက်နှင့်မရှိသောကျောက်ဟုကွာခြားသည်။သမိုင်း အစဉ်အ လာရှိသောကျောက်သည် အဖိုးတန်သည်precious stones ဟူ၍ သတ်မှတ်သည်။အဖိုးတန်၊ အမျိုးမှန်ဟု ဆိုသည်။

သမိုင်းကြောင်း မရှိသည့် ကျောက်မျက် ရတနာကိုကား semi-precious stones ဟု သတ်မှတ်သည်။ တန်ဖိုးနည်းသော ကျောက်ဟူ၍ဆိုသည်။အနောက်နိုင်ငံသားတို့သည်နောက်ခံသမိုင်း ကြောင်းရှိသည့် ကျောက်မျက် ရတနာကို ပိုမို၍ တန်ဖိုးထားသည်။ မြ ကျောက်သည် အနာက်တိုင်းသားများ အသည်းစွဲ မြတ်နိုးသည့် ကျောက်မျက် ရတနာဖြစ်ည်။အရှေ့တိုင်း၊ ထိုင်းနိုင်ငံရှိ မြဘုရားသည် ၎င်းတို့အတွက် အံ့ဖွယ် တစ်ပါးတည်း။ အင်မတန် သေးငယ်သည့် မြ ကို ပိုင်ဆိုင်လျှင်ပင် အင်မတန် ဂုဏ်ယူ ဝမ်းမြောက်သည် ဖြစ်ရာ မြဘုရားကဲ့သို့ ရတနာကိုကား အိပ်မက်ပင် မက်ဝံ့လောက်ခြင်း မရှိအောင် ဖြစ်သည်။ အနောက်တိုင်း အယူအဆအရ မြကျောက်သည် အလွန် ထူးခြားသည်။ဤရတနာ ပိုင်သူသည် ဘဝတွင် အလွန် ဆုတောင်းပြည့်၍ အေးချမ်းခြင်း ရရှိသည်ဟုလည်း ဆိုသည်။မြကျောက် ကိုးကွယ်မှုမြကျောက်ကို ကိုးကွယ်သော လူသားများ ရှိခဲ့ဖူးသည်ဟု သိရသည်။

အလွန်နက်ရှိုင်းလှသည့် အာဖရိက တောနက် အတွင်း ယခုကာလ နိုင်ဂျီးရီးယား ဟုခေါ်သော နိုင်ငံ၏ လူသူ မရောက်နိုင်သော တောတောင်ကြား၌ ယာရိုဘီ (Yarobi) ဟု အမည်တွင်သော အလွန်ထူးခြားသည့် လူအုပ်စုတစ်ခုရှိသည်။ ထို လူသား အုပ်စုသည် ထူး ခြားသော တန်ခိုးများ ရှိသည်။ မှော်ပညာ အစွမ်းဖြင့် ဆေးကုသ နိုင်စွမ်း ရှိသည်။ ပြုစား နိုင်စွမ်းရှိသည်။ ဂန္ဓာရီ အတတ်များတွင် အလွန်ကျွမ်းကျင်သည်။ ရှေ့ဖြစ် နောက်ဖြစ်များလည်း ဟောပြောနိုင်သည်။

အခြား လူရိုင်းအုပ်စုများ မချဉ်းကပ်နိုင်အောင် အစွမ်းထက်မြက်လှသည့် အတွက် အခြားသူများက ဦးညွတ်ကြရသည်။ ၎င်းတို့ ရှိခိုးကြသော ဘုရားကျောင်းသည် မြကျောက်ဖြင့် အတိပြီးသည်။ မြကျောက်ကြီး တစ်တုံး ထားရှိပြီး ရှိခိုးပူဇော်ကြသည်။ တန်ခိုးရှင်တို့နှင့် ဆက်သွယ်သောနေရာအဖြစ် ယုံကြည်ကြသည် ဟု ဒဏ္ဍာရီများက ဆိုသည်။

မြကျောက် နှင့် ယုံကြည်မှုများမြကျောက်၏ ထူးခြားသည့် သိဒ္ဓိသည်ကား ထိုက်သူတို့သာပိုင်ဆိုင်နိုင်မည်။မြကျောက်ကို ဝတ်ဆင်သောသူတို့သည့် လူကောင်းများ၊ တန်ခိုး တစ်စုံတစ်ရာ ပိုင်ဆိုင်မည့်သူများ ဖြစ်ကြောင်း တွေ့ရသည်။ မြကျောက်အား ဝယ်ယူပိုင်ဆိုင်သည့်သူသည် ကမ္ဘာအဝန်းရှိ အဖိုး အထိုက် တန်ဆုံးနှင့် မင်္ဂလာ အရှိဆုံး ကျောက်ကို ပိုင်ဆိုင်သည်ဟု ဆိုနိုင်သည်။ အခြား ရတနာတို့သည် မတည့်သူကို ခိုက်စေသည်။ မြကျောက်သည် မည်သူကိုမဆို အကျိုးပြုသည်။ ခိုက်သည်ဟူ၍ မရှိ။ ဝတ်ဆင်သူ၏ လိုနေသည့် ကံကို ဖြည့်စွက်ခြင်း၊ ဘဝ အနေအထား တိုးမြင့်စေခြင်း တို့ကို ဖန်တီး အကျိုးပြုသည်။

Myanmar Wikipedia

အင်တာနက် နှင့် ဦးလှဝင်း လေသူရဲတစ်ဦး ရေးသားသည့် ရတနာကုန်သည်သုံးကျောက်မျက်အဘိဓာန်

ဆရာစံ-ဇာဏီဘို၏ ကျောက်မျက်ရတနာကို ဘယ်လို ဆင်မြန်းမလဲ

Add a Comment

Your email address will not be published. Required fields are marked *