TNLA က မူဆယ်မြို့ရှိ ဆောက်လက်စ ဟိုတယ်အား ၄၀ မမ လောင်ချာဖြင့် ပစ်ခတ်

TNLA က မူဆယ်မြို့ရှိ ဆောက်လက်စ ဟိုတယ်အား ၄၀ မမ လောင်ချာဖြင့် ပစ်ခတ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ စွမ်စော်ရပ်ကွက်အတွင်း ပန်ဆေးပြည် သူ့စစ်ဌာနေအဖွဲ့မှ ဆောက်လုပ်လျက်ရှိသည့် ဆောက်လုပ်ဆဲ ဟိုတယ်တစ်လုံးအား TNLA သောင်းကျန်းသူအဖွဲ့များက ဧပြီ ၂၃ ရက် ညပိုင်းတွင် ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် လာရောက် နှောင့်ယှက်ပစ်ခတ်ခဲ့သည်။

ဖြစ်စဉ်မှာ မူဆယ်-နမ့်ခမ်းသွားကားလမ်းမကြီးဘေးတွင် ဆောက်လုပ်လျက်ရှိသော ပန်ဆေးပြည်သူ့စစ်ဌာနေအဖွဲ့၏ ဆောက်လုပ်စ ဟိုတယ်လုပ်ငန်းခွင်နေရာ၏ အနောက်ဘက်မီတာ ၃၅၀ ခန့်အကွာ၊ စွမ်စော်ရပ်ကွက်အစွန်သို့ ယင်းနေ့ည ၈ နာရီခန့်တွင်

TNLA သောင်းကျန်းသူများက 4 Wheel မော်တော်ယာဉ် နက်ပြာရောင်ဖြင့် ရောက်ရှိလာခဲ့ပြီး ဟိုတယ်လုပ်ငန်းခွင် အတွင်းသို့ ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် ၃ ချက်ပစ်ခတ်ခဲ့ရာ ဟိုတယ်အုတ်နံရံကို တစ်လုံးထိမှန်ပေါက်ကွဲခဲ့သည်။

အဆိုပါ ပစ်ခတ်မှုကြောင့် အခြားထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် TNLA သောင်းကျန်းသူများအနေဖြင့် မူဆယ်မြို့အတွင်းရှိဒေသခံများ ဆက်ကြေးပေးရန် စာဖြင့်ဆက်သွယ်၍ အတင်းအဓမ္မ ဆက်ကြေးကောက်ခံခြင်းများပြုလုပ်ခဲ့ကြောင်းနှင့် မတ်လ ၁၅ ရက်တွင်လည်း ပန်ဆေးပြည်သူ့စစ်ဌာနေအဖွဲ့ထံသို့

တရုတ်ဖုန်းနံပါတ်ဖြင့် ဆက်သွယ်၍ TNLA အဖွဲ့မှဖြစ်ကြောင်းပြောဆိုကာ တရုတ်ယွမ် ၁၅ သိန်းအား ဆက်ကြေး အဖြစ်ပေးရန်တောင်းခဲ့ဖူးကြောင်း သိရှိရပြီး အဆိုပါဆက်ကြေးငွေများအား ပေးဆောင်ခြင်း မရှိသောကြောင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော် သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဖြစ်စဉ်နေရာတစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက နယ်မြေလုံခြုံရေး လုပ်ငန်းများနှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ (PM)