မန္တလေးအရိုးအထူးကုဆေးရုံအုပ်ကြီးကို အဂတိလိုက်စားမှုဖြင့် ထောင် (၄) နှစ်ချလိုက်ပြီ

မန္တလေးအရိုးအထူးကုဆေးရုံအုပ်ကြီးကို အဂတိလိုက်စားမှုဖြင့် ထောင် (၄) နှစ်ချလိုက်ပြီ

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မနဲ့ တရားစွဲဆိုခံထားရတဲ့ မန္တလေးမြို့ အရိုး အထူးကု ဆေးရုံကြီး (ခုတင် ၅၀၀) က ဆေးရုံအုပ်ကြီး ဒေါက်တာ ကြည်လွင်ကို မန္တလေးတိုင်း တရားလွှတ်တော် ကနေ အောက်တိုဘာ ၂၃ ရက်နေ့မှာ ထောင်ဒဏ် ၄ နှစ် ပြစ်ဒဏ် ချမှတ်လိုက် ပါတယ်။

အရိုးအထူးကုဆေးရုံဝင်းအတွင်း ယာဉ်ရပ်နားခ ကောက်ခံရေးလုပ်ငန်း တင်ဒါခေါ်ယူရာမှာ တင်ဒါရရှိအောင် ဆောင်ရွက်ပေးမယ်ဆိုပြီး ၂၀၁၇-၂၀၁၈ ခုနှစ်နဲ့ ၂၀၁၈-၂၀၁၉ ခုနှစ်က လုပ်ငန်းရှင် နှစ်ဦးထံကနေ ငွေကျပ် သိန်း ၃၀ စီ၊ ၂၀၁၉-၂၀၂၀ ခုနှစ်နဲ့ ၂၀၂၀-၂၀၂၁ ခုနှစ်က လုပ်ငန်းရှင် နှစ်ဦးထံကနေ ငွေကျပ် သိန်း ၄၀ စီ စုစုပေါင်း ငွေကျပ်သိန်း ၁၄၀ ကို တံစိုးလက်ဆောင် အဖြစ် လက်ခံ ရယူခဲ့တယ် ဆိုပြီး အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

အမှုနဲ့ပတ်သက်ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့က အမှတ် ၁၁ နယ်မြေရဲစခန်းမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ နဲ့ အမှုဖွင့်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် မန္တလေးတိုင်း ကုသရေး ဦးစီးဌာနခွဲ စာရေး ဦးအောင်ကျော်ဦးကိုလည်း အရိုး အထူးကု ဆေးရုံကြီးဝင်း အတွင်း စက် ဘီး/ဆိုင်ကယ်အပ်နှံခကောက်ခံတဲ့ လုပ်ငန်းနေရာ ၂ ခုအတွက် ၂၀၁၇-၂၀၁၉ ခုနှစ် တင်ဒါရရှိရေး ကူညီဆောင်ရွက်ပေးဖို့အတွက် ငွေကျပ် ၂ သိန်း၊ တင်ဒါ ကော်မတီဝင်တွေကို ကန်တော့ဖို့ဆိုပြီး ငွေကျပ် ၃ သိန်း၊

တင်ဒါ အောင်မြင်တဲ့သူဆီကနေ ငွေကျပ် ၇ သိန်းလောက် တန်ဖိုးရှိ Camera နဲ့ Laptopတို့ကို တံစိုးလက်ဆောင်အဖြစ် လက် ခံရယူခဲ့တာကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က တရားစွဲဆိုထားပါတယ်။

Tags: