ကမ္ဘာ့အရှားပါးဆုံး မြန်မာ့ကျောက်မျက် (သို့) “ပိန်းနိုက်”

ကမ္ဘာ့အရှားပါးဆုံး မြန်မာ့ကျောက်မျက် (သို့) “ပိန်းနိုက်”

မူရင်းရေးသားသူအား ခရက်ဒစ်ပေးပါသည်။ ဗဟုသုတရစေရန်ပြန်လည်ဝေပါသည် ။ မြန်မာ နိုင်ငံ တွင်သာ ထွက်သည့် ကမ္ဘာ့ အရှား ပါးဆုံး မြန်မာ့ကျောက်မျက်မှာ ပိန်းနိုက် (Painite) ဖြစ်ပါသည်။ ပိန်းနိုက်ကျောက်များကို ရှာဖွေစုဆောင်း စီးပွားဖြစ်လာခဲ့သော မစ္စတာလာဆင် (Bill Larson)၏ မှတ်တမ်းကို တင် ပြပါမည်။၁၉၇၀ ပြည့်နှစ်က ကျွန်တော် ဗြိတိသျှ သဘာဝသမိုင်းပြတိုက်သို့ ပထမဦးဆုံးအကြိမ် ဝင်ရောက်ခဲ့သည်။

တာဝန်ကျအရာရှိ ဒေါက်တာ ပီတာ (Dr. Peter Embrey) က မစ္စတာပိန်း (A. C. D Pain) စုဆောင်းထားသော မြန်မာ့ပတ္တမြား အပါအဝင် ၁ ဒသမ ၇ ဂရမ် နှင့် ၂ ဒသမ ၁ ဂရမ်သာရှိသော အနီရင့်ရောင်ရှိကျောက်အရိုင်းနှစ်ခုကို ပြပြီး ပိန်းနိုက်ကျော က်ဟုခေါ်ကြောင်း၊ကမ္ဘာတွင် နှစ်ပွင့်သာ တွေ့ရသေးကြောင်း ပြောခဲ့ပါသည်။

၁၉၅၄ ခုနှစ်မှ စတင် တွေ့ရှိခဲ့သော မစ္စတာပိန်း ( မိုးကုတ်အခေါ် ဗိုလ်ပိန်း) ကို ဂုဏ်ပြုမှည့်ခေါ်ထားခြင်း ဖြစ်ကြောင်း ရှင်းပြခဲ့ပါ သည်။၁၉၉၃ခုနှစ်တွင်ဒေါက်တာဂူဗလင်(Dr. E. Giibelin) က ရတနာမြေ မိုးကုတ်သို့ အတူသွားရန် ဖိတ်ကြားခဲ့ပါသည်။ ထိုအချိန်တွင် တတိယကျောက်တစ်ပွင့်ကို အမေရိကန် ကျောက်မျက်အတတ်ပညာဌာန G.I.A – Gemological Institute of America ကို ၁၉၇၉ ခုနှစ်တွင် မစ္စတာစွဘိုဒါ (Ed. Swoboda)က လှူဒါန်းပြီးဖြစ်၍ ကမ္ဘာတွင် ပိန်းနိုက်ကျောက် သုံးပွင့် ရှိလာသော ကာလ ဖြစ်ပါသည်။

၁၉၉၅ ခုနှစ်တွင် ကျွန်တော် မိုးကုတ်သို့ ဒုတိယအကြိမ် သွားခဲ့ပါ သည်။ ကျွန်တော် လိုက်ရှာနေသော ပိန်းနိုက်ကျောက်ကို ဓာတ်ပုံရိုက်ကာ မိုးအမာနှုန်း ၈ လောက်ရှိသည်ကို ရွာသားများအား ရှင်းပြခဲ့သည်။ မစ္စတာပိန်း စတင်တွေ့ရှိသော အုံးကိုင်းကျေးရွာအနီး၌ အထူးသဖြင့် ရှာဖွေစေခဲ့သည်။

၁၀နှစ်အတွင်း ကျွန်တော် မိုးကုတ်သို့အခေါက်၂၀ခန့် သွားသော် လည်း ပိန်းနိုက်ကျောက် တစ်ပွင့်မျှ မရရှိခဲ့ပါ။၂၀၀၁ ခုနှစ်တွင် ပိန်းနိုက်ကျောက်ဟု ဆိုသော ၅၅ ဂရမ်ရှိ ကျောက်အရိုင်း တစ်ပွင့် ကျွန်တော့်ထံ ရောက်လာသည်။ပြင်ပအသွင်အပြင် ကြည့်ရသည် မှာ ပိန်းနိုက်ကျောက်နှင့် တူသဖြင့် ဝယ်ခဲ့သည်။

နှစ် ၃၀ ခန့် မိတ်ဆွေဖြစ်သော ပညာရှင် ဒေါက်တာရိုစမင် (Dr. G. Rossmen)ထံ ပေးပို့ခဲ့ရာတွင် “ခင်ဗျားရဲ့ ကျောက်ထဲမှာ ကယ်လ်ဆီယမ်၊ ဇာလွန်နီယမ်နှင့် ဘိုဂွန်ဓာတ်တွေ တွေ့ရတယ်”ဟု ပညာရှင်ဆန်ဆန် ပြောခဲ့သည်။ကျွန်တော်၏ ကျောက်သည် ကျွန် တော်ရှာနေသော ပိန်းနိုက်ကျောက်ပင် ဖြစ်နေလေသည်။

နှစ်၃၀ကျော် ကြာခဲ့ပြီး ငွေများစွာ အကုန်အကျခံ ရှာဖွေပြီးနောက် ကမ္ဘာ့စတုတ္ထမြောက် ကျောက်ကို ကျွန်တော် ရရှိခဲ့ပြီဖြစ်သည်။ ထိုနှစ်၌ပင် မိတ်ဆွေကြီး ဒေါက်တာရိုးစမင်၊ အမေရိကန် သဘာဝ သမိုင်းပြတိုက်မှ ဒေါက်တာဟာရို (Dr. G. Harlow) တို့နှင့်အတူ မိုးကုတ်ကိုသွားရန် စီစဉ်ခဲ့ကြသည်။

သို့သော် ကျွန်တော်တို့ကို သွားခွင့် မပြုခဲ့ပါ။ဒေါက်တာရိုစမင်ကမူ ပညာရှိ ပီပီ ကျောက်အဖြုန်း တစ်ထုပ်လောက် ရအောင် ဝယ်ခဲ့သ ည်။ ပြီးနောက် အမေရိကန်သို့ ပြန်လာပြီး စမ်းကြည့်လိုက်တော့မှ အထဲမှ နှစ်ပွင့်မှာ ပိန်းနိုက်ကျောက်များ ဖြစ်နေသည်ကို တွေ့ရသည်။ ၎င်းမှာ မူလကျောက်ကို စတင်တွေ့ရှိခဲ့ရာ ဒေသမှ မိုင်ရာချီ ဝေးကွာသည့် ဒေသတွင် ပထမဦးစွာ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

မြန်မာတစ်ဦးကို ထိုဒေသသို့ ထပ်မံစေလွှတ်ပြီး စုဆောင်းစေရာ ပိန်းနိုက်ကျောက် အပိုင်းအစငယ်များကို ထပ်မံ တွေ့ရှိရ ပြန်ပါ သည်။၂၀၀၅ ခုနှစ်တွင် ပိန်းနိုက်ကျောက် ဖြစ်ပွားစေခဲ့သော ဘူမိဖြစ်စဉ်ကို သုတေသီတို့ သိရှိလာသည်။ မြန်မာလူငယ်အချို့၏ ကူညီမှုကြောင့် မိုးကုတ်မြို့ အနောက်ဘက် ၁၀ မိုင်ခန့်ကွာသော ဝက်လူးဒေသနှင့် သူရိယတောင် ဒေသများမှာလည်း ထပ်မံတွေ့ရှိလာပြန်ပါသည်။

ကမ္ဘာ့အရှားပါးဆုံး ကျောက်မျက်ကို အများဆုံး ပိုင်ဆိုင်သူမှာ ကျွန်တော် ဖြစ်လာပါသည်။ ရသမျှများကို စိတ်ဝင်စားသော လူများထံ (အထူးသဖြင့်) စမစ်ဆိုနီယမ်နှင့် အမေရိကန်ပြတိုက်သို့ ရောင်းချခဲ့ပါသည်။

Add a Comment

Your email address will not be published. Required fields are marked *